ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မြေကြီးမှ ရွှေသီးစေခြင်း
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြန်မာနိုင်ငံ၏ စားနပ် ရိက္ခာဖူလုံမှုအတွက် အလွန်အရေးကြီးသော မြန်မာ့စပါး ကျီဒေသဖြစ်ပါသည်။ ရေအရင်း အမြစ်အနေဖြင့်လည်း မြန်မာ့အသက် သွေးကြော မြစ်ဧရာဝတီသည် ဒေသတစ်ခုလုံးလွှမ်းခြုံနေပြီး ကွန်ယက်သဖွယ် ခွဲဖြာစီးဆင်းနေကာ ဧရာဝတီ မြစ်၏ ရေချိုအရင်းအမြစ်အား အသုံး ချနိုင်ရန် အကောင်းဆုံး ပထဝီဝင် အနေ အထားအား ပိုင်ဆိုင်ပါသည်။ထိုအခွင့်အရေးအား ထိရောက်စနစ်ကျစွာ စီမံအသုံးချနိုင်ရန်အတွက် ရေချိုထိန်း ရေတံခါးနှင့် ရေချိုသွင်းမြောင်းများတည်ဆောက်ခြင်းသည် မြန်မာ့စပါးကျီဒေသမှ သီးထပ် သီးနှံများစွာ ထွက်ရှိနိုင်ရန်အတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါသည်။
စိုက်ပျိုးရေးအားသာချက်များ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဆိုသည်မှာ မြန်အောင်မြို့အထက်ဘက် ၁၅ မိုင်ခန့်အကွာ ဆိပ်သာမြို့မှ အစပြု၍ ပင်လယ်ဝအထိ ဧရာဝတီမြစ်အောက် ပိုင်းအား ခေါ်ဆိုခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၏ ရေချိုသယံဇာတလက်ဆောင်အား အထိရောက် အကျိုးရှိဆုံး ရရှိသည့် ဒေသမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ပါသည်၊၊ အထက်ပိုင်းနှင့်အလယ်ပိုင်းသည် မြင့်မားသော တောင်တန်းများအကြားမှ ကန့်သတ် လွင်ပြင်တွင် ကျဉ်းမြောင်းစွာ စီးဆင်းခဲ့သော ဧရာဝတီသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင်မူ အထူးညီညာပြန့်ပြူးသော လွင်ပြင်တစ်လျှောက် မြစ်ခွဲများအဖြစ် ခက်ဖြာစီးဆင်း သည်ဖြစ်ရာ ရေချိုအသုံးချမှုအတွက် အလွန်အကျိုးရှိမည့် အနေအထားဖြစ်ပါသည်။
မြစ်ဝှမ်းတစ်ခုလုံးမှ တိုက်စားလာသော အနည်အနှစ်များ ပို့ချရာ မြေနုလွင်ပြင် ဖြစ်သောကြောင့်လည်း မြေဆီမြေနှစ်ကောင်းမွန်၍ စိုက်ပျိုး ရေး လုပ်ငန်းများ ဖြစ်ထွန်းကာ လူနေထိုင်မှု ထူထပ်များပြားသောဒေသ ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါး ဧက ၃၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မြန်မာ နိုင်ငံတွင် မိုးစပါးအများဆုံး စိုက်ပျိုးသောဒေသကြီး ဖြစ်ပါသည်။ သီး ထပ် သီးနှံ စိုက်ပျိုးနိုင်မှုမှာ ဧရိယာ ဧက ၂၆ သိန်းခန့်ရှိပြီး ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။
စိုက်ပျိုးရေး အခက်အခဲများ
ဧရာဝတီမြစ်ဝကျွန်းပေါ်သည် ဧရာဝတီမြစ် ရေဆင်းဧရိယာအားလုံး မှ ရေများ၏ ထွက်ပေါက်ဖြစ်ခြင်း၊ အရှေ့တောင်အာရှမြစ်ဝကျွန်းပေါ်များအနက် မိုးအများဆုံး မြစ်ဝကျွန်း ပေါ် ဖြစ်ခြင်း၊ ပင်လယ်ဒီရေအတက် အကျအား တွေ့ကြုံခံစားရသောဒေသဖြစ်ခြင်း၊ မုန်တိုင်းများ မကြာ ခဏ ဝင်ရောက်ရာ လမ်းကြောင်းဖြစ်ခြင်းတို့ကြောင့် စိုက်ခင်းများ ရေနစ်မြုပ်ခြင်းအား တွေ့ကြုံခံစားရလေ့ရှိပါသည်။ ထိုကဲ့သို့ မိုးရာသီတွင် ရေများ ပေါများပိုလျှံသော်လည်း နွေရာသီသို့ ရောက်သောအခါတွင် စိုက်ပျိုးရေ အခက်အခဲများနှင့် ကြုံ တွေ့ရခြင်း၊ နွေသီးထပ်စိုက်ပျိုးရန် ရေချို လုံလောက်မှု မရှိခြင်းနှင့် ပင်လယ်ရေငန်ဝင်ရောက်ခြင်းကြောင့် ရေချိုရေငန်စပ်ဧရိယာများအတွင်း စိုက်ခင်းပျက်စီးခြင်းများအား နှစ်စဉ်တွေ့ကြုံခံစားရလေ့ရှိပါသည်။
