စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၃)

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၃)

CAAS
စိုက်ပျိုးမွေးမြူရေး/သုတေသနကောင်စီ(Agricultural Council/Council of Agricultural Research)

ဒီတစ်ခါတော့ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကအားထားရသောနိုင်ငံဖြစ်ပါလျက် ဆေးကောင်စီ၊ စာရင်းအင်းကောင်စီ၊ အင်ဂျင်နီယာကောင်စီများကဲ့သို့ နိုင်ငံတော် အမျိုးသားအဆင့်စိုက်ပျိုးမွေးမြူရေးကောင်စီ မရှိသေးခြင်းသည် လိုအပ်ချက် တစ်ရပ်ဖြစ်ကြောင်း ဆွေးနွေးလိုပါသည်။ 

“နိုင်ငံတစ်ခုအတွင်း သီးခြားကွဲပြားသည့် စိုက်ပျိုးရေးသုတေသနအဖွဲ့/ကောင်စီ (Agricultural Council/Council of Agricultural Research)” တစ်ခုတည်ထောင်ထားခြင်း၏ အရေးပါမှုနှင့် ကမ္ဘာ့အဆင့်မီ တချို့သော အဖွဲ့အစည်းများအကြောင်းကို ဆက်လက် ဆွေးနွေးပါမည်။

ကမ္ဘာတစ်ဝန်းမှ အမျိုးသားအဆင့်စိုက်ပျိုးရေးသုတေသနအဖွဲ့/ကောင်စီများ
(က) အမျိုးသားအဆင့်စိုက်ပျိုးရေးသုတေသနအဖွဲ့ကောင်စီ၊ အိန္ဒိယ (ICAR – Indian Council of Agricultural Research)

အိန္ဒိယနိုင်ငံတွင် ၁၉၂၉ ခုနှစ် ကတည်းကစတင်တည်ထောင်ခဲ့ပြီး နယူးဒေလီမြို့တွင် ရုံးချုပ်ရှိသည်။  တက်ကြွစွာဖြင့်နိုင်ငံ၏ စိုက်ပျိုးမွေးမြူ ရေး သုတေသန၊ တောင်သူပညာပေး နှင့် အဆင့်မြင့်ပညာရေးလုပ်ငန်းများကို စုပေါင်းညှိနှိုင်းမှုဖြင့်ဆောင်ရွက်သည်။ တစ်နိုင်ငံလုံး စိုက်ပျိုးမွေးမြူရေး တက္ကသိုလ် (၇၄) ကျောင်း နှင့် စိုက်ပျိုးမွေးမြူရေး သုတေသနဌာနပေါင်း (၁၀၀+)နှင့် အထက်တို့ကို စီမံအုပ်ချုပ်ခြင်း၊ ဥပမာ-အသစ်တီထွင်ထားသောသီးနှံမျိုးကောင်း များ၊ မွေးမြူရေး တိရစ္ဆာန်မျိုးကောင်းများ၊ ကောင်းမွန်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်း စနစ်များဖွံ့ဖြိုးခြင်း၊ ခရိုင်/ မြို့နယ်တောင်သူပညာပေးလုပ်ငန်း ရုံးများ (KVKs – Krishi Vigyan kendra Centres)" များမှတစ်ဆင့် တောင်သူ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နေပါသည်။ 

(မှတ်ချက် - KVK သည် ဌာနပေါင်းစုံတစ်နေရာတည်း- One stop service ဆောင်ရွက်နေ သော အောင်မြင်နေသည့် တောင်သူပညာပေးလုပ်ငန်း ဖြစ်ပါသည်။ အိန္ဒိယတစ်နိုင်ငံလုံး KVK Centres ပေါင်း ၇၃၁ ခုရှိပြီး ထူးခြားသည်က ပြည်နယ် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ် များက ၄၅၈ ရုံး၊ ဗဟိုအစိုးရစိုက်ပျိုးမွေးမြူရေးတက္ကသိုလ် များက ၁၈-ရုံး၊ စိုက်ပျိုးမွေးမြူ ရေး သုတေသနဌာနများက ၆၆ ရုံး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)က ၁၀၅ ရုံး၊ ဗဟိုလ် စိုက်ပျိုးမွေးမြူရေးဦးစီးဌာနများမှ ၃၉ ရုံး၊ အခြားတက္ကသိုလ်၊ ကောလိပ်များမှ ၁၆ ရုံး အပြိုင်အဆိုင်ကြီးကြပ်ကွပ်ကဲပါသည်။)

