ယခုနှစ် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီတွင် မြန်မာနိုင်ငံမှ ပဲစဉ်းငုံ (ခွဲခြမ်း) တန်ချိန် ၄ သိန်းနှင့် မတ်ပဲ (ခွဲခြမ်း) တန်ချိန် ၁ သန်း အိန္ဒိယဝယ်မည်

အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် မြန်မာနိုင်ငံမှ ပဲစဉ်းငုံ (ခွဲခြမ်း) တန် ချိန် ၄ သိန်းကိုလည်းကောင်း၊ ဖေဖေါ်ဝါရီလတွင် မတ်ပဲ (ခွဲခြမ်း) တန်ချိန် ၁ သန်းကို လည်းကောင်း တင်သွင်းသွားမည်ဖြစ်ပြီး၊ ပြည်တွင်း၌ ၎င်းပဲအမျိုးအစားများ၏ ဈေးနှုန်းများ မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက Economic Times သတင်းစာသို့ ပြောကြားခဲ့သည်။
အိန္ဒိယအနေဖြင့် ပဲစိုက်ဧကများကျဆင်းပြီး၊ ယခင်နှစ်ကထက် ပဲမျိုးစုံထုတ်လုပ်မှု ကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားသည့်အတွက် ယခုအခါတွင် ပဲများကို ပြည်ပမှတင်သွင်း လျက်ရှိသည်။ ယခုနှစ် ဇန်နဝါရီတွင် အဆိုပါပဲများကို သိုလှောင်၍ ဈေးတင်ရောင်းချခြင်းမှ ကာကွယ်ရန်နှင့် စားသုံးသူများ ဈေးနှုန်းသင့်တင်စွာဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ အစိုးရက ပဲလက်ကျန် သိုလှောင်ထားရှိမှု ပမာဏကို ကန့်သတ်ထိန်းချုပ်ခဲ့သည်။ အဆိုပါကန့်သတ်ချက်သည် အောက်တို ဘာလ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသွားသည့်အတွက် ဒီဇင်ဘာလကုန်အထိ ထပ်မံ၍ သက် တမ်းတိုးမြှင့်ခဲ့သည်။
ယခုလ ၅ ရက်နေ့က မတ်ပဲ၏ အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံး ပျှမ်းမျှလက်လီဈေးမှာ ၁ ကွင် တယ် (၁၀၀ ကီလိုဂရမ်) လျင် ရူပီး ၁၁၁၉၈ ဒသမ ၀၉ ရှိပြီး၊ ယခင်နှစ်က ရူပီး ၉၆၂၇ ဒသမ ၄၈ သာရှိခဲ့ကြောင်း အစိုးရ အချက်အလက်များအရသိရသည်။ ပဲမျိုးစုံ လက်လီဈေးဖေါင်းပွမှုသည် အောက်တိုဘာတွင် ၁၈ ဒသမ ၇၉ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး၊ အဓိကအားဖြင့် ပဲစဉ်းငုံ (၄၀ ဒသမ ၉၄%)၊ ကုလားပဲ (၁၁ ဒသမ ၁၆%) နှင့် ပဲတီစိမ်း (၁၂ ဒသမ ၇၅%) တို့က ဈေးဖေါင်းပွမှု အမြင့်ဆုံးပဲများ ဖြစ်ကြောင်း သိရသည်။ ပဲစဉ်းငုံဈေးဖေါင်းပွမှုနှုန်းသည် စက်တင်ဘာကထက် ၃၇ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ အစိုးရအနေဖြင့် မတ်လအတွင်းက ပဲစဉ်းငုံအပေါ် သွင်းကုန်ခွန်ဖယ်ရှားခဲ့ပြီး အာဖရိက နှင့် မြန်မာနိုင်ငံတို့မှ တိုးမြှင့်တင်သွင်းခဲ့သည့်ကြားက ယင်းကဲ့သို့ ဈေးနှုန်းများမြင့် တက်နေခြင်း ဖြစ်သည်။
အဆိုပါ အခြေအနေအား ပိုမိုဆိုးရွှားစေသည့်အချက်မှာ ခါရစ်(မိုးရာသီ)တွင် ပဲစဉ်းငုံစိုက် ဧကများ ကျဆင်းပြီး ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အပြန်အလှန်အားဖြင့် လွန်ခဲ့ သောလအနည်းငယ်က စားနပ်ရိက္ခာဈေးနှုန်းများကို မြင့်တက်စေခဲ့သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က ပဲစဉ်းငုံစိုက်ဧရိယာ ဟက်တာ ၄ ဒသမ ၆၁ သန်းရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ကာလတူတွင် ဟက်တာ ၄ ဒသမ ၃၉ သန်းသို့ကျဆင်းခဲ့ကြောင်း အစိုးရ အချက်အလက်များက ဖော်ပြထားသည်။
အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၄ ခုနှစ် ခရစ်ရာသီ သီးနှံအထွက် ပထမအကြိမ် ကြိုတင်ခန့်မှန်းချက်အရ ပဲစဉ်းငုံအထွက်ကို ယခင်နှစ်နှင့် အလားတူ တန်ချိန် ၃ ဒသမ ၄၂ သန်း ထွက်ရှိမည်ဟု ခန့်မှန်းဖော်ပြထားသည်။ ယခုနှစ် မတ်ပဲစိုက်ဧကမှာ ဟက်တာ ၃ ဒသမ ၀၇ သန်းရှိ ကာ ယခင်နှစ်က ဟက်တာ ၃ ဒသမ ၁၀ သန်းရှိခဲ့သည့်အတွက် ကျဆင်းခဲ့ကြောင်း တွေ့ရသည်။
ပဲစဉ်းငုံ (ခွဲခြမ်း) ကို အိန္ဒိယနိုင်ငံ ဒေသအများအပြားတွင် စားသုံးကြသည့် အတွက် တစ်နှစ်လျင် တန်ချိန် ၄၅ သိန်း (၄ ဒသမ ၅ သန်း) လိုအပ်ကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် သီးနှံ အသင်း ဥက္ကဌ Bimal Kothari က ပြောကြားခဲ့သည်။ ယခုနှစ် နိုဝင်ဘာတွင် ပဲစဉ်းငုံဈေးနှုန်း ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည့်အတွက် ပဲမျိုးစုံဈေးဖေါင်းပွမှု ဆက်လက်အရှိန်မြင့်တက်နိုင်သည် ဟု ကျွမ်းကျင်သူများ က ထောက်ပြကြသည်။ ပဲစဉ်းငုံကို လက်လီဈေးကွက်တွင် ၀ ဒသမ ၈ ရာခိုင် နှုန်း ပိုမိုဝယ်ယူကြကြောင်း သိရသည်။
လက်ကားဈေးကွက်တွင် ပဲစဉ်းငုံ (ခွဲခြမ်း) ဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျင် ရူပီး ၈၇ မှ ၉၀ အတွင်းရှိသည်။
ပြည်ပမှ တင်သွင်းထားသော ပဲများဈေးကွက်အတွင်းဝင်ရောက်လာပါက ယခုကဲ့သို့ ပဲဈေး နှုန်း ရုတ်တရက်မြင့်တက်ခြင်းမျိုး မရှိနိုင်တော့ဟု ခန့်မှန်းရကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသော ပဲစဉ်းငုံများသည် အိန္ဒိယသို့ရောက်ရှိလာမည် ဖြစ်ကြောင်း Kothari က ဖြည့်စွက်ပြောကြားခဲ့သည်။
ဘာရိုဒါဘဏ် (The Bank of Baroda) မှ ၂၀၂၃-၂၀၂၄ ခုနှစ် ခါရစ်သီးနှံများထွက်ရှိမှု ကြိုတင်ခန့်မှန်းချက် အစီရင်ခံစာအရ မတ်ပဲ (ခွဲခြမ်း) ထုတ်လုပ်မှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျင် ကျဆင်းဖွယ်ရှိကြောင်းနှင့် ယခင်ဘဏ္ဍာနှစ်က တန်ချိန် ၁ ဒသမ ၇၇ သန်းရှိပြီး၊ ယခုဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၅ သန်းမှ ၁ ဒသမ ၆ သန်းသာရှိမည်ဟု ၎င်းက ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ပဲမျိုးစုံအဓိက တင်သွင်းရာဈေးကွက်ဖြစ်ပြီး ပဲစဉ်းငုံနှင့် မတ်ပဲတို့ကို အများဆုံးဝယ်ယူတင်သွင်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီလများ တွင် အဆိုပါပဲများကို တန်ချိန် ၁ သန်းအထိ မြန်မာနိုင်ငံမှ ဝယ်ယူတင်သွင်းသွားရန် ပြင်ဆင်လျက်ရှိ သည့် အပေါ် သိရှိပြီး၊ လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် လေ့လာတင်ပြ လိုက်ပါသည်။
ကောင်းထွဋ်အောင်
ရည်ညွှန်းချက်။ The Economic Times သတင်းဌာန၊ “India to import tur, urad from Myanmar in January-February”