မိသားစုဝင်ငွေတိုးစေဖို့ သေချာပြီး ရေရှည်အကျိုးရှိသော နို့စားကျွဲ မွေးမြူကြစို့

ကျွန်တော်တို့နိုင်ငံမှာ နို့နှင့် နို့ထွက်ပစ္စည်းများ မလုံလောက်တဲ့အတွက် နို့ဆီ၊ နို့မှုန့်၊ နို့စိမ်းနှင့်အသင့်သုံး နို့ထွက်ပစ္စည်းများ စတဲ့ နို့ထွက်ပစ္စည်းများကိုပြည်ပမှ နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ ဖိုးခန့် တင်သွင်းနေရပါတယ်။ ပြည်တွင်းမှ ထုတ်လုပ်သော နို့ထွက်ပစ္စည်းများရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းကလည်း ပြည်ပက တင်သွင်းတဲ့ ပစ္စည်းတွေကို ယှဉ်ပြိုင်နေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် အရည်အသွေးကောင်းမွန်တဲ့ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖို့၊ ပြည်တွင်းစားသုံးမှုဖူလုံဖို့ နဲ့ ပြည်ပမှတင်သွင်းရတဲ့ နို့ထွက်ပစ္စည်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဘို့ နို့စားနွားနဲ့နို့စားကျွဲများ တိုးချဲ့မွေးမြူရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်။
နို့နှင့်နို့ထွက်ပစ္စည်းများကို နွားနို့ နှင့် ကျွဲနို့ ကနေ ထုတ်လုပ်ပါတယ်။ နိုင်ငံတကာ စံနှုန်းအရဆိုရင် နို့စား နွားမတစ်ကောင်ဟာ တစ်ရက်ကို နွားနို့ ၁၈ ပိဿာ ခန့် နို့ထွက်နိုင်ပြီး နို့စားကျွဲမ တစ်ကောင်ဟာ ၁၂ ပိဿာခန့် နို့ထွက်နိုင်ပါတယ်။ ကျွဲနို့သည် နွားနို့ထက် အဆီနှင့် အာဟာရပါဝင်မှု မြင့်မားပါတယ်။ ကျွဲဟာ အရေခွံထူပြီး အမွေးကျဲတယ်၊ အရေပြားမှာ ချွေးထွက်ရန်အပေါက် အရေအတွက် နည်းတဲ့အတွက် အပူဒဏ်ခံနိုင်မှု အားနည်း ပါတယ်။ နို့စားကျွဲမျိုးဟာ နို့စားနွားမျိုးထက် ရာသီဥတုဒဏ်ကိုခံနိုင် ရည်ရှိခြင်း၊ အစာကြမ်း မျိုးစုံကို စားနိုင်ခြင်း၊ ရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပါးခြင်း တို့ကြောင့် နို့စားကျွဲ မွေးမြူခြင်းကနေ သေချာသော အကျိုး အမြတ် ရရှိရေးကို မျှော်မှန်းနိုင်ပါတယ်။ သို့သော်လည်း စနစ်တကျ မွေးမြူရန်လိုအပ်ပါတယ်။ ကမ္ဘာမှာ ကျွဲစုစုပေါင်း ၂၀ ဘီလီယံကျော်ရှိပြီး ၃၆ ရာခိုင်နှုန်းခန့်သည် နို့စားကျွဲများဖြစ်ပါတယ်။ ကမ္ဘာ့ နို့စားသုံးမှု စုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းဟာ ကျွဲနို့ ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံမှာ နို့စားကျွဲ ၁၁ ဘီလီယံခန့် ရှိပါတယ်။ ကမ္ဘာမှာ နို့စားကျွဲ အများဆုံးရှိရာဒေသဖြစ်သလိုကျွဲနို့စားသုံးမှု အများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ နွားနို့နဲကျွဲနို့မှာ ကွာခြားချက်များရှိပါတယ်။
မြန်မာနိုင်ငံတွင်းနို့စားကျွဲမွေးမြူရာဒေသများ
ကျွဲများဟာ ရာသီဥတုဒဏ်၊ အစာကြမ်းဒဏ်ခံနိုင်တာဖြစ်လို့ နေရာတော်တော်များများမှာ မွေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကျွဲစုစုပေါင်း ၁ ဒသမ ၆ သန်းခန့်ရှိပါတယ်။ ခိုင်းကျွဲ ၁ ဒသမ ၅၉ သန်းရှိပြီး နို့စားကျွဲကောင်ရေကတော့ သုညဒသမ ၀၁၂ သန်း ရှိပါတယ်။ စားသုံးသူဈေးကွက်ရှိတဲ့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးမှာ နို့စားကျွဲအများဆုံးမွေးမြူကြပါတယ်။ ရန်ကုန်တစ်ဝိုက်တွင် နို့စားကျွဲ ကောင်ရေ ၂၂၀၀ ကျော်ရှိပြီး ပဲခူးတိုင်း အတွင်းမှာ နို့စားကျွဲ ကောင်ရေ ၁၃၀၀ ကျော်ရှိပါတယ်။ နေပြည်တော်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း နို့စားကျွဲ မွေးမြူထုတ်လုပ်နိုင်ဖို့အတွက် သဘာဝနဲ့ ပတ်ဝန်ကျင်အခြေခံကောင်း များရှိပါတယ်။ ကျွဲနို့ဈေးက နွားနို့ဈေးထက်ပို မြင့်ပါတယ်၊ ဈေးကွက်လည်း ဒေသအလိုက် ရှိပါတယ်။ နို့ချဉ်၊ ထောပတ်၊ ရေခဲမုန့်လုပ်ငန်းတွေမှာ သုံးစွဲပါတယ်။နို့စားနွားနဲ့မတူတာက မွေးမြူ ရတာ လွယ်ကူပြီး ကွင်းစာကို အခြေခံတာရယ်၊ တောင်သူလုပ်ငန်းထက် ပိုပြီးအကျိုး အမြတ် သေချာတာရယ်ကြောင့် မွေးမြူကြတာဖြစ်ပါတယ်။ ထုတ်လူပ်မှု ကုန်ကျစရိတ် နည်းပါတယ်။ ကွင်းစာ မရလို့ မွေးမြူရေးရပ်သွားသူတွေလည်း ရှိပါတယ်။ နို့ထွက်ကောင်းတဲ့ ကျွဲတွေကိုတော့ ကွင်းစာ အပြင် ပဲနှစ်-ပဲခွံ- ဘီယာဖတ် စသည်ဖြင့် အပိုဆောင်း ကျွေးကြပါတယ်။ ရန်ကုန်တိုင်း အတွင်းမှာကွင်းစားကျက်များ တဖြည်းဖြည်း နည်းလာတာကြောင့် စားကျက်ရှိရာ နေရာကို ပြောင်းရွှေ့ မွေးမြူကြပါတယ်။ ကွင်းစားကျက် နည်းလာလေလေ နို့စားကျွဲ မွေးမြူ ရေး နည်းလာလေလေ ဖြစ်လာပါတယ်။ သို့သော်လည်း ယခုထိတော့ မွေးမြူသူတွေအတွက် အကျိုးအမြတ် သေချာတဲ့လုပ်ငန်း ဖြစ်နေတုန်းပါဘဲ။
ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးမှာ နို့စားကျွဲများကို ဘင်္ဂလားကျွဲ လို့ခေါ်ပါတယ်။ အိန္ဒိယနို့စားကျွဲ မူရာ အစပ်မျိုးများဖြစ်ပါတယ်။ နို့စားကျွဲ ၁၅ ကောင်မှ အကောင် ၂၀ ခန့်မွေးခြင်းဖြင့် မိသားစု စားဝတ်နေရေး လုံလောက်ပါတယ်။ တစ်ကောင်ကို ၄ ပိဿာ ကနေ ၇ ပိသာ ထိ နို့ထွက်ပါတယ်။ မိသားစု လုပ်ငန်းဖြစ်ပြီး ကွင်းစာလွှတ် ကျောင်းတဲ့ စနစ်ဖြစ်ပါတယ်။ အစာ သီးခြားကျွေးတာ အနည်းငယ်သာရှိပါတယ်။ နို့ကို လည်း နို့ဈေးမှာ ရောင်းတာဖြစ်ပါတယ်။ ရန်ကုန်မှာတော့ အင်းစိန် နို့ဈေးနဲ့ ကြည်မြင်တိုင် နို့ဈေးမှာ ရောင်းကြရပါတယ်။ နို့ချဉ်၊ ရေခဲမုန့်၊ ထောပတ် လုပ်ငန်း များကိုလည်း တိုက်ရိုက် ရောင်းကြပါတယ်။ ရာသီအလိုက် နို့ဈေးအပြောင်းအလဲရှိပါတယ်။ တစ်ပိဿာ ၆၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိပါတယ်။ အခြေခံဈေးနှုန်းကတော့ တစ်ပိဿာ ၆၀၀၀ ကျပ်ဖြစ်ပါတယ်။
အခြားမွေးမြူရန်ကောင်းတဲ့ဒေသတွေကတော့ နေပြည်တော်နယ်မြေနဲ့ ရှမ်းပြည်နယ် ဖြစ်ပါတယ်၊ နေရာတော်တော်များများမှ ကွင်းစာ ရနိုင်ပါသေးတယ်။ နေပြည်တော်တဝိုက် မှာဆိုရင် ကျွဲမျိုးကောင်းများ ရှိပါတယ်၊ တစ်ချိန်က သစ်ဆွဲရာမှာ သုံးတဲ့ သစ်ဆွဲကျွဲမျိုးတွေ ဆိုရင် ပထမတန်းစားခိုင်းကျွဲမျိုးတွေ ဖြစ်ပါတယ်၊ ရေထဲမှာ ကြာကြာငုပ်ပြီး မြုပ်နေတဲ့သစ်ကိုဆွဲထုတ်နိုင်ပါတယ်။ ကြွက်သားအခြေခံ တည်ဆောက်တဲ့ ကျွဲမျိုးဖြစ်ပါတယ်။ အခြားကျွဲများထက်ဈေးလည်းကြီးပါတယ်။ နို့စားကျွဲဖြစ်ထွန်းနိုင်တဲ့နေရာလည်း ဖြစ်ပါတယ်၊ ဈေးကွက် ရှိမယ်ဆိုရင် သေချာပေါက် အောင်မြင်နိုင်မှာဖြစ်ပါတယ်။
ကျွဲဈေးနှုန်း - ကျွဲများကို နွားပွဲဈေးများတွင် ဝယ်ယူခြင်း၊ ကျေးရွာများတွင် လိုက်လံစုဆောင်းဝယ်ယူခြင်းဖြင့် ရရှိနိုင်ပါတယ်။ ယနေ့ခေတ်မှာ ခိုင်ကျွဲကောင်း တစ်ကောင်လျှင် ၄၀ သိန်းခန့်တန်ဖိုး ရှိပါတယ်။ နို့ထွက်ကောင်းတဲ့ နို့စားကျွဲ တစ်ကောင်ဆိုရင်လည်း ၄၀ သိန်းခန့် တန်ဖိုး ရှိပါတယ်။ အရည်အသွေးအလိုက် ဈေးနှုန်းကွာခြားမှု ရှိပါတယ်။