Indian Council of Agricultural Research (ICAR) သည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး၊ တောင်သူလယ်သမားများ လူမှုဘဝဖူလုံရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန (Ministry of Agriculture, Farmers' Welfare and Rural Development) နှင့် နီးကပ်စွာ ဆက်စပ်နေသော်လည်း ၎င်းသည် သီးသန့်ဥပဒေဖြင့်ဖွဲ့စည်းထားသော အချုပ်အခြာအာဏာရှိသည့် အဖွဲ့အစည်း (Autonomous Organization) ဖြစ်ပါသည်။

ဝန်ကြီးဌာနနှင့် ဆက်စပ်မှု

ဤကောင်စီ(ICAR)ကို စိုက်ပျိုးရေးဝန်ကြီးဌာနကမူဝါဒဆိုင်ရာလမ်းညွှန်မှုပေးပြီး ၎င်း၏ဘတ်ဂျက်နှင့် အဓိကလုပ်ငန်းများကို ထောက်ပံ့ သည်။ သို့သော် ICAR ၏ နေ့စဉ်လုပ်ငန်း ဆောင်ရွက်မှုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် ဆောင်ရွက်ပါသည်။

သီးသန့်အဖွဲ့အစည်း (Autonomous Body) အဖြစ် ဖွဲ့စည်းပုံ

ICAR ကို 1965 ခုနှစ်တွင် ပါလီမန်ဥပဒေအရ "Indian Council of Agricultural Research Act" ဖြင့် တရားဝင်ဖွဲ့စည်းခဲ့ပြီး၊  အစိုးရ၏တိုက်ရိုက်ထိန်းချုပ်မှုမရှိဘဲ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသည်။ ၎င်း၏ ဥက္ကဋ္ဌ (President) သည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး ဖြစ်သော်လည်း၊ နေ့စဉ်စီမံခန့်ခွဲမှုကို ညွှန်ကြားရေးမှူး ချုပ်(Director-General – DG, ICAR) က တာဝန်ယူသည်။

အခြားနှိုင်းယှဉ်မှုများ

CSIR (Council of Scientific & Industrial Research) နှင့် ICMR (Indian Council of Medical Research) တို့ကဲ့သို့ပင် ICARသည် အစိုးရ၏ ငွေကြေးထောက်ပံ့မှုဖြင့် လွတ်လပ် စွာလုပ်ကိုင်သောအဖွဲ့အစည်း ဖြစ်သည်။ICARသည်စိုက်ပျိုးရေးဝန်ကြီး ဌာန၏ လက်အောက်ခံမဟုတ်ဘဲ၊ ဥပဒေအရကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောအဖွဲ့အစည်း ဖြစ်ပါသည်။

သို့သော် ဝန်ကြီးဌာနနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး၊ အိန္ဒိယ နိုင်ငံ၏ စိုက်ပျိုး မွေးမြူရေးသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဦးဆောင်ပါသည်။ထို့ကြောင့် ဤ‌ကောင်စီကို "ဝန်ကြီးဌာန၏ အောက်ရှိဌာန (Not under Ministry’s Management)" ဟု တိုက်ရိုက် မသတ်မှတ်နိုင်ဘဲ၊ "အစိုးရအထောက်အပံ့ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော အဖွဲ့အစည်း (Government-funded Autonomous Organization)" ဟု နားလည်ရမည် ဖြစ်ပါသည်။

