ဧရာဝတီတိုင်းဒေသကြီး၏ သီးထပ်စွမ်းအားမြှင့်တင်ရေး ပြောင်းလဲသက်ရောက်နေသည့် ရာသီဥတုနှင့် သဘာဝဘေးကြောင့် စိုက်ကွင်းများ သီးနှံများ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံ

ဧရာဝတီတိုင်းဒေသကြီး၏ သီးထပ်စွမ်းအားမြှင့်တင်ရေး ပြောင်းလဲသက်ရောက်နေသည့် ရာသီဥတုနှင့် သဘာဝဘေးကြောင့် စိုက်ကွင်းများ သီးနှံများ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး ကြိုတင်စီမံ

နေပြည်တော်၊ နိုဝင်ဘာ ၁၂

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ တောင်သူဦးအေးသန်း၏ ရေဆင်းပေါ်ဆန်း(၂) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဗျော့ထွန်းမျိုးစေ့ထုတ် စိုက်ခင်းများကို ကြည့်ရှုအားပေးပြီး မြသီးနှံ မျိုးစပါးသန့်စင်စက်ရုံတွင် ဒေသခံ တောင်သူများနှင့် တွေ့ဆုံသည်။ 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ စိုက်ပျိုးမြေ၏ မြေဆီအခြေအနေနှင့် စိုက် ပျိုးမည့်သီးနှံ၏ အပင်အာဟာရလိုအပ်မှုပေါ်မူတည်၍ ဓာတ်မြေ ဩဇာနှင့် သဘာဝမြေဩဇာကို အချိုးညီ သုံးစွဲကြရန်လိုကြောင်း၊ သီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့်အတူ ဈေးကွက်က လက်ခံသည့်သီးနှံအရည်အသွေး စံချိန် စံညွှန်းကိုက်ညီမှသာ ဈေးကွက်ဝင် ဈေး ကောင်းရနိုင်မည်ကို သတိပြုကြရမည်ကြောင်း၊ သွင်းအားစုစရိတ် လျှော့ချနိုင်ရေးနှင့် တစ်ဧကချင်း ၏ ထုတ်လုပ်မှု တိုးတက်ရေး အတွက် ခေတ်မီစိုက်ပျိုးနည်းပညာများ စနစ် တကျလိုက်နာအသုံးပြု ဆောင်ရွက်ခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြား သည်။ 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်း သင်တန်းကျောင်း (ဖျာပုံ) စည်းဝေး ခန်းမတွင် ငါးဖမ်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ငါးသယံဇာတမျိုးစိတ်များ ထိန်းသိမ်းရန်၊ တရားမဝင် ငါးဖမ်းဆီးမှုများနှင့် ဥပဒေများနှင့် စည်းမျဉ်းစည်း ကမ်းများကို ချိုးဖောက်ခြင်းများကို စိစစ်ပြီး သက်ဆိုင်ရာသို့ တိတိကျကျ ဆောင်ရွက်ကြရန်၊ တရားမဝင် ဖမ်း ဆီးခြင်းနှင့် သဘာဝဂေဟစနစ်ကို ထိခိုက်စေမည့် ငါးဖမ်းနည်းများအသုံးမပြုကြရန်၊ မြန်မာ့ရေသယံဇာ တများ ပျက်သုဉ်းခြင်းမှ ကာကွယ် နိုင်ရေးအတွက် သက်ဆိုင်သူအားလုံး တို့က ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး တက်ရောက် လာကြသည့် လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဖျာပုံခရိုင်၊ ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ခရိုင်အဆင့်တာဝန်ခံများ၊ စိုက်ကွင်းတာဝန်ခံများနှင့် တွေ့ဆုံပြီး စားနပ်ရိက္ခာဖူလုံမှုအတွက် အဓိကအားထားရသည့် ဒေသတစ်ခုဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၏ သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် သဘာဝဘေးကြောင့် စိုက်ကွင်းများ သီးနှံများထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေ ရေး ကြိုတင်စီမံဆောင်ရွက်ရန် ကိစ္စရပ်များ၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို သတ်မှတ်ထားသော စည်း မျဉ်း စည်းကမ်းများ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေး ထိန်း ကျောင်း ကြပ်မတ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိသည်။               

MOALI