ရန်ကုန်ဈေးကွက်
(၂၅-၁၁-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။_
ဆန်ဈေးကွက်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၈၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရ သည်။ ယခင်အပတ်ဈေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ဆန်တစ်အိတ်လျှင်(၁၀၀၀၀)ကျပ်နှုန်း ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ အရောင်းအဝယ်အေးသော်လည်း ဆန်ဟောင်းလက်ကျန်အလွန် နည်းလာချိန်ဖြစ်ခြင်းကြောင့် ယခင်အပတ်ထက် သိသာစွာ ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ ကျန် ဆန်အမျိုးအစားများမှာ ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန် အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ် လျှင်၅၅၀၀၀ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်းအလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၄၈၀၀၀ ကျပ် နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၄၇၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငစိန်ဆန်အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၅၂၀၀၀ကျပ်နှုန်းနှင့်အောက်စတစ်အိတ်လျှင် ၅၀၀၀၀ကျပ်နှုန်းဖြင့် လည်းကောင်း အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ အိမ်နီးချင်းနိုင်ငံများ၏ ပြည်ပပို့ဆန်ဈေးနှုန်းများ ကျဆင်းနေမြဲဖြစ်ခြင်း၊ ပြည်တွင်း/ပြည်ပမှ ဝယ်လိုအားပုံမှန်ရှိခြင်း၊ ဆန်ဈေးနှုန်းများတည်ငြိမ် မှန်ကန်စေရေးအလို့ငှာ စားသုံးသူများထံသို့ သင့်တင့်မျှတသော ဆန်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ မဒါဂတ်စကာ၊ တရုတ်၊ မိုဇမ်ဘစ်၊ ပိုလန်၊ စပိန်၊ ဗီယက်နမ်၊ ချက်ရီပတ်ဘလစ်၊ ဘယ်လဂျီယမ်၊ တီမောလက်စတီ၊ မလေးရှား၊ လစ်သူရေးနီး ယား၊ တူရကီ၊ စလိုဗေးနီးယား၊ နယ်သာလန်၊ ယူကေနိုင်ငံများသို့ ဆန်တင်ပို့မှုရှိခဲ့ ကြောင်း သိရသည်။ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုရှိခဲ့ ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်းဈေးကွက်
အစေ့ထုတ်ပြောင်းဈေးနှုန်းများကျဆင်းနေခဲ့ရာမှ ရက်သတ္တပတ် ၂ ပတ်ဆက်တိုက်အနည်းငယ်စီ ဈေးမြင့်လာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း မွေးမြူ ရေးအစားအစာနှင့် အရက်ချက်စက်ရုံများ၏ ဝယ်လိုအားရှိလာခြင်းကြောင့် အစေ့ထုတ် ပြောင်းဈေးနှုန်းများ ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ယခင် အပတ် ပျမ်းမျှဈေးနှုန်းမှာ ၇၆၁၄၀ ကျပ်ဖြစ်ပြီး ယခုအပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၇၇၂၂၀ ကျပ်သို့ ရောက်ရှိဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလဒုတိယရက်သတ္တပတ်၏ ဈေးနှုန်းဖြစ်သော ၇၄၅၂၀ ကျပ်မှ ၂ ပတ်ဆက်တိုက် ဈေးမြင့်လာခဲ့ခြင်းဖြစ်သည်။ လာမည့် ၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ကြက်မွေးမြူရေးလုပ်ငန်းများတိုးတက်လာခြင်း၊ ဝက်မွေးမြူရေးလုပ်ငန်းများ နာလန်ထူလာခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဝယ်လိုအားမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းချက်များလည်း ထွက်ပေါ်လာခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထောက် ခံချက်များလည်း မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံသည် သတ်မှတ်ချက်နှင့်ကိုက်ညီသော ပြောင်းတင်ပို့နိုင်ငံ အသစ်များမှလည်း ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။
ပဲမျိုးစုံဈေးကွက်