(၂၀၁၈-ခုနှစ်က စာရေးသူတို့အဖွဲ့ ဤစိုက်ပျိုးမွေးမြူရေးသုတေသနကောင်စီ မှ ကြီးကြပ် ကွပ်ကဲသော နယူးဒေလီမြို့၊ အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ် (IARI – Indian Agricultural Research Institute) သို့ ၂-ပတ်ကြာ လေ့လာရေး ခရီးသွားရောက်ခဲ့ရာ ဤ တက္ကသိုလ်သည် ဘွဲ့လွန်သင်တန်းသီးသန့် (Postgraduate Programs only) သင်ကြား သုတေသန ပြုပေးနေသည် ကိုတွေ့ခဲ့ရပါသည်။ နယူးဒေလီမြို့နှင့် ၁၀-မိုင်ခန့်ဝေးသော ရွာ ကြီးတစ်ရွာတွင်ဤတက္ကသိုလ်မှ ကြီးကြပ်သော KVK Center တစ်ခုကို သွားရောက်ခဲ့ရပါသည်။ ဤဒေသရုံးမှ တောင်သူများအတွက် မျိုးစေ့ရောင်း၊ မြေနမူနာစစ်ဆေး၊ ဆိတ်မျိုး ကောင်း မျိုးသန့်ရောင်း (ဆိပ်ပေါက်ကလေးများရောင်း)၊ လက်တွန်းထွန်စက်ရောင်း၊ ရေသွင်း ရေထုတ်အကြံဉာဏ်ပေး၊ တစ်နေရာထဲ (One Stop Service) ပြုလုပ်ပေးပြီး ရုံးတာဝန်ခံမှာ မွေးမြူရေး ဘွဲ့ရသူတစ်ဦး ဖြစ်သည်ကို တွေ့ဆုံမေးမြန်းခဲ့ရပါသည်။ တစ်ဖန် ဤရုံးကြီးကြပ်မှုဖြင့် ကျေးရွာတစ်ရွာတွင် အမျိုးသမီးများ မဆလာထုတ်လုပ်ရေးသမဝါယမ လုပ်ဆောင်နေသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ဝန်ထမ်း စုစုပေါင်းမှာ ၄-၅ ဦးခန့်သာ တွေ့ခဲ့ရပြီး သူ့အလုပ်၊ ကိုယ့်အလုပ် မခွဲခြားဘဲ ဘာသာရပ်ပေါင်းစုံ၊ ပညာရပ်ပေါင်းစုံ ညီညာစွာဆောင်ရွက်နေသည်ကို အံ့ဩစွာတွေ့ရှိခဲ့ရသည်။

(ခ) တရုတ်စိုက်ပျိုးမွေးမြူရေးသိပ္ပံအကယ်ဒမီ၊ တရုတ်နိုင်ငံ(Chinese Academy of Agricultural Science – CAAS, China)

တရုတ်စိုက်ပျိုးမွေးမြူရေးသိပ္ပံအကယ်ဒမီ (Chinese Academy of Agricultural Sciences - CAAS) သည် တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့် အရေးပါဆုံးသော စိုက်ပျိုးရေးသုတေသနအဖွဲ့အစည်းဖြစ်ပြီး၊ အစိုးရအကြီးအကဲ အောက်တွင် တရားဝင် ဖွဲ့စည်းထားသော်လည်း သုတေသနလွတ်လပ်ခွင့်အတိုင်း လုပ်ကိုင်နိုင်သည့် အဖွဲ့အစည်း ဖြစ်သည်။ ၁၉၅၇-ခုနှစ်တွင်စတင်တည်ထောင်ပြီး ဘေဂျင်းမြို့ (Beijing)တွင် ဌာနချုပ်တည်ရှိသည်။ ဤအဖွဲ့သည် တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့်ကျေးလက်ရေးရာကိစ္စများ ဝန်ကြီး ဌာန (Ministry of Agriculture and Rural Affairs -MARA) ၏ တိုက်ရိုက်ကြီးကြပ်မှု အောက်တွင် ရှိသော်လည်း သုတေသနနှင့် စီမံခန့်ခွဲမှုတွင် အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံ၊ ဇီဝနည်းပညာ၊ သီးနှံဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့သော စိုက် ပျိုးမွေးမြူရေးဆိုင်ရာသုတေသန ကိစ္စများကို အဓိကထား လုပ်ကိုင်သည်။ ဤအဖွဲ့တွင် ကိုယ်ပိုင်သုတေသနဌာနများ၊ ဓာတ်ခွဲခန်းများနှင့် ပညာရှင်များပါဝင်ပြီး၊ နည်းပညာဆိုင်ရာ ဆုံးဖြတ်ချက်များကို ကိုယ်ပိုင်ချမှတ်နိုင်သည်။ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ(ဥပမာ-အပြည်ပြည်ဆိုင်ရာစိုက်ပျိုး မွေးမြူရေး သုတေသနအဖွဲ့ - CGIAR၊ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူ ရေးအဖွဲ့ - FAO) များနှင့်တွဲဖက်ဆောင်ရွက်/ပြုလုပ်နေသည်။

