ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၅) ကြိမ်မြောက်အစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း ၁၈၅မျိုး အတည်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေး

နေပြည်တော်၊ မေ ၂၉
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ၄၅ ကြိမ်မြောက် အစည်းအဝေးကို မေ ၂၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အမှာစကား ပြောကြားရာ၌ တိုင်းပြည်၏အဓိကစားသုံးသီးနှံများနှင့် ပြည်ပပို့ကုန် သီးနှံများအား အထွက်နှုန်း တိုးတက်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် အထွက် နှုန်းတိုးတက်စေရန် အထောက်အကူ ပြုသော သွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေး သုံးစွဲရာ၌ အရည်အသွေး ပြည့်မီပြီး အန္တရာယ်ကင်းသော ပိုး သတ်ဆေးများအား ထိရောက်စွာ အသုံးပြုနိုင်ရန် ပိုးသတ်ဆေးမှတ်ပုံ တင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း လုပ်ငန်းစဉ်များ ပိုမိုစနစ်ကျန ကောင်း မွန်စေရန် ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့တင်ပို့ရာ တွင် ပိုးသတ်ဆေး ဓါတ်ကြွင်းများ စစ်ဆေးတွေ့ရှိမှုပြဿနာဖြစ်ပွားမှု များပြားလာခြင်းကြောင့် မိမိတို့နိုင်ငံ ၏ ကုန်သွယ်မှု အခွင့်အလမ်းများ လျော့ကျလာနိုင်သဖြင့် ပိုးသတ်ဆေး အမျိုးအစား တစ်မျိုးချင်းစီအပေါ်၌ ရှုထောင့်မျိုးစုံမှ ပြန်လည်သုံးသပ်ပြီး ဓာတ်ကြွင်းများကြောင့် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းစင်ရေးအတွက် မှတ်ပုံတင်အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း၊
ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအတွက် ပိုးသတ်ဆေးဖြန်း၍ ပိုးနှိမ်နင်းခြင်းသည် အဖြေအဟုတ်ပဲ ပိုးမွှားရောဂါဒဏ် ခံနိုင် ရည်ရှိသည့် သီးနှံမျိုးကို မျိုးစပ်ရွေးချယ်ခြင်း၊ စိုက်ပျိုးခြင်းအပြင် ပိုးမွှားရောဂါကျရောက်မှုကို တောင်သူလယ်သမားများကိုယ်တိုင် ပါဝင် သော ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းမှုကို လှိုင်းအသွင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး က ၄၅ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုပေးရမည့် ပိုးသတ်ဆေးမှတ်ပုံတင်ခွင့်တင်ပြစာများအား တင်ပြရာ အစည်းအဝေးက လုပ်ငန်းစာတွဲတစ်ခုချင်းအပေါ် စိစစ်ဆွေးနွေးခဲ့ကြသည်။
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့သည် မှတ်ပုံတင်လျှောက်ထားတင်ပြ လာခြင်းများကို မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန် လိုအပ်သော အထောက် အထားအချက်အလက်များကို သတ်မှတ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ အကြံပြုချက်များအပေါ် အခြေပြု ၍ လူ နှင့် ပတ်ဝန်းကျင်ကို အန္တရာယ် မြင့်မားစေသော ပိုးသတ် ဆေးများကို သုံးစွဲရန် ပိတ်ပင် တား ဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ် တကျ ကိုင်တွယ် သုံးစွဲ စွန့်ပစ် ခြင်းဆိုင်ရာများနှင့် ပတ်သက် ၍ သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ် မရှိစေ ရန် လိုအပ်သည့် အမိန့်၊ သတ်မှတ် ချက်များ၊ ညွှန်ကြားချက်များကို အခါအား လျော်စွာ ထုတ်ပြန်လျက်ရှိကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ လုပ်ငန်းများကို အထောက် အကူပြုနိုင်ရန်လိုအပ်သည့် သတင်းအချက်အလက်များကိုပြုစုတင်ပြခြင်း၊ စိစစ်သုံး သပ်အကြံပြုချက်ခြင်းများကို နည်းပညာကော်မတီအဖွဲ့ဝင် ပညာရှင်ဝန်ထမ်းများက စိစစ် ဆောင်ရွက်လျက်ရှိပြီး ပိုးသတ် ဆေး မှတ်ပုံတင်ခြင်းလုပ်ငန်းများ လျှင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် Manual မှ Online (Myanmar Agricultural Import Registration System (MAIRS)) Online System စနစ်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အစည်းအဝေးများကို ၁၉၉၃ ခုနှစ်မှ စတင်၍ ၂၀၂၄ ခုနှစ် ဒီဇင် ဘာလအထိ ကျင်းပပြုလုပ်ခဲ့ရာ ၄၄ ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၄၃၉၃ မျိုး ကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ယနေ့ကျင်းပသည့် ၄၅ ကြိမ်မြောက် အစည်းအဝေး တွင် ပိုးသတ်ဆေး အမျိုးပေါင်း ၁၈၅ မျိုး အား အတည်ပြုပေးနိုင်ရေး စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOALI