တောင်သူများပူးပေါင်းပါဝင်ရွေးချယ်သည့် စပါးမျိုးလိုင်းရွေးချယ်ပွဲနှင့် တောင်သူနည်းပညာ ဆွေးနွေးပွဲကျင်းပ

တောင်သူများပူးပေါင်းပါဝင်ရွေးချယ်သည့် စပါးမျိုးလိုင်းရွေးချယ်ပွဲနှင့် တောင်သူနည်းပညာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈

တောင်သူများ ပူးပေါင်းပါဝင်သည့် စပါးမျိုးလိုင်းများ ရွေးချယ်ပွဲကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံသုတေသနဌာနခွဲ၊ စပါးသုတေသန ဗဟိုဌာန စိုက်ကွင်း၌ကျင်းပသည်။ 

စပါးမျိုးလိုင်းများ ရွေးချယ်ပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာတင်ထွဋ်က အမှာစကား ပြောကြားရာတွင် သီးနှံအထွက်နှုန်း နှင့် အရည်အသွေး မြင့်မားမှသာ တောင်သူများ တွက်ခြေကိုက် အကျိုးအမြတ်ကို ရရှိစေနိုင်မည် ဖြစ်ရာ နိုင်ငံတော်က ပုဂ္ဂလိက မျိုးစေ့ထုတ်ကဏ္ဍကို အထူးအားပေး ဆောင်ရွက်လျက်ရှိသော်လည်း မျိုးစေ့လိုအပ်ချက်အားလုံးကို ဖြည့် ဆည်းပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ သို့ဖြစ်၍ လယ်ယာကဏ္ဍတစ်ခုလုံး မျိုးကောင်းမျိုးသန့်သုံးစွဲမှုလွှမ်းခြုံနိုင်အောင် တောင်သူများ ကိုယ်တိုင် မျိုးစေ့ထုတ်နိုင်ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနက နည်းပညာအပါ အဝင် လိုအပ်ချက်များ ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း၊ အရည် အသွေးကောင်းမျိုးမွေးမြူရေးနှင့် မျိုးစေ့ထုတ်ခြင်းကို တောင်သူများ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်မှသာ လူမှုစီးပွားဘဝများ သိသာစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ဝိုင်းဝန်းကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်သူများနှင့်အတူ  စပါးမျိုးလိုင်း ရွေးချယ်ပွဲ တွင် ပြသထားသည့် စပါးမျိုးလိုင်းများ၏ စားသုံးမှု အရည် အသွေး စမ်းသပ်ခြင်းများနှင့် ကွင်းအတွင်း စိုက်ပျိုးပြသထားသည့် စပါးမျိုးလိုင်းများအား လှည့်လည်ကြည့် ရှုကြသည်။ 

၎င်းနောက် ဒုတိယဝန်ကြီးသည်  စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် တောင်သူ နည်းပညာဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများကြောင့် သဘာဝပတ် ဝန်းကျင်ကို မထိခိုက်စေရေး စိုက် ပျိုးရေးလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်ရေး နှင့် စားသုံးသူများ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရေး  ၊ ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲမျိုးစုံ အပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များတွင် ဓာတု ဓာတ်ကြွင်းများ၊ ရောဂါပိုးမွှားများကင်းစင်ပြီး နိုင်ငံ တကာ ဈေးကွက်သို့ အရည်အသွေးပြည့်ဝစွာ တိုးတက်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ စပါးအပြီး ပဲမျိုးစုံနှင့်ယာသီးနှံများ စိုက်ပျိုးရာတွင် အခါမဲ့မိုးကြောင့်သီးနှံပျက်စီးမှုမရှိစေရန်နှင့် ဖြည့်စွက် ရေ အလွယ်တကူသွင်းနိုင်စေရန် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးကြရန် ဆွေးနွေးပြောကြားသည်။

ယနေ့ကျင်းပသည့် ၈၉ ကြိမ်မြောက် တောင်သူ နည်းပညာဆွေးနွေးပွဲတွင် စိုက်ပျိုးရေး ဦးစီး ဌာနမှ ဒေါက်တာဝဏ္ဏထွန်းက “မတ်ပဲ၊ ပဲတီစိမ်းသီးနှံများတွင် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုး ရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ"ခေါင်းစဉ်ဖြင့်တင်ပြရာ ဆွေးနွေး ပွဲသို့ တက်ရောက်လာကြသည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား ကျောင်း သူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူများနှင့် အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ကြသည့် တိုင်းဒေသကြီး ပြည်နယ်များမှ တောင်သူများက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးကြသည်။ မေးမြန်းချက်များအား ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

MOALI