တရုတ်နိုင်ငံသို့ ပါကစ္စတန်မှ နှမ်းတင်ပို့မှု ၁၂၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံသို့ ပါကစ္စတန်မှ နှမ်းတင်ပို့မှု ၁၂၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံသို့ ပါကစ္စတန်မှ နှမ်းတင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာ အတွင်း အမေရိကန်ဒေါ်လာ ၂၉၀ သန်းကျော်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် တစ်နှစ်ထက်တစ်နှစ် ၁၂၆ဒသမ၂၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ပေကျင်းမြို့ရှိ ပါကစ္စတန်သံရုံးမှ ပြောကြားချက်အရ သိရှိရသည်။

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံမှ နှမ်း ၁၆၆,၆၈၂ဒသမ၉၈၇တန် တင်သွင်းခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် နှမ်း၈၄,၉၈၅ဒသမ၃၂တန် တင်သွင်းခဲ့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် ၉၆ဒသမ ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းလည်း သိရှိရပါသည်။

GACC ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂ဘီလီယံခန့်တန်ဖိုးရှိ နှမ်းတန်ချိန်၉၁၂,၈၁၄ ဒသမ ၅၇၇ခန့် တင်သွင်းခဲ့ကြောင်း၊ အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် နိုင်ဂျာနိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၀၉ ဒသမ ၅၁သန်း တန်ဖိုးရှိ နှမ်း ၁၉၂,၅၂၉တန် တင်ပို့ခဲ့ပြီး သုံးနှစ်ဆက်တိုက် တရုတ်နိုင်ငံသို့ နှမ်းတင်ပို့မှုတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိကြောင်း၊ ၎င်း၏ နောက်တွင် ပါကစ္စတန်သည် အမေရိကန်ဒေါ်လာ ၂၉၀ ဒသမ ၆၆ သန်းနှင့် တန်ဇန်းနီးယားသည် အမေရိကန်ဒေါ်လာ ၂၃၉ ဒသမ ၈၃သန်းဖြင့် အသီးသီး ရပ်တည်နေကြောင်းနှင့် ၂၀၂၃ခုနှစ်တွင် ပါကစ္စတန်သည် တရုတ်နိုင်ငံ၏ နှမ်းတင်သွင်းမှုစုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။

တရုတ်နိုင်ငံတွင် နှမ်းဝယ်လိုအား တိုးလာနေမှုကြောင့် China Machinery Engineering Corporation (CMEC)က ဦးဆောင်သော Sino-Pak Agricultural Cooperation and Exchange Centre သည် ပါကစ္စတန်တောင်သူများနှင့် ကန်ထရိုက်စိုက်ပျိုးရေးကို ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် ပါကစ္စတန်ရှိ Pak-China နှမ်းကန်ထရိုက်စိုက်ပျိုးရေးစီမံကိန်းတွင် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်သွားမည်ဖြစ်ပြီး

ယခုနှစ်အတွင်း အဆိုပါစီမံကိန်းမှ အနည်းဆုံး နှမ်းတန်ချိန် ၅၀၀၀တင်သွင်းရန် အစီအစဉ်ရှိသည်ဟု စီမံကိန်းမန်နေဂျာ Xi Jianlong က ပြောကြားခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်တွင် နှမ်းတန်ချိန် ၄၀၀တင်သွင်းခဲ့ပြီး ယခုနှစ်တွင် အနည်းဆုံးတန်ချိန် ၅၀၀၀ တင်သွင်းသွားရန် စီစဉ်ထားကြောင်း၊ ၂၀၂၃ ခုနှစ်ကုန်တွင် စီမံကိန်းမှ ပထမအသုတ်နှမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ နှမ်းတင်သွင်းမှုပမာဏသည် လွန်ခဲ့သည့် ၃နှစ်အတွင်း တန်ချိန် ၁ သန်း ခန့်ဖြင့် တည်ငြိမ်နေခဲ့ကြောင်း၊ ပါကစ္စတန်မှ နှမ်းများကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင် ပို့ရာတွင် ခန့်မှန်ခြေအားဖြင့် ၁၀ ရက်မှ ၁၅ ရက်အတွင်းသာ ကြာမြင့်သည်ဟု Xi က ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ နှမ်းစိုက်ဧရိယာသည် ဧက ၂၀၀,၀၀၀ သာရှိခဲ့သော် လည်း  ၂၀၂၃ ခုနှစ်တွင် ဧက ၁ သန်းအထိ တိုးလာခဲ့ကြောင်း၊ ဒေသခံတောင်သူများအတွက် စိုက် ပျိုးရေး အရင်းအမြစ်များနှင့် နည်းပညာဆိုင်ရာသင်တန်းများ ပံ့ပိုးပေးလျက်ရှိပြီး နှမ်းတစ်ဧက အထွက်နှုန်း သည် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါး တိုးလာကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်လက်များအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နှမ်းတင်သွင်းမှုကျဆင်းသွားပြီး ပါကစ္စတန်နှင့် အာဖရိကနိုင်ငံများမှ နှမ်းတင်သွင်းမှု သိသိသာသာတိုးတက်လာသည်ကို တွေ့ရှိရသဖြင့် ယခုနှစ် တွင် မြန်မာ့နှမ်းများ ဈေးကွက်ဝေစု ထိန်းသိမ်းထားနိုင်ရေးအတွက် ဈေးနှုန်းအရယှဉ်ပြိုင်နိုင်ရန် အလေးထားဆောင်ရွက်သင့်ကြောင်း သုံးသပ်တွေ့ရှိရသည်။

ကေခိုင်ကျော်၊ စီးပွားရေးသံမှူး
နန်နင်းမြို့                

Source: - https://tribune.com.pk/story/2457694/china-to-import-5000-tons-of-sesame-in-fy24 
-    https://tribune.com.pk/story/2456698/sesame-exports-to-china-surge-1263