ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ဓါတ်တုဆေးဝါးများမသုံးစွဲပဲ သဘာဝနည်းပညာဖြင့် ကြာရှည်အထားခံနိုင်မည့် နည်းပညာများ ရှာဖွေဖော်ထုတ်ပေးရန်ကြိုးပမ်း

နေပြည်တော်၊ ဒီဇင်ဘာ(၃၁)
စိုက်ပျိုးရေးထွက်ကုန်သီးနှံများ ၊ အထူးသဖြင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများတွင် ဆွတ်ခူးရိတ်သိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရ သည့် လေလွင့်ဆုံးရှုံးမှုကို လျော့ချနိုင်ရန်နှင့် သီးနှံအရည်အသွေးကို ထိခိုက်မှုမရှိစေပဲ ကြာရှည်အထားခံ နိုင်စေမည့် ထုပ်ပိုးသိုလှောင် ခြင်း၊ ပြုပြင်စီမံခြင်း ၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း စသည့် ရိတ်သိမ်းချိန်လွန်နည်းပညာများကို တွင်ကျယ်စွာ အသုံးချနိုင် စေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA)တို့ ပူးပေါင်း၍ ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHRI)ကို ဇေယျာသီရိမြို့နယ်၊ ရေဆင်း ၌ ဖွင့်လှစ် ထားရှိရာ ဒီဇင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ (PHRI) ဌာန ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားလာစေရန်၊ လယ်ယာထွက်ကုန်များ လေလွင့်ဆုံးရှုံးမှု လျော့နည်း စေခြင်း၊ ကြာရှည်အထားခံနိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ပြီး လူနေမှု ဘဝ မြင့်မားလာစေရန် စိုက်ပျိုးရေး ဦးစီးဌာန ၊ ဥယျာဥ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲက (PHRI) ဌာန က ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာတွင် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ နည်းပညာပေးသင်တန်းများ ၊ ဟင်းသီးဟင်းရွက် လေလွင့်ဆုံးရှုံးမှုများ စစ်တမ်း ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ရိတ်သိမ်းချိန်လွန်နည်းပညာဌာန (PHRI) လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရိတ်သိမ်းချိန်လွန်နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် စီမံခန့်မှုဆိုင်ရာ နည်းပညာများ တိုးတက် လာစေရေးနှင့်သုတေသနရလဒ် ဖြန့်ဝေရေး လုပ်ငန်းများ အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားလာခြင်းဖြင့် လယ်ယာထွက်ကုန်များ၏ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေပြီး ကြာရှည်အထားခံနိုင်ခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာပြီး လူနေမှုဘဝ မြင့်မား လာစေရန် ကြိုးပမ်းပေးကြစေလိုကြောင်း၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ဓါတုဆေးဝါးများမသုံးစွဲဘဲ သဘာဝနည်းပညာဖြင့် ကြာရှည်အထားခံနိုင်မည့် နည်းပညာများ ရှာဖွေဖော်ထုတ်ကြရန် ၊ ဟင်းသီး ဟင်းရွက် ရောင်းချသူ အစုအဖွဲ့များအား ဓာတုဆေးများ မသုံးပဲ တာရှည်ထားနိုင်သည့် နည်းပညာများ ရှင်းပြ အသိပညာပေးခြင်းကိုလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးရန်၊ လက်တွေ့ကျပြီး ပိုမိုထိရောက်အကျိုးရှိမည့် နည်းပညာများ ဖော်ထုတ် ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သီးနှံများ ဆွတ်ခူး ရိတ်သိမ်းပြီးချိန် နောက်ပိုင်းကာလ လုပ်ငန်းစဉ်များ၏ ရိတ်သိမ်းချိန်လွန်စီမံခန့်ခွဲခြင်း လုပ်ငန်းများ ၊ အရည်အသွေးတိုင်းတာခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ စမ်းသပ်ခြင်းနှင့် အစားအစာ ဘေးကင်းလုံံခြုံမှု သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။