ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအားအဆောက်အအုံများ စစ်ဆေး၊ တမံများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်မရှိ

ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအားအဆောက်အအုံများ စစ်ဆေး၊ တမံများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်မရှိ

နေပြည်တော်၊ ဩဂုတ် ၂၇

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းလျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအား အဆောက်အအုံများအား စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းကို ရေလှောင်တမံများတွင် အရေးပေါ်အခြေအနေ ကြိုတင် စီမံခန့်ခွဲမှု စီမံချက် (Emergency Preparedness Plan -EPP)ပါ လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆည်တမံဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ၏ စစ်ဆေး အတည်ပြုချက်များအရ တမံများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ် ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိ မြို့နယ် ရေဆင်းကျေးရွာအနီးရှိ ရေဆင်းရေလှောင်တမံသို့သွားရောက် ပြီး  ဝင်ရေ သိုလှောင်ထားရှိမှုနှင့် တမံထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးသည်။ ရေဆင်းရေလှောင်တမံအနေဖြင့် လက်ရှိအချိန်တွင် ကန်ရေပြည့်နီးပါးသိုလှောင်ထားရှိပြီးဖြစ်ကြောင်း၊ ရေဝေရေလဲဧရိယာအတွင်း အဆက် မပြတ် မိုးရွာသွန်းနေသဖြင့် ပုံမှန်ထိန်းသိမ်းမှုအဖြစ် ရေထိန်းမျှော်စင်မှ ရေဆင်းမြောင်းအတွင်းသို့ ရေထုတ်လွှတ်လျှော့ချခြင်းသာရှိပြီး  ရေပိုလွှဲမှ ရေကျော်ကျခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံ သို့ ရောက်ရှိစစ်ဆေးကြရာ တာဝန်ရှိသူများက အထက်ပေါင်းလောင်းတမံ ရေပိုလွှဲမှ ရေထုတ်လွှတ်နေမှု၊ ရေဝေရေလဲဒေသအတွင်းမိုးရွာသွန်းမှုနှင့် စီးဝင်ရေပမာဏ၊ နောက်မိုး ဆက်လက်ရွာ သွန်းနိုင်မှုနှင့် ရေပိုလွှဲမှ စီးထွက်သည့်ရေပမာဏတို့ကိုရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လက်ရှိရေသိုလှောင်ထားရှိမှု ပမာဏအရ တမံကြံ့ခိုင်မှုနှင့်ဘေးကင်းလုံခြုံမှုကို စိုးရိမ်ဖွယ်မရှိသော်လည်း သတ်မှတ်ထားသည့် စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြပ်ကြပ်မတ်မတ်ဆောင် ရွက်ရန်နှင့် (EPP)ပါ လုပ်ငန်းစဉ်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ယနေ့နံနက်ပိုင်းတိုင်းထွာချက်များအရ ပေါင်းလောင်းရေလှောင်တမံ တွင် မိုးရေချိန် ၃ ဒသမ ၅ လက်မခန့်ရွာသွန်းခဲ့ကြောင်း၊ အထက် ပေါင်းလောင်းတမံနှင့် ရေဝေရေလဲဒေသများမှ စီးဝင်ရေများကြောင့် ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲမှ ၅ ပေခွဲခန့် ရေကျော်ကျလျက် ရှိကြောင်း၊ အဆိုပါစီးဆင်းရေများ သည် ပေါင်းလောင်းမြစ်နှင့် တစ်ဆက် တည်းဖြစ်သော စစ်တောင်းမြစ်အတွင်း စီးဆင်းလျက်ရှိခြင်းကြောင့် ဒေသအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိကြောင်းနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီး ရေလျှံမှုများသည် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ဒေသအတွင်းရှိ လယ်ကွင်းများ လျှိုမြောင်များမှ စီးဆင်းလာခြင်းဖြစ်ပြီး ယာယီရေကြီး ရေလျှံမှုမျှသာဖြစ်ကြောင်း သိရှိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ကျွဲရှင်းရွာအနီးရှိ ငလိုက်ရေလှောင်တမံသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ရေပြည့်အမှတ်ရောက်ရှိရန် တစ်ပေခွဲခန့် လိုအပ်နေမှု နှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု မရှိသေးသည့် အခြေအနေများ၊ နေ့စဉ် ဆည်ရေအမှတ်များ၊ ဒေသ၏ နေ့စဉ်မိုးရေချိန်မှတ်တမ်းများ ကို ရှင်းလင်းတင်ပြ ကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက ယခုနှစ်မိုးရာသီတွင် ဆည်တမံများ ရေပြည့်သိုလှောင်နိုင်မှုအရ လာမည့် ဆောင်းသီးနှံ နှင့် နွေသီးနှံများစိုက်ပျိုးခြင်းအတွက် ဧရိယာအလိုက် စိုက်ပျိုးမည့်သီးနှံ ၊ ရေလိုအပ်ချက် စသည့် ရေပေးဝေမှုလုပ်ငန်းများ စနစ်တကျ စီမံနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် ကြိုတင် ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြား သည်။

ယနေ့ နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန် ရှိသူများသည် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာရေထိန်းတမံ သို့သွားရောက်ပြီး ရေဆင်းဧရိယာ အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် တမံအတွင်းသို့ စီးဝင်ရေများပြားစွာဝင်ရောက်ခဲ့မှု၊ တမံဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ 

အလားတူ ဆင်သေရေလွှဲဆည် သို့သွားရောက်ပြီး ယာယီရေတားတမံ မကျိုးပေါက်စေရေး၊ သဲထုတ်ရေတံခါးများမှ ရေထုတ်လွှတ်မှု၊ ရေ သောက်စနစ်အတွင်းရှိ ရေပေးမြောင်း နှင့် ရေပေးအဆောက်အအုံများ ရေကြီး ရေလျှံမှုကြောင့် ထိခိုက်မှုလျော့ပါး သက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။ 

MOALI