သီးထပ်စိုက်ပျိုးရေ လုံလောက်စွာ ရရှိရန် ဆောင်ရွက်နိုင်သောနည်းလမ်းများ
စိုက်ခင်းများအတွင်း သီးနှံများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ရန်အတွက် အရေးကြီးဆုံး အခြေခံ လိုအပ်ချက် ၄ မျိုးမှာ ‘မျိုး၊မြေ၊ရေ၊နည်း’ ဟု ခေါ်သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊မြေဩဇာကောင်းမွန်၍ သီးနှံအထွက်တိုးရန် စနစ်တကျ ပြုပြင်ထားသော မြေယာ များဖြစ်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊သီးနှံအထွက်တိုးစေမည့် စိုက်ပျိုးနည်းစနစ်များဖြင့် စနစ်တကျ စိုက်ပျိုးရေး တို့ ဖြစ်ပါသည်။သို့မှသာ စိုက်ပျိုးဧရိယာများတွင် မိုးသီးနှံများသာမက သီးထပ်သီးနှံများ စနစ်တကျ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ပန်းတိုင် အထွက် နှုန်းရရှိကာ ပြည်တွင်း စားနပ် ရိက္ခာ ဖူလုံမှုသာမက တိုင်းပြည်အတွက် ပြည်ပဝင်ငွေများလည်း ရှာဖွေပေးနိုင်မည် ဖြစ်ပါသည်။ ‘မျိုး၊မြေ၊ရေ၊နည်း’ လိုအပ်ချက်များတွင် သီးနှံဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးသည် အလွန်အခြေခံကျအရေးပါသော လိုအပ် ချက်တစ်ခုဖြစ်ပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ ရေချိုရေငန်စပ်ဧရိယာများအတွင်းနွေသီးထပ် စိုက်ပျိုးနိုင်ရန်အတွက် အဓိကဆောင်ရွက်ရမည့်လုပ်ငန်းများမှာ ရေငန်မဝင်ရောက်စေရေးနှင့် ရေချို လုံလောက်စွာ ရရှိရေးပင်ဖြစ်သည်။ထို့ကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဌာန အနေဖြင့် ရေငန်တားတာနှင့် ရေဘေး ကာကွယ်ရေးတာများ တည်ဆောက်ခြင်း၊ ရေထုတ် ရေတံခါး၊ ရေသွင်းရေတံခါးနှင့်ရေထိန်းရေတံခါးများတပ်ဆင်ခြင်း၊ ရေချိုသွင်းမြောင်းများ တူးဖော်ခြင်း စသည်တို့အား ဆောင်ရွက်လျက် ရှိပါသည်။
၁၉၇၆-၁၉၈၅ ခုနှစ်အတွင်း စပါး(၁) စီမံကိန်း နှင့် ၁၉၈၆-၁၉၉၅ ခုနှစ်အတွင်း စပါး(၂) စီမံကိန်းများဖြင့် ဖျာပုံခရိုင်အတွင်း ရေငန်တားတာတမံ ၁၂ ခု နှင့် ရေထုတ်ရေ တံခါး ၄၁ လုံးကို တည်ဆောက်ခဲ့ပြီး၊ မိုးစပါး စိုက်ပျိုးချိန် ဒီရေဝင်ရောက် နစ်မြုပ်ဖျက်စီးခြင်းမှ ကာကွယ်လျှော့ ချ နိုင်ခဲ့ပါသည်။ ဖျာပုံခရိုင်အတွင်း ၁၉၉၀ ဝန်းကျင် ခုနှစ်များအထိ မိုးစပါးစိုက်ပျိုးနိုင်သော ဧရိယာမှာ ဧက ၅ သိန်း ဝန်းကျင်ခန့်သာရှိခဲ့ပါသည်။ ယခုအခါတွင် တာတမံ၊ ရေတံခါးများနှင့် ရေနုတ်မြောင်းများအား တိုးချဲ့တည်ဆောက်ခြင်း အကျိုး ကျေးဇူးကြောင့် မိုးစပါးစိုက်ဧက ၈ ဒသမ ၇၀ သိန်းကျော် ရှိလာပြီဖြစ်ပြီး နွေသီးထပ်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက်လည်း ရေချိုရရှိရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။
ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရရှိရေး ဆောင်ရွက်ခြင်း
