သဘာဝကပေး အစာနှင့်ဆေး၊ ပြည်ပန်းညို

သဘာဝကပေး အစာနှင့်ဆေး၊ ပြည်ပန်းညို

ပြည်ပန်းညို

"ပန်းညို ချိုပါလျက် ဆားဖျက်လို့သက်”ဆိုသည့်စကားလေးနှင့်အတူ လူသိများပြီး အလွန်ဆေးဖက်ဝင်သော ပြည်ပန်းညိုကို ပြည်ပန်း‌ရွှေဟုလည်း လူသိများပြီး ယင်း၏  အင်္ဂလိပ်အမည်မှာ  Glaucous cassia, glossy shower, scrambled egg tree, glossy shower, golden Senna, glaucous Cassia, sunshine tree ဟု ခေါ်ဆိုကြသကဲ့သို့ bushy Cassia ဟုလည်း  ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ  Senna surattensis (Burm.f.) H.S. Irwin ဟုလည်း ခေါ်ဆိုကြပြီး မျိုးရင်း Fabaceae တွင် ပါဝင်၏။

ပြည်ပန်းညိုပင်သည် အရှေ့တောင်အာရှဒေသမှ စတင်ဖြစ်ထွန်းပြီး အပူပိုင်းနှင့် သမပိုင်းရာသီဥတုများတွင် သဘာဝအလျောက် အများဆုံးပေါက်ရောက်ကြ၏။ ထိုမှတစ်ဖန် သြစတေးလျ၊ ပိုလီနီးရှား၊ အာဖရိကနှင့် အနောက် အင်ဒိစ် နိုင်ငံများ အပါအဝင်  အထူးသဖြင့် အိန္ဒိယနှင့် သီရိလင်္ကာတို့တွင် ပေါက်ရောက်တတ်ပြီး အထူးသဖြင့် လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက် နမ် စသည့်နိုင်ငံများကိုလည်း မူလဇာတိရင်းမြစ်အဖြစ် စာရင်းသွင်းထား၏။ ဟာဝိုင်အီကျွန်း ၏ အချို့သော ကမ်းရိုးတန်းဒေသများနှင့် မီးတောင်ဒေသများတွင် ပေါက် ရောက်၏။ မြန်မာနိုင်ငံ၏ နေရာအနှံ့ အပြားတွင် သဘာဝအတိုင်း ပေါက် ရောက်‌တတ်သည့် အပင်မျိုးဖြစ်၏။ 

ပြည်ပန်းညိုပင်သည် အမြင့် ၇ ပေမှ ၉ ပေ ကျော်ထိ ရှင်သန်ကြီးထွားနိုင်သော အမြဲစိမ်းအပင်ငယ်မျိုးဖြစ်၏။ အကိုင်းအခက်များ ဝေဖြာပြီး တောက် ပြောင်သော အရောင်ရှိသည်။ အရွက်မှာ ရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲထွက်၏။ ၅ လက်မ ၉ လက်မထိ ရှည်၏။ ရွက်မြွှာများမှာ ရွက်ဆိုင်ထွက်ပြီး ထိပ်ဝိုင်း၏။ ရွက်ပြားချော၍ ရွက်နားညီ၏။ သေးငယ် သော ရွက်စွယ်ပါရှိ၏။ ပန်းပွင့်များမှာ ကြီးမားပြီး တောက်ပသော အဝါရောင် ရှိ၏။ ဝါဆို၊ ဝါခေါင်လတွင် ပွင့်လေ့ရှိ၏။ အသီးမှာ ပြားပြီး ပါး လှပ်ပြောင်ချောကာ သီးတောင့်ရှည်မျိုးဖြစ်၍ ၆ လက်မ ၈ လက်မ ထိ ရှည်၏။ အစေ့ ၂၀ မှ ၃၀ ထိ ပါရှိ၏။ အသီးညှာ ထင်ရှား၏။ တော်သလင်းမှ တန်ဆောင်မုန်းလအတွင်း သီး၏။  နွေရာသီတွင် ရွက်ဟောင်းများကြွေ ကျနိုင်၏။

ပြည်ပန်းညိုတွင် quercetin glucoside၊ kaempferol rutinoside၊ rutin နှင့် luteolin-7-glucoside ကဲ့သို့သော ဇီဝဒြပ်ပေါင်းများ၊ ပိုလီဖီနောလ် polyphenols မြင့်မားသော အာဟာရဓာတ်များနှင့် ဇီဝကမ္မဗေဒဆိုင်ရာ ဒြပ်ပေါင်းများစွာ ပါဝင်၏။ အပင်များမှ ရရှိသော သစ်စေး tannins၊ အယ်လ်ကာလွိုက်ဓာတ်များ alkaloids၊ ဖလေဗာနွိုက် flavonoids နှင့် အဆီ ဓာတ် fatty acids များအပြင် ကယ်လ်စီယမ်၊ ဆိုဒီယမ်နှင့် ဆာလဖာကဲ့သို့ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များလည်း ပါ၀င်၏။  ထို့အပြင် ပရိုတင်းဓာတ် ၉ ဒသမ ၇၆ ရာခိုင်နှုန်း၊ အဆီဓာတ် ၃ ဒသမ ၀၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၇ ဒသမ ၈၂ ရာခိုင်နှုန်း၊  ကာဘိုဟိုက်ဒရိတ် ၆၄ ဒသမ ၄၅ ရာခိုင်နှုန်း၊ ပြာဓာတ် ၆ ဒသမ ၈၃ ရာခိုင်နှုန်းတို့ ပါဝင်၏။

