အသေးစား အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ အားပြုစရာ ဂျုံ

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံ၌ နိုင်ငံ့လူဦးရေ အများဆုံးနေထိုင်ရာ ကျေးလက်ဒေသများ၏ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာကဏ္ဍကို အခြေခံလျက်ရှိနေသော်လည်း ပြည်ပမှ တင်သွင်းသော စားသောက်ကုန် လူသုံးကုန်များကို များစွာမှီခိုနေရဆဲဖြစ်ရာ ပြည်တွင်း စားရေရိက္ခာဖူလုံရေး နှင့် နိုင်ငံခြားငွေသုံးစွဲရမှု လျှော့ချနိုင်ရေး အတွက် နိုင်ငံတော် အစိုးရက သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းမြှင့်တင်နိုင်ရေး နှင့် စိုက်ဧရိယာတိုးတက်ရေး ကို အလေးထား စီမံဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆန်စပါးပြီးလျှင် စားသုံးမှု အများဆုံးသီးနှံတစ်မျိုးဖြစ်သည့် ဂျုံသီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးလည်း ပါဝင်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။
ရှေးယခင်က မိမိတို့ နိုင်ငံတွင် ဂျုံစားသုံးမှုအနေဖြင့် ပေါင်မုန့်၊ ကိတ်မုန့်၊ ပေါက်စီ ၊ ဘီစကစ် နှင့် လူတန်းစား အလွှာစုံ စားသုံးသည့် ရွှေကြည်၊ ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များကိုသာ အသုံးပြုမှု များပြားခဲ့သော် လည်း ဆယ်စုနှစ်အနည်းငယ်အတွင်း၌ အသင့်စား ခေါက်ဆွဲထုပ် စားသုံးခြင်း တွင်ကျယ်လာမှုနှင့်အတူ မာလာရှမ်းကော၊ မာလာမောက်ချိုက် အပါ အဝင် ချက်ပြုတ်နည်းမျိုးစုံ၊ စားသုံးသည့် ပုံသဏ္ဍာန်အမျိုးမျိုးတို့ဖြင့် ခေါက်ဆွဲ စားသုံးမှု များစွာတိုးတက်လာသည်ကို သတိပြုမိကြမည်ဖြစ်သည်။ ယင်းသို့ စားသောက်မှုပုံစံ ပြောင်းလဲလာမှုနှင့်အတူ ဂျုံအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSMEs)လုပ်ငန်းများက ထုတ်လုပ်သည့် စား သောက်ကုန် အများအပြား ဈေးကွက်ဝင် လာသကဲ့သို့ စားသုံးမှုပမာဏသည်လည်း တစ်နေ့တခြား တိုးပွားလာလျက်ရှိနေသည်။
ပြည်တွင်းဂျုံသီးနှံထုတ်လုပ်မှုအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၆ ခုတွင် ဧက ၁၂၆,၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး စုစုပေါင်းဂျုံအထွက်တင်း ၂,၉၇၀,၀၀၀ (၂ ဒသမ ၉၇ သန်း)ကျော် ထွက်ရှိကာ ဂျုံမှုန့်တန်ချိန် ၇၂၇,၀၀၀ ကျော် ကို နှစ်စဉ်ထုတ်လုပ်လျက် ရှိနေသော်လည်း ကမ္ဘာ့ဂျုံတင်သွင်းသည့်နိုင်ငံ ၁၂၅ နိုင်ငံတွင် မြန်မာနိုင်ငံက ၆၉ နိုင်ငံမြောက် ဂျုံအများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်နေခြင်းက ပြည်တွင်းဂျုံလိုအပ်ချက်ကို သိသာထင်ရှားစေလျက်ရှိသည်။
