RCEP ၏ ကုန်သွယ်ရေးဖြေလျော့မှုများမှ အကျိုးအမြတ်ရရှိရန် ဘင်္ဂလားဒေ့ရှ် မျှော်လင့်

RCEP ၏ ကုန်သွယ်ရေးဖြေလျော့မှုများမှ အကျိုးအမြတ်ရရှိရန် ဘင်္ဂလားဒေ့ရှ် မျှော်လင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနိုင်ငံစုံလွတ်လပ်သောကုန်သွယ်ရေးအဖွဲ့ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက် (Regional Comprehensive Economic Partne- rship -RCEP)တွင် အဖွဲ့ဝင်အဖြစ် တရားဝင်လျှောက်ထားရန် မျှော်လင့်ထားကြောင်း ၎င်း၏ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံအများအပြားနှင့် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များကို ညှိနှိုင်းရန် ပြင်ဆင်နေကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Business Standard အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရသည်။

အိန္ဒိယသည် အရေးကြီးသော ကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏စီးပွားရေးကို မြှင့်တင်ရန်အတွက် ကုန်သွယ်မှုအခင်းအကျင်းကို ကွဲပြားစေပြီး ပိုမိုကျယ်ပြန့်သော ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများ ဖန်တီးရန် အရေးကြီးကြောင်း၊ RCEP သည် ဤလိုအပ် ချက်များကို ဖြည့်ဆည်းနိုင်မည့် အခွင့်အရေးကိုပေးနိုင်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူညီချက် (Comprehensive Economic Partnership Agreement-CEPA)နှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြု လုပ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး RCEP နှင့် CEPA တွင် ပါဝင်ခြင်းသည် အဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်ပြီး ၎င်းတို့၏စီးပွားရေးအတွက် အပြန်အ လှန် အကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း သိရှိရသည်။

စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို နီးကပ်စွာ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်သည် ပါဝင်သည့် အဖွဲ့ဝင်များ၏ ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို မြှင့်တင်ရန် ဖြစ်ကြောင်းနှင့် ပိုမိုကျယ်ပြန့်၍ လွတ်လပ်သော ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အချင်းချင်း အပြန်အလှန်ဖြည့်ဆည်းရန်နှင့် ၎င်းတို့၏ သက်ဆိုင်ရာ နှိုင်းယှဉ်အားသာချက်များကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်စေရန်ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ခုစီ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကိုအမှန်တကယ် အထောက်အကူပြုရန် ပါဝင်သော အဖွဲ့ဝင်များအကြားတွင် စက်မှုလုပ်ငန်းကွင်းဆက်များ ပေါင်းစည်းခြင်းသည် မရှိမဖြစ် လိုအပ်ကြောင်း၊ အပြန်အလှန်အားဖြင့် အနှောင့်အယှက်များနှင့် ကုန်သွယ်မှုအတားအဆီးများသည် နိုင်ငံအားလုံးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းများကို ဆုံးရှုံးစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

RCEP သည် အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးပေါင်းစည်းတည်ဆောက်မှု၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးမှုအခွင့်အလမ်းများ မျှဝေပေးသည့် သိသာထင်ရှားသော ဥပမာတစ်ခုဖြစ်ကြောင်းသိရှိရသည်။

စတင်အကောင်အထည်ဖော်ချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများသည် ပိုမိုနီးကပ်လာကာ ကုန်သွယ်ရေး တိုးတက်မှုကို တည်ငြိမ်စေပြီး တွန်းအားဖြစ်စေခဲ့ကြောင်း၊ ဤဒေသသည် ရင်းနှီးမြှုပ်နှံမှုအတွက် ကမ္ဘာ့အချက်အချာနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ဘက်စုံလွတ်လပ်သောကုန်သွယ်မှုကို တိုးချဲ့ခြင်းနှင့် အရည်အသွေးမြင့်မြင့်အကောင်အထည်ဖော်ခြင်းသည် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် RCEP တွင် ပါဝင်ရန် စိတ်ဝင်စားခြင်းသည် ရေတိုစီးပွားရေး ပြဿနာများသာမက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမျှော်မှန်းချက်များကြောင့်လည်း ဖြစ် ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် RCEP တွင် ပါဝင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာ လတွင် ဆုံးဖြတ်ခဲ့ခြင်းသည် သေချာစွာ စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိများ၏ပြောကြားချက်အရ Business Standard က ဖော်ပြခဲ့ကြောင်း သိရှိ ရသည်။

အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံနှင့် ဒေသအများစုသည် RCEP တွင် ပါ ဝင်နေပြီးကမ္ဘာ့စီးပွားရေး၏ အတက် ကြွဆုံးဒေသဖြစ်လာရန် အဆင်သင့်ဖြစ်နေကြောင်း ယင်းစီးပွားရေးနှင့် ချိတ်ဆက်ရန်ဘင်္ဂလားဒေ့ရှ်အတွက် အရေးကြီးကြောင်းဖော်ပြထားသည် ဟု သိရှိရသည်။

RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ချောမွေ့စွာ ပြီးဆုံးပါက RCEP တွင် ပါဝင် ခြင်းသည်ဘင်္ဂလားဒေ့ရှ်အတွက် ကုန်သွယ်ရေးဖြေလျှော့မှုကို သိသိသာသာမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ RCEP သည် အာရှ-ပစိဖိတ်ဒေသကို လွှမ်းခြုံထားသည့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ဖြစ်ပြီး ၎င်း၏အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများမြှင့်တင်ပေးနိုင်ကြောင်း၊ ဤမတူကွဲပြားသောကုန်သွယ်မှုပလက်ဖောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခြင်းသည် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးအပေါ် လေးနက်သော အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း သိရှိရပါသည်။

RCEP အဖွဲ့ဝင်ဖြစ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အထူးသဖြင့် တရုတ်၊ ဂျပန်၊ တောင် ကိုရီးယားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကဲ့သို့ အဓိကစီးပွားရေးနိုင်ငံများသို့ စျေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ပေးမည်ဖြစ်ကြောင်း၊ RCEP အဖွဲ့ဝင် ၁၅ နိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုရာ ဤအဖွဲ့သို့ဝင်ရောက်မှုသည် အထည်အလိပ်၊ ချုပ်ပြီးအထည်၊ ဆေးဝါးနှင့် အခြားကုန်ပစ္စည်းများအပါအဝင် ဘင်္ဂလားဒေ့ရှ်၏ အဓိကပို့ကုန်ကဏ္ဍများကိုမြှင့်တင်ရန် မျှော် လင့်ထားကြောင်း သိရှိရပါသည်။

ထို့အပြင် RCEP တွင် ပါဝင်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်၏ ဒေသတွင်းတန်ဖိုးကွင်းဆက်များနှင့် ချိတ်ဆက်မှု သိသိသာသာတိုးတက်လာမည်ဖြစ်ကြောင်း၊ သဘောတူညီချက်သည် ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်များ ပေါင်းစပ်ရာတွင် ထိရောက်မှုရှိကြောင်းကို သက်သေပြခဲ့ပြီးဖြစ်ရာ ဘင်္ဂလားဒေ့ရှ်သည် ဒေသတွင်း ထုတ်လုပ်မှုကွန်ရက်များနှင့် ပိုမိုလိုက်လျောညီထွေဖြစ်စေပြီး ၎င်း၏ ထုတ်ကုန်များတန်ဖိုးကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းသိရှိရသည်။

RCEP မူဘောင်သည် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကို လွယ်ကူချောမွေ့စေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် ကုန်ထုတ်လုပ်မှုနှင့်အခြေခံအဆောက်အဦကဏ္ဍများတွင် တိုးမြင့်လာစေရန် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များကို ချဲ့ထွင်ခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလား အလာကို မြှင့်တင်နိုင်မည်ဖြစ်ပြီး၊ ၎င်း၏ ပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးပြီးလူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

စျေးကွက်တစ်ခုတည်းကို မှီခိုအားထားနေခြင်းသည် စိန်ခေါ်မှုများကိုဖြစ်စေသဖြင့် RCEP အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုကိုတိုးချဲ့ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် စျေးကွက်ကွဲပြားမှုကို ရရှိစေပြီး ၎င်း၏စီးပွားရေးကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိရပါသည်။    

ကေခိုင်ကျော်

en.people.cn/n3/2024/1018/c90000-20231053.html