ပြည်ပန်းညိုတွင် ပိုလီဖီနောလ် နှင့် ဖလေဗာနွိုက်တို့ မြင့်မားစွာပါဝင်ခြင်းကြောင့် ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်စွမ်း၊ မှိုရောဂါများကို ဆန့်ကျင်နိုင်စွမ်း ရှိပြီး  သွေးအတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ ဆီးချိုရောဂါကို ဟန့် တားစေနိုင်ခြင်း၊ ကိုက်ခဲဖျားနာခြင်းကို သက်သာစေနိုင်ခြင်း၊ ကိုယ်တွင်း ရောင်ရမ်းနာကျင်ခြင်းကို သက်သာစေနိုင်ခြင်း၊ အသည်းနှင့်ပတ်သက်သောရောဂါများကို ဟန့်တားပေးနိုင်ခြင်း၊ အစရှိသည့် အကျိုးကျေးဇူးကောင်းများ ပေးစွမ်းနိုင်၏။

ရိုးရာတိုင်းရင်းဆေးပညာရပ်အရ ပြည်ပန်းညိုပင်ကို ဆီးရွှင်ဆေး၊ ဝမ်းပျော့ဆေး၊ ငှက်ဖျားရောဂါ၊ ဗဟိုအာရုံကြော စနစ်ကျန်းမာရေး၊ ဆီးချို ရောဂါ၊ အရေပြားရောဂါများနှင့် အဖျားပျောက်ဆေး၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ချောင်းဆိုးခြင်းတို့အတွက် ဆေးအဖြစ် အသုံးပြုကြ၏။

အာယုဗေဒဆေးပညာရပ်အရ ပြည်ပန်းညိုအရွက်ကို ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ ခေါင်းကိုက် ခြင်းနှင့် စိတ်ဖိစီးခြင်း၊ အမျက်ဒေါသကြီးခြင်းတို့အတွက် ဆေးအဖြစ် အသုံးပြု၏။ ထို့အပြင် အရေပြားရောဂါများဖြစ်သော ယားယံခြင်း၊  ဝဲနာနှင့် ယားယံခြင်း အစရှိသည့် အရေပြားရောဂါများကို သက်သာစေရန်အတွက် အသုံးပြုကြ၏။ ဆီးပူ ညောင်းကျဖြစ်ခြင်း၊ ဂနိုကာလ သားရောဂါဖြစ်ခြင်းနှင့် ဝမ်းကိုက်ခြင်းတို့အတွက် အရွက်နှင့် ပန်းပွင့်များကို ဆေးအဖြစ် အသုံးပြုကြ၏။

ပြည်ပန်းညိုအရွက်ကို ကြိတ်ပြီးရရှိလာသည့်အရည်ကို ကလေးများအတွက် အပျော့စား ပိုးသတ်ဆေးအဖြစ် အသုံးပြုကြသကဲ့သို့ သန္ဓေတားဆေးအဖြစ် အသုံးပြုကြ၏။ မေးခိုင်ရောဂါအတွက်လည်း ဆေးအဖြစ် အသုံးပြုကြ၏။

ပြည်ပန်းညိုကို အိမ်တိုင်းခြံတိုင်းတွင် စိုက်ပျိုးလေ့ရှိကြ၏။ ဆေးဖက် ဝင်ခြင်း၊ အမြင်အာရုံကို ပသာဒ ဖြစ်စေခြင်း တို့အပြင်  ဟင်းသီးဟင်းရွက်အဖြစ် ချက်ပြုတ်စားသုံးနိုင်သည့် အတွက် စားသုံးလိုသည့်အချိန် အလွယ်တကူ ခူးဆွတ် ပြင်ဆင်လိုက်ရုံပင်။

  • ပြည်ပန်းညိုပင်၏ အညွန့်၊ အရွက်နုလေးများကို အစိမ်းအတိုင်းဖြစ်စေ၊ ရေနွေးဖျောပြီးဖြစ်စေ၊ မန်ကျည်းမှည့်နှင့် ပြုတ်ပြီးဖြစ်စေ ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊ ခရမ်း ချဥ်သီးထောင်း၊ ခရမ်းချဥ်သီးပန်ထွေ ဖျော်၊ ငရုတ်သီးထောင်း၊ ငါးပိချက် အစရှိသည်တို့နှင့်တွဲဖက်ကာ တို့စရာအဖြစ် စားသုံးတတ်ကြ၏။  