သို့ဖြစ်၍လည်း ဖေဖော်ဝါရီ ၆ ရက်နေ့ က မြန်မာနိုင်ငံဂျုံစက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များကိုဖိတ်ကြားပြီး နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် ဂျုံအခြေခံသည့် စားသောက်ကုန်များ ထုတ်လုပ်ရန် အရည်အသွေးကောင်း ပြည်တွင်းထုတ် ဂျုံမျိုးများ တိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို စိုက်ပျိုးရေး မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ညှိနှိုင်းဆွေးနွေးပွဲ မကျင်းပမီ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ ဂျုံသီးနှံ ပညာရှင်များ၊ သုတေသီများက ပြည်တွင်း ဂျုံမျိုးများဖြင့် ထုတ်လုပ်ထားသည့် ပေါင်မုန့်၊ ပေါက်စီနှင့် ဂျုံအခြေခံစားသောက် ကုန် နမူနာများကိုပြသကာ ဂျုံမျိုးအလိုက် စားသုံးမှု အရည်အသွေးကို ဂျုံစက်လုပ်ငန်းရှင်များအား လက်တွေ့မြည်းစမ်းနိုင်ကြစေရန် စီစဉ်ပေးထား သည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး၏ အဓိကဆွေးချက်အနေဖြင့် ပြည်တွင်း စားသုံးသူများ ကြိုက်နှစ်သက်သော အရည်အသွေးနှင့် အနံ့အရသာ ကောင်းမွန်သည့် ဂျုံမျိုးများကို နှစ်အလိုက်တိုးချဲ့စိုက်ပျိုး၍ ဂျုံစေ့၊ ဂျုံမှုန့်များ တိုးမြှင့်ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့်ဂျုံကိုဝယ်ယူမည့်ဈေးကွက်သေချာစေရန် ဂျုံစက် လုပ်ငန်းရှင်များနှင့် ပဏာမ ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလိုအပ်သည့် ဂျုံအမျိုးအစားနှင့် လိုအပ်ချက်ပမာဏကို သိရှိမှသာ မျိုးပွားခြင်း၊ မျိုးဖြန့်ခြင်း နှင့် အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ် နိုင်ရေး လုပ်ငန်းများကို စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် အမှန်တကယ် အကျိုးရှိစေပြီး ရေရှည်ဖွံ့ဖြိုးသည့် စီမံဆောင်ရွက်မှုဖြစ်မှသာ ပြည်ပမှ ဂျုံကုန်ကြမ်းမှီခိုမှုကင်းသော အခြေ အနေကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ဂျုံစက်လုပ်ငန်းရှင်များ လက်တွေ့မြည်းစမ်းထားကြသည့် ပြည်တွင်းဂျုံမျိုးအလိုက် စားသုံးမှု အရည်အသွေးကို လွတ်လပ်ပေါ့ပါးစွာ အားမနာစတမ်း သဘောထား မှတ်ချက်ပေးကြရန်နှင့် အသုံးပြုလိုသည့် အခြားဂျုံမျိုးကို သဘောထားမှတ်ချက်ပေးမည်ဆိုပါကလည်း ပြည်တွင်း၌ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
လုပ်ငန်းရှင်များ၏ တင်ပြချက်များကို အနှစ်ချုပ်လေ့လာကြည့်ပါက ပြည်ပမှတင်သွင်းသော ဂျုံကုန်ကြမ်းများမှာ ဖုန် သဲ ခဲကင်းစင်ပြီး ကုန်ကြမ်းအရည်အသွေးတည်ငြိမ်မှုရှိသဖြင့် ထုတ်လုပ်မှု၏ ၇၀ရာခိုင်နှုန်းခန့်ကို တင်သွင်းအသုံးပြုရခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်းထွက် ဂျုံကုန်ကြမ်းများ အရည်အသွေးတည်ငြိမ်မှုရှိရန် စီမံဆောင်ရွက်နိုင်ပါက ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ အသုံးပြုလိုကြကြောင်း မှတ်သားခဲ့ရသည်။ အဆိုပါ အချက်သည် ဂျုံသီးနှံတွင်သာမက သီးနှံများရောင်းဝယ် ဖောက်ကားရာတွင် ကြားသိနေရသည့် ပြဿနာတစ်ခုဖြစ်သည်။ ရိတ်သိမ်းခြွေလှေ့မှုတွင် ဖုန် သဲ ခဲ အနည်းငယ်ပါဝင်မှု ရှိနိုင်သော်လည်း မသမာသူအချို့ကြောင့် ဈေးကောင်းမရခြင်း ၊ ဈေးကွက် ပျက်ရခြင်းများကို တားဆီး ကာကွယ်နိုင်စေရန် ရိတ်သိမ်းသူ၊ သိုလှောင်သူ၊ သယ်ယူဖြန့်ချိသူ စသည့် ဈေးကွက်စီးဆင်းမှု ကွင်းဆက်တွင် ပါဝင်ပတ်သက်သူအားလုံး သတိပြု၍ ဝိုင်းဝန်း ထိန်းကျောင်းသွားကြရန် လိုအပ်မည်ဖြစ်သည်။
