သဘာဝမြေသြဇာ ထုတ်လုပ် သုံးစွဲမှုတိုးတက်ရေး နှင့် ရေရှည်တည်တံ့သော ဘက်စုံ စိုက်ပျိုးမွေးမြူရေး စနစ် ထွန်းကားလားစေရေး ကြိုးပမ်းဆောင်ရွက်

သဘာဝမြေသြဇာ ထုတ်လုပ် သုံးစွဲမှုတိုးတက်ရေး နှင့် ရေရှည်တည်တံ့သော ဘက်စုံ စိုက်ပျိုးမွေးမြူရေး စနစ် ထွန်းကားလားစေရေး ကြိုးပမ်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် မေလ(၂၆) ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေသြဇာစက်ရုံ ၏ နွားမွေးမြူရေး နှင့် သဘာဝမြေသြဇာထုတ်လုပ်မှုများကို ကြည့်ရှုစစ်ဆေးရာ ခြံတာဝန်ခံက ဒေသနွား နှင့် နို့စားနွားမွေးမြူရေး ဆောင်ရွက်နေမှု၊ နွားစာမြက်(နေဗီယာ) စိုက်ပျိုးထားရှိမှုနှင့် သဘာဝ မြေသြဇာထုတ်လုပ်မှုများကို ရှင်းလင်းတင်ပြသည်။ 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က နေပြည်တော်ကောင်စီနယ်မြေ၏ လယ်ယာကုန် ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သဘာဝမြေသြဇာ ထုတ်လုပ် သုံးစွဲမှုတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏ အားပေးဆောင်ရွက်နေမှု ၊ စိုက်ပျိုး မွေးမြူရေး အခြေခံသော ပုဂ္ဂလိက လုပ်ငန်းများအောင်မြင်တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ချောင်းမငယ်ဆည်ရေသောက်စနစ်ရှိ (၂၀၂၃-၂၀၂၄)ခုနှစ် နွေစပါးအထူးအထွက်တိုး စံပြကွက်သို့ ရောက်ရှိပြီး တောင်သူဦးတင်ငွေ ၏ နှံကောက်ထွန်း(၃)ဧက စိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူက (၂၀၂၃-၂၀၂၄)ခုနှစ် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ အတွက် ချောင်းမငယ် ဆည်ရေသောက်စနစ်၏ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ ကိုလည်းကောင်း၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက  နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံမျာား စိုက်ပျိုးရန်လျာထားဆောင်ရွက်နေမှုနှင့် ပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်နေမှုများကို လည်းကောင်းရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီး က တောင်သူများအတွက် သဘာဝမြေသြဇာများပေးအပ်သည်။ 

ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ထွက်ရှိလာသည့်သီးနှံများ ဈေးကောင်းရရှိနေမှု၊သွင်းအားစုစရိတ် လျှော့ချနိုင်ရေး နှင့် တစ်ဧကချင်း၏ ထုတ်လုပ်မှု တိုးတက်ရေး အတွက် နည်းပညာများ စနစ်တကျ လိုက်နာအသုံးပြု ဆောင်ရွက်ရန် ၊ ဆည်ရေများအလေအလွင့် မရှိ စနစ်တကျ သုံးစွဲနိုင်ရေး စီမံ ဆောင်ရွက်ရန် လိုအပ် ချက်များ ၊ ရာသီ အလိုက် စိုက်ပျိုးမည့် သီးနှံပုံစံ ရေးဆွဲ ရာ၌  သီးနှံ၏ သက်တမ်း နှင့် ရေလိုအပ်ချက် ကို  တွက်ချက်၍ ရေသွင်းစနစ်များချိန်ညှိ ဆောင်ရွက်ရန် လိုအပ်ချက် များကို ဆွေးနွေးမှားကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေး သမဝါယမအသင်း က မွေးမြူထားသည့် ဘရာမင်နွား နှင့် ဒေသနွား မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အသင်း၏လိုအပ်မှုများအပေါ်  ဌာနမှ ကူညီ ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားသည်။ 

အလားတူ အင်းသာကျေးရွာရှိ ရာဇာနိုင် အသားတိုးကြက် မွေးမြူရေးခြံ အားကြည့်ရှုစစ်ဆေးရာ ခြံတာဝန်ခံက အသားစားကြက် ကောင်ရေ (၁၆၃,၅၀၀) မွေးမြူ ထားပြီး နေပြည်တော်အတွင်း ကြက်သားစားသုံးမှုအတွက် ၂၀%ဖြည့်ဆည်း ပေးနိုင်မှုကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်နှင့် မွေးမြူရေး ထွက်ကုန်များကို စားသုံးသူပြည်သူများ သင့်တင့်သော စျေးနှုန်းဖြင့် စားသုံးနိုင်ရေးအလေးထား ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံရေး အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျည်တောင်ကန်ကျေးရွာရှိ ကျည်တောင်ဝက်မွေးမြူရေးခြံ တွင် C.P Co.,Ltdနှင့် ကျေးရွာတို့ပူးပေါင်း၍ ဆင့်မြင့် မွေးမြူရေးခြံ (၈)ခြံ၌ C.Pအသားတိုးဝက် မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တွေ့ဆုံ၍ လုပ်ကွက်ငယ် မွေးမြူရေးတောင်သူများကို နည်းပညာ ပေးခြင်း၊ ပူးပေါင်းလက်တွဲ ဆောင်ရွက်ခြင်း၊ အစာကျွေးမွေးမှု၊ အဟာရ ပြည်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များ နှင့် ရောဂါထိန်းချုပ်ရေး ကူးစက်ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။