(ဂ) အမေရိကန် အစားအစာနှင့်စိုက်ပျိုးမွေးမြူရေးအမျိုးသားအဆင့်အဖွဲ့၊ အမေရိကန်နိုင်ငံ(National Institute of Food and Agriculture – NIFA, US)

NIFA သည် အမေရိကန်စိုက်ပျိုးမွေးမြူရေးဦးစီးဌာန (USDA) အောက်ရှိ သုတေသန၊ ပညာရေးနှင့် တောင်သူပညာပေးလုပ်ငန်းများအတွက် ဘတ်ဂျက်/ငွေကြေး ပေးသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ဤအဖွဲ့သည် ၂၀၀၉-ခုနှစ်တွင် USDA ၏ ယခင်အဖွဲ့ ဖြစ်သော အမျိုးသားအဆင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသန၊ ပညာရေး၊ တောင်သူ ပညာပေးရေးဆိုင်ရာသမဝါယမအဖွဲ့ (Cooperative State Research, Education and extension Service – CSREES) ကိုအစားထိုး၍ တည်ထောင်ခဲ့သည်။

ဤအဖွဲ့၏တာဝန်များမှာ စိုက်ပျိုးမွေးမြူရေးသုတေသန၊ စိုက်ပျိုးမွေးမြူပညာရေး နှင့် တောင်သူပညာပေး ဝန်ဆောင်မှုများကို ဦးဆောင်ပြီး အမေရိကန်တစ်ဝန်းတွင် လူမှုအကျိုးဖြစ်ထွန်းရေးအတွက် ပံ့ပိုးမှုများပေးခြင်း၊ အဓိက အချက်များမှာ – အစားအစာ ဘေးကင်းလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ ကျန်းမာရေး၊ ရေရှည်တည်တံ့သော ဇီဝ စွမ်းအင်စသဖြင့်ပါဝင်သည်။

(ဆက်လက်ဖော်ပြပါမည်)

(ဃ) ဩစတေလျအပြည်ပြည်ဆိုင်ရာစိုက်ပျိုးမွေးမြူရေးသုတေသနဌာန (Australian Centre for International Agricultural Research - ACIAR, Australia)

ဩစတေလျအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးမွေးမြူရေးသုတေသနအဖွဲ့ (ACIAR - Australian Centre for International Agricultural Research)သည်စိုက်ပျိုး မွေးမြူရေးနည်းပညာ၊ သုတေသနနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးကို ပံ့ပိုးရန်အတွက် ဩစတြေးလျ အစိုးရမှ ၁၉၈၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ဤအဖွဲ့သည် နိုင်ငံအပြင်၌ရှိသည့် ဖွံ့ဖြိုးမှုအဆင့်နိမ့်သော နိုင်ငံများတွင် စိုက်ပျိုးရေး သုတေသနများကို ရင်းနှီးမြှုပ်နှံခြင်းကို အသုံးပြု၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ စားသောက်လုံခြုံရေးနှင့် ဆီလျော်သော ထုတ်လုပ်မှုစနစ်များ တီထွင်ဖန်တီးရန် ရည်ရွယ် သည်။

အပြည်ပြည်ဆိုင်ရာအဖွဲ့“ACIAR - International” လို့ခေါ်ရခြင်းအကြောင်းရင်းမှာ ACIAR သည် သုတေသနများကို တစ်နိုင်ငံတည်းမဟုတ်ဘဲ၊ အာရှ၊ အာဖရိက၊ အင်ဒို-ပစိဖိတ်ဒေသ စသော ဖွံ့ဖြိုးရေးအဆင့်နိမ့်သော နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်ခြင်း ကြောင့် အပြည်ပြည်ဆိုင်ရာအဖွဲ့ "International" လို့ ခေါ်သည်။ ACIAR သည်သုတေသ နကို ကိုယ်တိုင်မလုပ်ပါ၊ ထိပ်တန်းတက္ကသိုလ်များ၊ သုတေသနဌာနများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို အလှူရှင် ဩစတေလျအစိုးရမှ၎င်း၊ ချမ်းသာသူ တောင်သူ သူဌေး တစ်ဦးချင်းစီမှလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးကုမ္ပဏီများမှလည်း ကောင်း ကုန်ကျစရိတ် ပံ့ပိုးထောက်ပံ့ပေးခြင်းဖြစ်သည်။

ဤကဲ့သို့ နိုင်ငံတကာကို ဦးတည်သောသုတေသနပူးပေါင်းမှုများကနေ သီးသန့် ဩစတြေလျ နိုင်ငံစီးပွားရေးနှင့် အထွေထွေရေးရာတွင် အကျိုးဖြစ်ထွန်းမှုများကို ဖန်တီးပေးနိုင်သည်။ ဤသို့ ဩစတြေလျနိုင်ငံတွင်းတက္ကသိုလ်များ၊ ဗဟိုသုတေသနဌာန (CSIRO) နှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနဌာနများ ကို ငွေကြေး ပံ့ပိုးခြင်းဖြင့် သိပ္ပံပညာ တိုးတက်ရေးကို မြှင့်တင်ပေးသည်။ ဩစတေလျလူငယ်သုတေသနပညာရှင် များအတွက် နိုင်ငံတကာအတွေ့အကြုံများစွာရရှိစေသည်။ နိုင်ငံတကာကိုလည်း စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာများ အကူအညီပေးပြီးသားဖြစ်သည်။

သဘာဝဘေးအန္တရာယ်များ၊ ကျန်းမာရေးအန္တရာယ်များ၊ ကူးစက် ရောဂါများကဲ့သို့သော ဇီဝလုံခြုံရေး (Biosecurity) အန္တရာယ်များကို တင်းကြပ်စွာ ထိန်းချုပ်နိုင်ရန် သုတေသနများစွာကို ပံ့ပိုးနိုင်သည်။ ACIAR ၏ သုတေသနတချို့မှာ ဩစတြေးလျ နိုင်ငံတောင်သူများ အတွက်ပါ အသုံးဝင်သည်။ ဥပမာ- ပဲဒီစိမ်းမျိုးစေ့ကောင်းများ ဖန်တီးထုတ်လုပ်နိုင်ခဲ့သည့် "International Mungbean Improvement Network" စီမံကိန်း ကွင်းဆက် သုတေသနက စပြီး ကွင်းစလန် (Queensland) ပြည်နယ် တောင်သူ များက နည်းပညာ အသစ်၊ မျိုးကောင်းမျိုးသန့်များကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဩစတေလျ နိုင်ငံ အတွက် တစ်နှစ်လျှင် ဩစတေလျဒေါ်လာ ၁၀၀ သန်းအထိ တန်ဖိုးဖြစ်ထွန်း အမြတ်ရစေသည်။