လုပ်ငန်းရှင်များတင်ပြသကဲ့သို့ ပြည်တွင်း၌စားသုံးလျက်ရှိသည့် ဂျုံအခြေခံ စားသောက်ကုန် များထုတ်လုပ်ရာတွင် ပြည်တွင်းဂျုံကုန်ကြမ်းကိုသာ အပြည့်အဝအသုံးပြုသွားမည်ဆိုပါက ဂျုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်တွင်ပါဝင်သည့် အသေးစား၊ အငယ်စား နှင့် အလတ်စား(MSMEs)လုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းလည်း များစွာဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။
တောင်သူများထံမှ သတင်းစကားများအရ ပုံမှန်စိုက်ပျိုးပြုစုမှုဖြင့် ထွက်ရှိသည့် ဂျုံအထွက်နှုန်းနှင့် သီးနှံပေါက်ဈေးအရ ဝင်ငွေအကျိုးအမြတ်သင့်တော်ကောင်းမွန်မှုရှိကြောင်း၊ သို့သော် အချို့ဒေသများတွင် လုပ်ငန်းရှင်နှင့်တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်နိုင်မှုကြောင့် ဝယ်လက်သေချာသော် လည်း အချို့ဒေသများအတွက် ဝယ်လက်ချိတ်ဆက်မှုလိုအပ်နေကြောင်း သိရှိရသည်။
လက်ရှိပြည်တွင်း၌ အဓိကစိုက်ပျိုးသည့် ဂျုံမျိုးများမှာ မုံရွာဂျုံဖြူ၊ ဇလုပ်ဖြူ-၁၊ ဇလုပ်ဖြူ-၂၊ ရေဆင်းဂျုံ-၉ ၊ ရေဆင်းဂျုံ-၁ဝ ၊ ရေဆင်းဂျုံ-၁၁ နှင့် ရေဆင်းဂျုံ-၁၂ တို့ဖြစ်ပြီး အဆိုပါဂျုံမျိုးများမှာ Mexico နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ပြောင်းဖူးနှင့်ဂျုံသုတေသနဌာန (International Maize and Wheat Improvement Center, CIMMYT) မှ တင်သွင်း၍ မျိုးရွေးချယ်ရရှိထားသော ဂျုံမျိုးများ ဖြစ်ကာ အပူဒဏ် ၊ ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံနိုင်ပြီး အထွက်ကောင်းသည့် ပေါင်မုန့်ဂျုံမျိုးများဖြစ်၍ အမှန်တကယ်တိုးချဲ့စိုက်ပျိုးထုတ်လုပ် မည်ဆိုပါက စိုက်ပျိုးသူတောင်သူများနှင့် ကုန်ကြမ်း အသုံးပြုသူလုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်သည်။
သို့ဖြစ်၍ ဂျုံသီးနှံစိုက်ပျိုးနိုင်သည့် မြေဧရိယာများစွာရှိနေသော မိမိတို့နိုင်ငံတွင် စိုက်ပျိုးအောင်မြင်သော ဂျုံမျိုးများ အသင့်ရှိနေပြီးဖြစ်သကဲ့ သို့ ဂျုံစက်လုပ်ငန်းရှင်များ၏ ပြည်တွင်း ဂျုံကုန်ကြမ်းအသုံးပြုလိုမှု တောင်းဆို ချက်များလည်း ရှိနေပြီဖြစ်ရာ အသေးစား၊အငယ်စားနှင့် အလတ်စား (MSMEs)လုပ်ငန်းများ အားပြုစရာ ဂျုံသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးတို့က ကျရာအခန်းကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း သွားကြရန် တိုက်တွန်းလိုက်ရပါသည်။
ကိုရင်အောင်မိုး