ကြက်ဖမွေးဇောင်း ကျွန်းပတ်တာသည် ဖျာပုံမြို့နယ်အတွင်း တည်ရှိပြီး ရေငန်ဧရိယာ အတွင်း တည်ရှိသော ကျွန်းပတ်တာတစ်ခု ဖြစ်ပါသည်။ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာ အတွင်းသို့ ရေငန်မဝင်ရောက်စေရန် အတွက် အလျားမိုင် ၄၆ မိုင်ရှိသော ကျွန်းပတ်တာကို ၁၉၇၆-၁၉၈၅ ခုနှစ် စပါး(၁) စီမံ ကိန်း အတွင်း တည်ဆောက်ခဲ့သည်။ တာပျမ်းမျှ အမြင့် ၅ ပေခန့် ရှိပြီး၊ သတ်မှတ်တာ အမြင့် ၈ ဒသမ ၅ ပေဖြင့် တည်ဆောက်ခဲ့ပါသည်။ ပင်လယ် ရေငန်တက်ရောက်မှုမှာ အမြင့်ဆုံး ၆ ပေအထိ ဖြစ်ရာ လုံလောက်သော တာအမြင့်ဖြင့် ရေငန်ဝင်ရောက်မှုမှ ကာကွယ် ပေးလျက်ရှိသည်။ ဂုံညင်းတန်းမြစ်မှတဆင့် ကျုံကန်ချောင်းအတွင်းသို့ ရေချိုရယူနိုင်ရေးအတွက် ဆက်စပ်ချောင်းများ တူးဖေါ်လျက်ရှိပြီး ကျုံကန်ချောင်းမှတဆင့် ကျွန်းပတ်တာ အတွင်းသို့ ရေချိုသွင်းယူနိုင်စေရန်အတွက် ရေချိုသွင်းရေတံခါး များ တည်ဆောက်ခြင်း၊ ရေချိုသွင်း တူးမြောင်းများ တူးဖော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၃-၂၀၂၄ ခုနှစ် မှ စတင်ကာ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာ ရေချိုရရှိရေး လုပ်ငန်းများ စတင် လျာထားဆောင်ရွက်ခဲ့ပြီးနောက် သီးထပ်စိုက်ဧရိယာများ တိုးတက်စိုက်ပျိုးလာသည်ကို တွေ့ရှိရသည်။ မူလက ပျမ်းမျှစိုက်ပျိုးမှု နွေသီးထပ်ဧရိယာ ဧက ၆၀၀၀ ဝန်းကျင်ခန့်သာ ရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဧက ၉၆၀၀ ကျော်စိုက်ပျိုးနိုင်သည်အထိ အကျိုးကျေးဇူး ရရှိခဲ့ပါသည်။
သီးထပ်ပိုမိုစိုက်ပျိုးနိုင်ရန် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ
ကြက်ဖမွေးဇောင်း ကျွန်းပတ်တာရေချိုရရှိရေးလုပ်ငန်းများအား ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သီးထပ်စိုက် ပျိုးဧရိယာ ဧက ၁၄၀၀၀ ခန့်အထိ တိုးတက်စိုက်ပျိုးနိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိပါသည်။၂၀၂၅-၂၀၂၆ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ် ၃ နှစ်တာကာလအတွင်း လုပ်ငန်းများအားလုံး ပြီးစီးရန်လျာထားဆောင် ရွက်လျက်ရှိပါသည်။ ရေချိုမြောင်းများတူးဖော်ခြင်း၊ ရေသွင်းတံခါး ရေထုတ်တံခါးများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းစသည့်လုပ်ငန်းများပါဝင် ပြီး ယခုဆောင်ရွက် နေသော ရေချိုရရှိရေး လုပ်ငန်းများဆောင်ရွက်ပြီးပါက မိုးစပါးစိုက်ပျိုးဧရိယာနှင့် ထပ်တူ နွေစပါး သီးထပ်ဧက ၂၉၀၀၀ ကျော် စိုက်နိုင်သည်အထိ သီးထပ် စွမ်းအား တိုးတက်စိုက်ပျိုးလာနိုင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိပါသည်။ ဆောင် ရွက်ပြီးစီးနိုင်စေရန် အပိုင်း ၆ ပိုင်း ခွဲ၍ လျာထား ဆောင်ရွက်လျက်ရှိပါသည်။
ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရေရှိရေး လုပ် ငန်းများ ဆောင်ရွက်နိုင်သည့်နည်းတူ အခြားသော ရေချိုရေငန်စပ် ဧရိယာများဖြစ်သော ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် လပွတ္တာခရိုင်အတွင်း လပွတ္တာမြို့နယ်တွင်လည်း ဆောင် ရွက်နိုင်မည်ဖြစ်သည်။ ရေငန်ဧရိ ယာများအတွင်း အထက်ဖော်ပြပါ ရေချိုရရှိစေမည့် လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးခြင်းဖြင့် သီးထပ် စွမ်းအားများ တိုးတက်ရရှိစေမည်ဖြစ်သည်။