နို့ဈေးနှုန်း - နွားနို့ ရဲ့အခြေခံဈေးက တစ်ပိဿာ ၃၅၀၀ ကျပ် ရှိပါတယ်၊ နို့ဆီချက်စက်ရုံများ က ပေးတဲ့ဈေးဖြစ်ပါတယ်-နို့အရည်အသွေးအလိုက် တစ်ပိဿာ ၁၀၀၀၀ ကျပ် ခန့်အထိ ဈေးကွက် ရှိပါတယ်။ ကျွဲနို့ဈေးကတော့ သီးခြားဈေးဖြစ်ပါတယ်။ အခြေခံဈေးအနေနဲ့ တစ်ပိဿာ ၆၀၀၀ ကျပ် ကနေ ၁၂၀၀၀ ကျပ် ထိရှိပါတယ် - ဒိန်ချဉ်၊ ထောပတ်နဲ့ ရေခဲမုန့်လုပ်ငန်းတွေမှာ အသုံးများပါတယ်။ ဒါကြောင့် ရန်ကုန်တစ်ဝိုက်မှာ ကျွဲနို့အများဆုံးအသုံးပြုပါတယ်။ ကျွဲနို့ဟာ အဆီနဲ့ အသားဓာတ်များတာကြောင့် နို့ဆီ၊ နို့စိမ်း၊ ဒိန်ခဲ၊ ထောပတ်၊ နို့မှုန့် ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။
နို့စားကျွဲမွေးမြူရေး ဖွံ့ဖြိုးရေး အတွက် အောက်ပါ အခြေအနေများ ဆောင်ရွက်ရန် လိုအပ်ပါတယ်-
မျိုးမြှင့်တင်ခြင်း - ပြည်တွင်းမှာ နို့စားကျွဲမျိုးကောင်းမျိုးသန့်များရရှိနိုင်ဖို့ ခက်ခဲတဲ့အတွက် မျိုးကောင်းများရရှိရေး ဆောင်ရွက်ရန် အရေး ကြီးပါတယ်။ ပြည်တွင်းနို့စားကျွဲ မျိုးကောင်း များ၊ နို့စားကျွဲမ မျိုးကောင်းများ ရွေးချယ်ပြီး မျိုးမြှင့် သားစပ်ခြင်း ဆောင်ရွက်ရန်လည်း လိုအပ်ပါတယ်။ ပြည်ပမှ မျိုးသန့် နို့စားကျွဲမျိုးရည်ခဲချောင်းကို အသုံးပြုပြီး မေထုန်မဲ့သားစပ်ပြီး မျိုးမြှင့်ခြင်းလည်း
ဆောင်ရွက်ရန်လိုအပ် ပါတယ်။အစာ - မြိုပြများတိုးချဲ့လျက်ရှိသော ယနေ့ခတ်ကာလမှာ ကွင်းစာ ရရှိရေးဟာ ရေရှည် အတွက် မသေချာတော့ပါဘူး။ ဒါ့ကြောင့် အစာစိုက်ပျိုးပြီး ရိတ်သိမ်းကျွေးသောစနစ်ကို ဆောင်ရွက်ရန် လိုအပ်ပါတယ်။ စားကျက်မြက် (နေပီယာမြက်၊ ဒက်စမန်းသတ်မြက်၊ ဂီနီမြက်) များ ကို ရနိုင်သမျှမြေတွင်စိုက်ပျိုး ရပါမယ်။ ရိပ်သိမ်းကျွေးရပါမယ်။ စိုက်ပျိုးရေး ဘေးထွက်များဖြစ်တဲ့ ကောက်ရိုးနှင့်ပဲရိုးများ စသည်များကို (ရေမစိုရန်၊ မှိုမတက်ရန်) စနစ်တကျ သိုလှောင် ကျွေးမွေးရန် လိုအပ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု - ကျွဲများသည် ရောဂါဒဏ်နဲ့ ရာသီဉတုဒဏ် ခံနိုင်သည် ဆိုသော်လည်း ရောဂါကာကွယ်ခြင်း ဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဒေသအလိုက် ဖြစ် တတ်တဲ့ ရောဂါတွေ ရှိပါတယ်။ ရောဂါ ဖြစ်ပွားပါကလည်း အချိန်နှင့်တစ်ပြေးညီ ကုသခြင်း ဆောင်ရွက်ရန် လိုအပ် ပါတယ်။