အိန္ဒိယနိုင်ငံတွင် မိုးစိုက်ပဲသစ်များအဝင်နည်းလာခြင်း၊ ပဲခွဲစက်များနှင့် ကုန်သည်များမှလည်း အဝယ်ရှိလာချိန်ဖြစ်ခြင်း၊ ဘရာဇီးမတ်ပဲ အဝင်နည်းခြင်း၊ ပဲလက်ကျန်နည်းလာခြင်း၊ လက်ရှိဆောင်းစိုက်ပဲဧရိယာအချို့လျော့နည်းနေခြင်းတို့ကြောင့် မတ်ပဲဈေးနှုန်းများ ဈေးမြင့်ခဲ့သည်။ ပဲစင်းငုံ ဈေးနှုန်းမှာမူ အာဖရိကမှ ပုံမှန်အဝင်ရှိခြင်းကြောင့် ဝယ် လိုအားနည်းကာ ဈေးနိမ့်လျက်ရှိသည်။ ထို့ကြောင့် မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၂၆၀၇၀၀၀ ကျပ်မှ ၂၆၆၂၀၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့်ခဲ့သည်။ ပဲစင်းငုံ (သင်္ဘောတင်)မှာမူ မြန်မာပြည်တွင်း၌ လက်ကျန်နည်းလာချိန်ဖြစ်သော်လည်း ပြည်ပမှ ဝယ်လိုအားမရှိခြင်းကြောင့် ယခင်အပတ်ထက် ဆက်လက်ဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၂၅၈၅၀၀၀ ကျပ်မှ ယခုအပတ် ဈေးနှုန်း ၂၅၄၅၀၀၀ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၆ ရက် ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ ၁၀၅ လုံးခန့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံ(သင်္ဘောတင်)မှာမူ အရောင်းအဝယ်ဖြစ်မှု မရှိ သလောက်နည်းခဲ့ ကြောင်းသိရသည်။ ပဲတီရွှေဝါ ဈေးနှုန်းများမှာ မျိုးအဖြစ်ဝယ်ယူချိန်ဖြစ်ခြင်း၊ မတ်ပဲအစားထိုး စိုက်ပျိုးရန် ဝယ်ယူမှုရှိခြင်းတို့ကြောင့် ယခင်အပတ်ထက်ဈေးမြင့်လာခဲ့သည်။ ပဲတီ ရွှေဝါ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၄၀၅၄၅၀ ကျပ်သို့ ရောက်ရှိဈေးမြင့် ခဲ့သည်။ထောပတ်ပဲမှာ ပဲဟောင်းလက်ကျန်နည်းခြင်းနှင့်ဝယ်လိုအားများခြင်းကြောင့်အနည်းငယ် ဈေးမြင့်ခဲ့သည်။ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၈၉၃၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၉၄၇၀၀ ကျပ်သို့ ရောက်ရှိ ဈေးမြင့်ခဲ့သည်။ ကုလားပဲနှင့် ဘိုကိတ်ပဲမှာစားသုံးသူများမှဝယ်လိုအားနည်းခြင်းကြောင့် ဈေးနိမ့်ခဲ့သည်။ ကုလားပဲ တစ်ပိဿာ လျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၃၄၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၄၂၉၅ ကျပ်ဖြစ် သည်။ အသီးသီးရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ဘိုကိတ်ပဲမှာ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၁၅၁၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၁၀၀၀၀ ကျပ်ဖြစ် သည်။ ပဲလွမ်းဖြူနှင့်ပဲပုပ်ပဲမှာ ပဲဟောင်းလက်ကျန် နည်းခြင်းနှင့် ဝယ်လိုအား နည်းခြင်းတို့ ကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ ပဲလွမ်းဖြူ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၂၅၇၅၅၀ ကျပ်ဖြစ်ပြီး ပဲပုပ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ပျမ်းမျှဈေးနှုန်းမှာ ၃၂၄၉၀၀ ကျပ်ဖြစ်သည်။
စားသုံးဆီဈေးကွက်
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကုန်ဆုံးသော ကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၃၀ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၂၅ ကျပ် ဈေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပြင်ပရှိလက်လီ ဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေးနှုန်းထက် များစွာမကွာသောဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင်စားအုန်းဆီ ၅၀ကျပ်သားနှုန်းရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီ တစ်ပိဿာ၏ ပြင်ပပေါက်ဈေး မှာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း