ကြက်ဖမွေးဇောင်းကျွန်းပတ်တာဧရိယာ အပါအဝင် ဖျာပုံမြို့နယ်သပြေကန် သိမ်ကုန်း ဧရိယာ၊ ဘိုကလေးမြို့နယ် ဒေါင့်ကြီးအထက်ကျွန်းပတ်တာဧရိယာ၊ ဒေးဒရဲမြို့ နယ်ရှိ သံဒိတာ ဧရိယာနှင့် ကျောက် စရစ်ကျွန်း ဧရိယာ၊လပွတ္တာမြို့နယ် တီတွတ်ကျွန်း အပိုင်း(၄)တာ ဧရိ ယာများ တွင် နွေသီးထပ်စိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မူလစိုက်ဧက ၆၁၉၃၈ ဧက ရှိရာမှ ၆၆၈၀၀ ဧက တိုးတက်လာ နိုင်မည်ဖြစ်ပြီး စုစုပေါင်း သီးထပ် ဧရိယာ ၁၂၈၇၃၈ ဧက စိုက်ပျိုးလာနိုင်ရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ရေချို အရင်းအမြစ်ပေါများကြွယ်ဝ၍ မူလကပင် ရေငန်တားတာများ၊ ရေတံခါးများ တည်ရှိပြီးဒေသဖြစ်ရာ ရေချိုသွင်းရေတံခါးနှင့် ရေချိုသွင်း တူးမြောင်းများ တည် ဆောက်ခြင်း၊ တည်ရှိပြီး ရေတံခါးများအား အဆင့်မြှင့်ပြုပြင်ဆောင် ရွက်ခြင်းဖြင့် ရေချိုရရှိရေးလုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ကြီးမားသော ရေလှောင်တမံ ရေလွှဲဆည်စသည်များ တည်ဆောက်ရန် မလိုအပ်ဘဲကုန်ကျစရိတ်နည်းပါးစွာဖြင့် အလျင် အမြန် အကျိုးဖြစ်ထွန်းသော (Quick Win) နည်းလမ်းများဖြစ်သောကြောင့် များစွာ အကျိုးရှိစေမည်ဖြစ်ပါသည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရမှလည်း ‘တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံပေါများရေး’ ဟူသော အမျိုးသားရေး ရည်မှန်း ချက် ၂ ရပ်အား ချမှတ်၍ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသသည် မြန်မာတို့၏ အဓိက သီးနှံဖြစ်သည့် ဆန်စပါးထုတ်လုပ်မှု အများဆုံး ဒေသတစ်ခုဖြစ်ပါသည်။ ဆန်စပါးထုတ်လုပ်မှုတိုးတက်ရေးအတွက် သီးထပ်သီးနှံ စိုက်ပျိုးရေးသည် အရေးကြီးပြီး ထိုသီးထပ်စိုက်ပျိုးနိုင်မှုအတွက် အဓိက လိုအပ်ချက်မှာ ရေချို လုံလောက်စွာ ရရှိ ရေးပင် ဖြစ်ပါသည်။
အချုပ်အားဖြင့် မြန်မာတို့၏ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် မြစ်ချောင်းများ ကွန်ယက်သဖွယ် ခွဲဖြာစီးဆင်းနေခြင်း၊အလွန်ညီညာသော မြေနိမ့်လွင်ပြင်ဖြစ်ခြင်း၊ မြေဆီဩဇာ ကောင်းမွန်ခြင်း၊လူနေထိုင်မှုသိပ်သည်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်သည့်ဒေသဖြစ်ခြင်းစသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အားသာချက်များကို ပိုင်ဆိုင်ထားပါသည်။ထိုအားသာချက်များအား ထိရောက်စွာ အသုံးချ၍ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်မည့် ရေချိုရရှိရေးဆောင်ရွက်မှုများ အကောင်အထည် ဖော်ပြီးစီးပါက ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ စပါးခင်းများသည် ယခုထက်ပိုမို၍ မြေကြီးမှ ရွှေသီးကာ နိုင်ငံ့စီးပွားရေးတိုးတက်မှုအား များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
ကိုဇေယျာ