စာရေးသူ၏အတွေးတစ်စ

မြန်မာနိုင်ငံအတွက် "Myanmar Agricultural Science/Research Council (MAS Council)"  လွတ်လပ်သောအဖွဲ့ (Autonomous Organization) ကို တည်ထောင် ခြင်း ဖြင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်စေမည့် နည်း လမ်း ဖြစ်နိုင်ပါသည်။ နိုင်ငံအချို့တွင်တော့ အမျိုးသား စိုက်ပျိုးမွေးမြူရေးသုတေသန စနစ် (NARS – National Agricultural Research System) ဆိုသည့်  နိုင်ငံတစ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် တည် ထောင်ထားသည့် အများပြည်သူနှင့် သီးခြားအဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခု ဆောင် ရွက်နေပါသည်။ ၎င်းစနစ်သည် နိုင်ငံအတွက် အစားအစာဖူလုံရေး၊ စီးပွားရေး တိုးတက် မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးတို့ကို ဦးတည်သည့်မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုစနစ်တစ်ခုဖြစ်သည်။ သို့သော် နိုင်ငံအတွင်း၊ တက္ကသိုလ်အားလုံး၊ သုတေ သနဌာနအားလုံး၊ အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး သုတေသနအကြောင်းအရာများထပ်မနေဘဲ တောင်သူပြဿနာများကို စနစ် တကျ အဖြေရှာဖွေဖေါ်ထုတ်ခြင်းဖြစ်ပါသည်။ သို့သော် ဝန်ကြီးဌာနအားလုံး၊ တက္ကသိုလ်၊ သုတေသနဌာနအားလုံး ညှိနှိုင်း ပူးတွဲဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း သီးသန့်တစ်ခုလိုပါသည်။

အဓိကရည်ရွယ်ချက်များ (Objectives)
  • နိုင်ငံတစ်ဝန်း စိုက်ပျိုးမွေးမြူရေးသုတေသနများ အားလုံးစုစည်းညှိနှိုင်းခြင်း ဖြင့် သုတေသနများထပ်နေမှုမရှိ၊ ပညာရပ်ဆိုင်ရာသုတေသန (Academic Research) နှင့် အသုံးချသုတေန (Applied Research) များ ဆက်စပ်ပေးနိုင်ခြင်း၊

  • မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များ အားလုံး (All Universities in Myanmar)၊ သုတေသနဌာနများ အားလုံး (All Research Departments/ Centres)၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များ (International Development Partners) များအားလုံးနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကျိုးရှိသုတေသနများ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊

  • တစ်နိုင်ငံလုံးရှိ စိုက်ပျိုးရေးသုတေသနရလဒ်များကို တောင်သူသုံးနိုင်ရန် နည်း ပညာ အကူအညီ ပေးနိုင်ခြင်း၊

  • အစားအစာအာဟာရ ဘေးကင်းလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် မြေဆီ လွှာပျက်စီး၊ ဆုံးရှုံးမှုများကို ရှောင်ကြဉ်ရန် သိပ္ပံအခြေပြုဖြေရှင်းနည်းများ ဖော် ထုတ်နိုင်ခြင်း၊

  • မြန်မာ့စိုက်ပျိုးမွေးမြူရေးပညာများအတွက် အရည်အချင်း ပြည့်ဝသော ပညာ ရှင်များ ဖွံ့ဖြိုးရေး ပံ့ပိုးပေးနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။

ယခင်က စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောပညာရပ်များ အကယ်ဒမီ (Myanmar Academy of Agriculture, Livestock and Forestry) ရှိခဲ့ဖူးပါသည်။ ဤအဖွဲ့အစည်းမှာ ၂၀၁၁ ခုနှစ် တွင် ဖျက်သိမ်းသွားခဲ့ပါသည်။ စာရေးသူ အမျိုးသားပညာရေး မူဝါဒကော်မရှင် (NEPC -National Education Policy Commission) အဖွဲ့ တွင်တာဝန် ထမ်းဆောင် ခဲ့စဉ်ကလည်း ဥပဒေအရ ပြည်ထောင်စုလွှတ်တော်သို့ ၆ လတစ်ကြိမ် တိုက်ရိုက်အစီရင်ခံ ခြင်းဖြင့် ပညာရေးဆိုင်ရာ အကြံပြုချက်များ လွတ်လပ်စွာ၊ ပွင့်လင်းမြင်သာစွာ၊ တင်ပြခဲ့ရပါသည်။

(ခေတ်မီစိုက်ပျိုးမွေးမြူရေးပညာများ အသုံးပြုပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်နိုင်ပါ စေရန် ဆုတောင်းပေးလျက်)

(ဆက်လက်ဖော်ပြပါမည်)

ဒေါက်တာမျိုးကြွယ်