၂၁ ကြိမ်မြောက် အာဆီယံဟာလာအစားအစာဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ် ၂၇
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသော ၂၁ ကြိမ်မြောက် အာဆီယံ ဟာလာ အစားအစာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း အဝေး (21st Meeting of the ASEAN Working Group on Halal Food)ကို ဩဂုတ်၂၇ ရက်နေ့ နံနက် ၈ နာရီခွဲက Virtual စနစ်ဖြင့်ကျင်းပရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စီမံကိန်းဦးစီးဌာန မှတာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီ (နေပြည်တော်နှင့် ရန်ကုန်) မှ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံများဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးမင်းထွန်းက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
အစည်းအဝေးတွင် အာဆီယံဟာလာအစားအစာ ပူးပေါင်းဆောင် ရွက်မှုလုပ်ငန်းအစီအစဉ် (၂၀၂၁- ၂၀၂၅) အရ ဟာလာအစားအစာများအတွက် အာဆီယံအဆင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း၊ တရားဝင်အသိအမှတ်ပြုခြင်း အစီအစဉ်ဆိုင်ရာ စီမံချက်အဆိုပြုလွှာ၏ တိုးတက်မှု အခြေအနေ၊ ဟာလာအစားအစာများတွင် အနံ့၊ အရသာအတွက် ထည့် ရသော ပစ္စည်းများအား မှတ်ပုံတင်ခြင်းနှင့် အာဆီယံဟာလာ အစား အစာ website တည်ထောင်ထားမှုဆိုင်ရာ လုပ်ငန်း တိုးတက်မှု အခြေ အနေများ၊ အာဆီယံ ဟာလာအစားအစာဆိုင်ရာ အထွေထွေလမ်းညွှန်ချက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ရင်းနှီးချစ်ကြည်စွာ ညှိနှိုင်းဆွေးနွေးသဘော တူ ခဲ့ကြသည်။
အာဆီယံဟာလာအစားအစာဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ၂၀၀၀ ခုနှစ်တွင် အာဆီယံအတွင်း ဟာလာအစားအစာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ အာဆီယံစိုက်ပျိုးရေးနှင့်သစ်တောဝန်ကြီးများ အစည်းအဝေး (AMAF) အောက်တွင် တည်ထောင်ဖွဲ့စည်းခဲ့ကာ လုပ်ငန်းအဖွဲ့အစည်းအဝေးများကို နှစ်စဉ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၁၁ ကြိမ်မြောက် အာဆီယံဟာလာအစားအစာဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၂၁ ကြိမ်မြောက် အာဆီယံဟာလာ အစားအစာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးကို အိမ်ရှင်အနေဖြင့် ဒုတိယအကြိမ်မြောက် လက်ခံ ကျင်းပ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
MOALI