အစိုးရ-ပုဂ္ဂလိကပူးပေါင်း၍ ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် Export Zone ဇုန်များ ဖော်ဆောင်မည်

အစိုးရ-ပုဂ္ဂလိကပူးပေါင်း၍ ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် Export Zone ဇုန်များ ဖော်ဆောင်မည်

 “ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေး အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲ” ကို မတ်လ(၂၅)ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင် နှင့် ဦးလှမိုး ၊  ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ၊ အမြဲတမ်းအတွင်းဝန် နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ နှင့် ညီနောင်အသင်းအဖွဲ့များ မှ တာဝန်ရှိသူများ၊ ဆန်စပါးပညာရှင်များ၊ မျိုးစေ့ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ၊ မျိုးစေ့ထုတ်တောင်သူများ တက်ရောက်ဆွေးနွေးကြသည်။

၁

အစီအစဉ်ပထမပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ ဆွေးနွေးပွဲတွင် ဆန်စပါး  မျိုးစေ့ ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် Export Zone များ ဖော်ဆောင်ရေး ကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်နိုင်ရန် ဝန်ကြီဌာနက ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏ လိုအပ်ချက် နှင့် အကြံပြုချက်များ တင်ပြဆွေးနွေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း ၏ အန္တိမရည်မှန်းချက်ဖြစ်သော အကျိုးအမြတ် များများ ရရှိရေး ၊ Export Zone များ တည်ထောင်ပြီး ပိုမို ခိုင်မာ သည့် ပြည်ပဈေးကွက်များ ရရှိလာနိုင်ရေး နှင့် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေရေး အတွက် မိမိတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

၁

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဆန်စပါးမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် Export Zone များ ဖော်ဆောင်ရေး စီစဉ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် က ဒေသတွင်းနိုင်ငံများ၏ ဆန်တင်ပို့မှုနှင့် ဈေးကွက်အခြေအနေများ၊ နိုင်ငံတကာတွင် မြန်မာ့ဆန် ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် သီးနှံအရည်အသွေးနှင့် မျိုးကောင်းမျိုးသန့်သုံးစွဲစိုက်ပျိုးရန်လိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။

၁

ထို့နောက် ဆွေးနွေးပွဲ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ ၊ တောင်သူများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ပြည်ပသို့ ဆန်တင်ပို့ရောင်းချခြင်းအတွက် စိုက်ပျိုး ထုတ်လုပ်ရန် မျိုးကောင်းမျိုးသန့် ရွေးထုတ်ခြင်းကို တိုင်းဒေသကြီး ပြည်နယ် အလိုက် လေ့လာ ဆောင်ရွက်ရန်၊ တကွဲတပြားဖြစ်နေသည့် မျိုးစေ့ထုတ်သူများအား ပြန်လည်စုစည်းရန်၊ ပန်းတိုင်အထွက် ရည်မှန်းချက်နှင့် ဆန်တင်ပို့ခြင်းအတွက် အကျိုးများနိုင်မည့် အထွက်ကောင်း စပ်မျိုး Hybrid Rice စိုက်ပျိုး ထုတ်လုပ်မှုကို စဉ်းစားပေးနိုင်ရေး ၊ ဆန်စပါးအထူးပြုကုမ္ပဏီများ၊ ဆန်တင်ပို့ရောင်းချသူများအား  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က ဦးဆောင်၍ မျိုးစေ့ထုတ် လုပ်ငန်းများကို ဧရာဝတီတိုင်း ဒေသကြီးတွင် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ၊ ဆန်စပါးအထူးပြုကုမ္ပဏီများ က စိုက်ပျိုးထုတ်လုပ်မှု နှင့် တင်ပို့မှုရောင်းချမှု ဟန်ချက်ညီ ဖြစ်စေရန် လိုအပ်သော ဆန်အမျိုးအစားအလိုက် စပါးစိုက်ဧရိယာလိုအပ်ချက်များ ကို တွက်ချက်ပြီး Export Zone များ သတ်မှတ်ရန် ၊ အသေးစား၊အငယ်စားနှင့်အလတ်စား မျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထိုက်သင့်သည့် ရင်းနှီးမြုပ်နှံမှု ရရှိရေး ၊ မျိုးစေ့အခြောက်ခံ ခြင်း၊ သိုလှောင်ခြင်း၊ ထုပ်ပိုးခြင်း အပါအဝင် လုပ်ငန်းရှင်များ၏ အရင်းအနှီး ချေးငွေ ရရှိရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ၊ မျိုးစေ့ထုတ် တောင်သူများ အား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံကိန်းနှင့် ချိတ်ဆက်ပေးရန်၊ တောင်သူကြီးများ အတွက် ကန်ထရိုက် လယ်ယာစနစ် အထူးချေးငွေ နှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန် ၊ တောင်သူနှင့် ဆန်စပါးကုမ္ပဏီများကြား မျိုးစေ့ထုတ် လုပ်ငန်း သတင်းအချက်အလက် ရရှိမှု ကောင်းမွန်စွာ စီးဆင်းရန် ၊ မျိုးစေ့လုပ်ငန်း ပိုမိုတွင်ကျယ် လာစေရေးအတွက် မျိုး၊မြေ၊ရေ၊နည်း လိုအပ်ချက်ကို တောင်သူများ စနစ်တကျ အသုံးပြုနိုင်ရေး တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက် များကို ဆွေးနွေးခဲ့ကြသည်။

