မန္တလေးတိုင်းဒေသကြီး၏ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိစေရေးကြိုးပမ်း၊ စမုံရေထိန်းတမံနှင့် ရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၏ နွေသီးနှံပန်းတိုင်အထွက်နှုန်းရရှိစေရေးကြိုးပမ်း၊ စမုံရေထိန်းတမံနှင့် ရေငုပ်ပြွန်အသစ် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများစစ်ဆေး

နေပြည်တော် မတ် ၈

နွေသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မတ် ၇ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးရွှေဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မိတ္ထီလာမြို့နယ်၊ တောမအုပ်စု ဥယျာဥ်ကျေးရွာရှိ မိတ္ထီလာတောင်ကန် ဥယျာဥ်မြောင်းရေသောက်စနစ်အတွင်း နွေနှမ်း(ဆင်းရတနာ ၃) ပေါင်ကြီးတင်စနစ်ဖြင့် ဧက ၅၀  စံပြစိုက်ခင်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒေသခံတောင်သူများနှင့်ရင်းနှီးခင်မင်စွာတွေ့ဆုံ၍ နွေစပါးနှင့် နွေနှမ်း လျာထားဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးအတွက် လိုအပ်သည့် မျိုးကောင်း မျိုးသန့်များသုံးစွဲနိုင်ရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး၊ သွင်းအားစုများ အချိန်ကိုက် အချိုးကျသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် ဖြည့်စွက်ရေ အချိန်မီပေးနိုင်ရေးအတွက် ဌာနနှင့်တောင်သူများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များအား  ဆွေးနွေးမှာကြားပြီး မျိုးစေ့ချကိရိယာအသုံးပြု၍ နွေနှမ်း လက်တွေ့စိုက်ပျိုးနေမှုကို ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာစည်မြို့နယ်ရှိ စမုံရေထိန်းတမံ  ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး သဲထုတ်ရေ တံခါး၊ ပင်မရေပိုလွှဲနှင့် ရေတံခါးတပ်ရေပိုလွှဲများ ပြပြုင်ဆောင်ရွက်နေမှု ၊ ရေဝေရေလဲဒေသအတွင်း သဘာဝဘေး ရေကြီးရေလျှံမှုကြောင့် ကန်ရေမှတ်များ လျင်မြန်စွာ မြင့်တက်လာပြီး မူလဒီဇိုင်းပြုသတ်မှတ်ထားသည့်  ပမာဏထက် ကျော်လွန်လာသည့် အရေးပေါ်အခြေအနေတွင် ရေကျော်စီးထွက်စေမည့် အလျားပေ ၅၀၀ ရှိ အကူရေပိုလွှဲ (Fuse Plug Spillway)ထည့်သွင်း ဆောင်ရွက်နေမှုနှင့် ရေစစ်သဲခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တမံကြံ့ခိုင်မှု ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တမံဖို့မြေ သတ်မှတ်ချက်ပြည့်မီသည့် မြေအမျိုးအစားဖြင့် စနစ်တကျ ဖို့ကြိတ် ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ စက်မှုဇုန်ရှိ ပုဂ္ဂလိက တိရစ္ဆာန်အစာထုတ်လုပ်ရေးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ပြည်တွင်း တိရစ္ဆာန်အစာလိုအပ်ချက်ပြည့်မီစွာထုတ်လုပ်နိုင်ရေးအတွက်  ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု၏အရေးပါမှု၊ တိရစ္ဆာန်အစာ စဉ်ဆက်မပြတ်ထုတ် လုပ်နိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစွမ်းအင်စနစ်ကိုအသုံးပြု၍ စက်ရုံလည်ပတ်နိုင်ရေး စီမံဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကိုတာဝန်ရှိသူများအား ဆွေးနွေး ပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ စမုံရေငုတ်ပြွန်အသစ် ပြန်လည်တည် ဆောက်ခြင်းလုပ်ငန်းများ၊စမုံချောင်း ရေလွှဲမြောင်း ဖောက်လုပ်ခြင်းနှင့်စမုံ ရေထုတ်ပြွန်အောက်ပိုင်းရှိ ရေ သောက် ဧရိယာ ဧက ၂၀၀၀၀ ကျော်ခန့်အား ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် ရေပေးဝေရန်အတွက်ယာယီရေပေး မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများ အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးဖြစ်သည့်ယာယီရေတား တမံမှ နွေသီးနှံ ရေပေးဝေမည့် ယာယီရေပေးမြောင်းကို သံဖရိန်၊ သံပြားကာ၊ ကွန်ကရစ်ခင်းဖြင့် ဆောင်ရွက်ပြီး မတ် ၆ ရက်နေ့မှ စတင်၍ ရေစမ်းသပ် ပေးဝေလျက်ရှိသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်၊ ရာသင်္ချာ ကျေးရွာအုပ်စု ကျွဲတပ်ကျေးရွာ တောင်သူ ဦးသန်းထွန်း ၏ ငါးမွေးကန် ၁၃ ကန်ဖြင့် ငါးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

အလားတူ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာရှိ ဆောင်းကြက်သွန် နီ(ရွှေဖလား) ဧက ၁၀၀ စံပြကွက် အား ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကြက်သွန်နီ ၁ ဧက ပိဿာ ၆၀၀၀ ထွက်ရှိရေး အတွက် ဌာနစိုက်ပျိုးရေး ပညာရှင်များ၏ ကွင်းဆင်း နည်းပညာပေးချက်များကို တောင်သူများ စနစ်တကျလိုက်နာ ကျင့်သုံးကြရေး ဆွေးနွေးမှာကြားပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

MOALI