နို့ကောက်စနစ်-တစ်ဦးချင်း နို့ညှစ်- နို့ပို့-နို့ရောင်းစနစ်မှသည် အစုအဖွဲ့ဖြင့် ဆောင်ရွက်သည့် စနစ် လိုအပ်ပါတယ်။ အစုအဖွဲ့ဖြင့် နို့သယ်ခြင်း၊ နို့စစ်ဆေးခြင်း၊ နို့ဈေးကွက် ရှာဖွေခြင်း ဆောင်ရွက်ရပါမယ်။ နို့ကောက်ယူသည့်စနစ် (Milk Collection Centre) တည်ထောင်ရန်လည်း လိုအပ်ပါတယ်။ နို့အရည်အသွေးထိန်းသိမ်းရန်အတွက် နို့စစ်ဆေး ခြင်း နှင့် အအေးခံခြင်းနှင့် သယ်ယူခြင်း စနစ်များကိုလည်း ဆောင်ရွက်ရန် လိုအပ်ပါတယ်။
ဈေးကွက်ချိတ်ဆက်မှု- နို့အရည် အသွေးကိုအခြေခံပြီး ဈေးနှုန်းသတ်မှတ်ရပါမယ်။ ဈေးကွက် လိုအပ်ချက်နှင့်အညီ အရည်အသွေးမြှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရပါမယ်။
နို့ထွက်ပစ္စည်း တိုးတက်ထုတ်လုပ်ရေးဟာ နိုင်ငံအတွက် လိုအပ်နေတဲ့ စီးပွားရေး လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ နို့စားကျွဲ မွေးမြူရေးသည် မိသားစု ရင်းနှီးမြှုပ်နှံသော လုပ်ငန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနိုင်တဲ့ စီးပွားဖြစ်လုပ်ငန်း ဖြစ်ပါတယ်။ ကျွဲမွေးမြူသူများ အနေနဲ့ အစုအဖွဲ့ဖွဲ့ပြီး နို့ကောက် စခန်းထူထောင်ခြင်း၊ နို့ ထွက်ပစ္စည်း ထုတ်လုပ်ခြင်း၊ မျိုးမြှင့်တင်ခြင်း၊နို့အရည်အသွေး ထိန်းသိမ်း ခြင်း၊ ဈေးကွက် ပို့ဆောင်ခြင်း စတဲ့အခြေခံ အချက်များ စုစည်းဖြေရှင်းရန် လိုအပ်ပါတယ်။ ဒီလို ဆောင် ရွက်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးလာစေပြီး ရေရှည်တည်တံ့သော ခိုင်မာသည့် လုပ်ငန်းဖြစ် လာပါလိမ့်မည်။ နို့အရည်အသွေးအလိုက် နို့ဈေးနှုန်းသတ်မှတ်နိုင်ခြင်း၊ နို့ပြုပြင် ခြင်း၊ ဈေးကွက် ချိတ်ဆက်ခြင်း၊ အစာကျွေးနည်းစနစ်များ ပိုမိုဆောင် ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ နို့စားကျွဲ မျိုးကောင်း မွေးမြူခြင်း၊ အစာ ကျွေးမွေးမှုဆိုင်ရာ နည်းပညာများ လည်း ရရှိလာမည် ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ သေချာ၍ ရေရှည်အကျိုးအမြတ်ရှိသော နို့စားကျွဲမွေးမြူရေးလုပ်ငန်းသည် “မိသားစုတစ်ပိုင် တစ်နိုင်မှသည် အစုအဖွဲ့နဲ့ ဆောင်ရွက်ရန် အချိန်ရောက်လာပါပြီ- အမြန်ဆောင်ရွက်ကြပါစို့” လို့ တိုက်တွန်းလိုက်ရပါတယ်။
ရဲထွန်းဝင်း