၁

ဆွေးနွေးပွဲ ဒုတိယပိုင်း အစီအစဉ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဆွေးနွေးမှာကြားရာတွင် စပါးမျိုးအမည်များ ကို ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးသုံးစွဲနေမှုအား ပြန်လည်စိစစ်ပြီး မျိုးဗီဇကိုအခြေခံ သည့် မျိုးအမည်ကို တပြေးညီ သုံးစွဲနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန် လိုအပ်ကြောင်း ၊ လယ်ယာမြေများတွင် ခွင့်ပြုချက်မရှိပဲ အခြားနည်းပြောင်းလဲသုံးစွဲမှုများ မပြုလုပ်ကြရန် နှင့် အသုံးပြုရန်လိုအပ်ချက် ရှိပါက  တည်ဆဲလယ်ယာမြေ ဥပဒေ ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ခွင့်ပြုချက်တောင်းခံရန် လိုမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များ လုပ်ငန်းရှင်များအားလုံးက ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က စက်မှုလုပ်ငန်းများဖွံ့ဖြိုးလာရေးအတွက် အခြေခံကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လယ်ယာကဏ္ဍဖွံ့ဖြိုးရန် တောင်သူလယ်သမားများ လုပ်ငန်းရှင်များ ၏ ရင်းနှီးမြုပ်နှံမှုငွေကြေးလိုအပ်ချက်သည် အလွန်အရေးပါကြောင်း၊ လုပ်ငန်းတူ စိတ်တူ သဘောတူ ဆန္ဒတူညီသူများစုဖွဲ့ပြီး သမဝါယမအသင်းအဖြစ် လုပ်ကိုင်မည်ဆိုပါက သမဝါယမ ချေးငွေရရှိနိုင်မှုအခွင့်အလမ်းများရှိပါကြောင်း နှင့် မျိုးစေ့ထုတ် သမဝါယမအသင်း ၊ လယ်ယာ ကုန်ထုတ်ဝန်ဆောင်မှုသမဝါယမအသင်းများအဖြစ် တည်ထောင်လုပ်ကိုင်လိုပါက ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်၍ စုပေါင်း ကြိုးပမ်း ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံတွင် စပါးသီးနှံကို မျိုးကွဲပေါင်းများစွာ စိုက်ပျိုးနေကြခြင်းကြောင့် ဆန် အရည်အသွေးကို ထိန်းချုပ်ရန်ခက်ခဲပြီး နိုင်ငံတကာဈေးကွက်တွင် ရသင့်သည့် ဈေးနှုန်း မရရှိခြင်း၊ ပြည်ပသို့တင်ပို့ရောင်းချရန် စပါးဝယ်ယူရာတွင်လည်း ဒေသအနှံ့ မှ စုဆောင်းဝယ်ယူ ရသဖြင့် သယ်ယူကိုင်တွယ်မှု ကုန်ကျစရိတ် အရင်းအနှီး များပြားခြင်းကြောင့်  ကုန်ကြမ်းစပါး ကို ဈေးမြင့်မြင့် မပေးနိုင်တော့၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ ရသင့်သည့် အကျိုးအမြတ် မရရှိခြင်း စသည့်အခြေအနေများကို ဖြေရှင်း နိုင်ရန် export ဆန် အဆင့်အတန်းမီထုတ်လုပ်နိုင်မည့် rice export zone များ ထူထောင်ဆောင်ရွက် နိုင်ရေး အတွက် အစိုးရ-ပုဂ္ဂလိကတို့ ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း သတင်းရရှိသည်။