ပုသိမ်တွင် ၁၀ တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ပုသိမ်တွင် ၁၀ တန်းသွား မျိုးစေ့ချကိရိယာနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ပုသိမ်၊ ဩဂုတ် ၁၇ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းနိုင်ရေးအတွက် လုပ်သားရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေး၊အချိန်တိုအတွင်း စိုက်ဧကများကို   တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် အကျိုးများစွာ ရရှိစေရန် ရည်ရွယ်၍  စက်မှုလယ်ယာဦးစီးဌာနမှ  ၂၀၂၅-၂၀၂၆  ဘဏ္ဍာရေး နှစ်အတွင်း  ၁၀ တန်းသွား မျိုးစေ့ချကိရိယာနှင့်   လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder ) တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း   သရုပ်ပြပွဲကို   ယနေ့နံနက်ပိုင်းက   ပုသိမ်ခရိုင်၊  ပုသိမ်မြို့နယ်၊  တွန်ပလွန် ကျေးရွာ ၊ ကွင်းအမှတ် ၁၆ B၊   ဦးပိုင်အမှတ် ၁၃/၁-၂ ရှိ   ဒေသခံတောင်သူ   ဦးငြိမ်းဝင်း ၏  လယ်မြေ ၅ ဧက အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသရုပ်ပြပွဲတွင်  ၁၀ တန်း သွား မျိုးစေ့ချကိရိယာနှင့်   လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder ) များ အသုံးပြု၍    စိုက်ပျိုးရာတွင်   စိုက်ခင်းမျက်နှာပြင် ညီညာရန်လိုအပ်ခြင်း၊   ပျိုးဗန်းအတွင်း ပျိုးထောင်ရန်အတွက် မလိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်း ကောင်းမွန် စေခြင်း၊ မျိုးစပါးကျရောက်မှုကို ချိန်ညှိနိုင်ခြင်း ၊  အချိန်တိုအတွင်း ဧကများစွာစိုက်ပျိုးနိုင်ခြင်း၊   ရာသီဥတု ပြောင်း လဲလာသည့်အခြေအနေတို့တွင်  အချိန်အခါမီ   စိုက်ပျိုးနိုင်ကြောင်း  သိရှိရသည်။

၁၀ တန်းသွား မျိုးစေ့ချကိရိယာ နှင့်လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) တို့ဖြင့် မိုးစပါးစိုက်ပျိုးခြင်း  သရုပ်ပြပွဲသို့ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊  ဝန်ထမ်းများ၊  တွန်ပလွန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  ကျေးရွာ များမှ  ဒေသခံတောင်သူ ၂၀၀ ဦးခန့် စိတ်ပါဝင်စားစွာလာရောက် ကြည့်ရှု ခဲ့ကြကြောင်းသိရှိရသည်။

AMD