  • ပြည်ပန်းညိုပင်၏ အညွန့်ရွက်နုကို ပဲဟင်းချိုထဲ ခပ်ထည့်ကာ အရည် သောက်ဟင်းလေးတစ်ခွက်ကောင်းကောင်း ရနိုင်၏။

  • ငါးကျည်းကျပ်တိုက်၊ ပုစွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းတို့ဖြင့် ချက်ထားသည့် အနံ့အရသာ ပြည့်စုံလှသည့် ဟင်းခါးရည်အိုးထဲ ခြံ စည်းရိုးပင်များဟု တင်စားခေါ်ဝေါ်ကြသည့် ပြည်ပန်းညိုရွက်ညွန့်၊ ခွေးတောက်ရွက်၊ ဥသျှစ်ရွက်၊ ကျီးအာရွက်၊ ဒန့်သလွန်ရွက်၊ ဂုံရွက်၊ ကင်းပုံရွက်၊ ဆူးပုပ်ရွက်တို့ကို ခပ်ပြီး အရသာရှိလှသည့် ရွက်စုံဟင်းချိုလေးရပါပြီ။  ငါးဖယ်အောင်း ငပိကောင်ကြော်လေးကို ဖဲ့ကာ အပေါ်မှ သံပရာရည်လေးဆမ်း၊ ငရုတ်သီး‌ ခြောက်တောင့်လုံးကြော် ကြွတ်ကြွတ် လေးကိုကိုက်၊ ရွက်စုံဟင်းချိုလေးသောက်နှင့် အလွန်ပင် ထမင်းမြိန်စေ၏။  

  • ပြည်ပန်းညိုပင်၏ အညွန့်ရွက်နုလေးများကို ရေနွေးဖျောပြီး ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဆား၊ ဟင်းခပ်မှုန့်အနည်းငယ်၊ ပုစွန်‌‌ခြောက်   မှုန့်၊ ကြက်သွန်နီဆီချက်တို့နှင့် သမအောင် ရောနယ်ပေးပါ။ အနံ့အရသာနှင့် ပြည့်စုံပြီး ဟင်းအမယ်တိုးစေပြီး ဆေးဖက်ဝင်လှသည့်  ပြည်ပန်းညိုရွက်သုပ်လေး ရပါပြီရှင်။ 

  • ပြည်ပန်းညိုရွက်ညွန့်နုလေးများကို ဟင်းချိုချက်ပြီး ‌ရှောက်သီးသုပ်လေးနှင့်အတူ တွဲဖက်စားသုံးလျှင်ဖြင့် ဆောင်းရာသီချိန်ခါ၏ အအေးဓာတ်ကို နွေးစေသည့် အတွဲအဖက်ကောင်းလေးဖြစ်စေ၏။

ပြည်ပန်းညိုပင်၏ ဆေးဖက်ဝင်မှုနှင့် ပန်းပွင့်လေးများ၏ လှသွေးကြွယ်မှုကြောင့် ပန်းခြံများ၊ ဘုရားကျောင်း ဝင်း၊ အိမ်ခြံဝင်းများတွင် အလှစိုက်ပင်များအဖြစ်စိုက်ပျိုးလာကြ၏။ အရှေ့တောင်အာရှနိုင်ငံများတွင် ပြည်ပန်းညို၏ အညွန့်ရွက်နုလေးများကို ဟင်းရွက်ဟင်းသီးအဖြစ် ပြင်ဆင်စားသုံးကြ၏။ ဖိလစ်ပိုင်တွင် ပြည်ပန်းညိုပင်ကို ကျွန်း စိုက်ခင်းများတွင် အရိပ်ရအပင်နှင့် လေကာအပင်အဖြစ် စိုက်ပျိုး ကြ၏။  

ရာသီချိန်ခါနှင့်အညီ သဘာ၀ တရားမှပေးသည့် လက်ဆောင်မွန် ပြည်ပန်းညိုပင်မှ ရရှိသည့် အစိတ် အပိုင်းများကို အမြတ်တနိုးတန်ဖိုးထားပြီး ‌ဒေသအလိုက် မတူညီကွဲပြား သည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျ စရိတ်သက်သာစေပြီး ကျန်းမာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့ နိုင်ငံ၏ ဂေဟစနစ်‌ကောင်းမွန်ရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများထွန်းကား ရေးတို့ကို ရိုးရာယဥ်ကျေးမှုဓလေ့ ထုံးတမ်း များနှင့်အညီ ထိန်းသိမ်းစေနိုင်မည်ဖြစ်၏။

ကြေးမုံငယ်