နွေစပါးစိုက်ပျိုးရာသီကာလ ရေချိုဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းနိုင်ရေး ဒီရေတက်ချိန် ရေငန်ဝင်ရောက်မှု ကာကွယ်နိုင်ရေးစီမံဆောင်ရွက်

နွေစပါးစိုက်ပျိုးရာသီကာလ ရေချိုဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းနိုင်ရေး ဒီရေတက်ချိန် ရေငန်ဝင်ရောက်မှု ကာကွယ်နိုင်ရေးစီမံဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ ၁၁

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ ဖျာပုံမြို့နယ်အတွင်း နွေစပါး စိုက်ပျိုးရာသီကာလတွင် ရေချို ဆုံးရှုံးမှု မရှိစေရေးနှင့် မိုးရာသီကာလ ဒီရေတက်ချိန်တွင် ရေငန်ဝင်ရောက်မှုမှကာကွယ်နိုင်ရေးဆိုင်ရာလုပ်ငန်းရပ်များကို ဆွေးနွေး မှာကြား ခဲ့ကြောင်းသိရသည်။

တွေ့ဆုံရာတွင် တာဝန်ရှိသူများက ဖျာပုံမြို့နယ်ရှိ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ဆားငန်ရေဝင်ရောက်သည့် ဧရိယာများ ရေချိုရရှိနိုင်မှုအခြေအနေ၊ နှစ်စဥ်ဧက ၆၀၀၀ ခန့် အများဆုံး စိုက်ပျိုးနိုင်ရာမှ ယခုလာမည့်နှစ်အတွင်း ဧက ၁၉၀၀၀ ခန့် အထိ တိုးတက် စိုက်ပျိုးနိုင်စေရန် ‌ဆောင်ရွက်ထားရှိမှု၊ စက်မှုလယ်ယာစနစ်ကျ လယ် ယာ မြေ ဧက ၄၀ ဖော်ထုတ်ပြီးစီးခဲ့မှုနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း နွေသီးထပ်တိုးတက် စိုက်ပျိုးနိုင်ရေး ခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ကျွန်းပတ်တာလုပ်ငန်း များ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျ ဆောင်ရွက်ရန်၊  နွေသီးထပ်ကို ရာသီအမီလျာထားဧကပြည့် စိုက်ပျိုးပြီးစီးနိုင်ရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဖျာပုံမြို့နယ်၊ သပြေကန်-သိမ်ကုန်းဧရိယာ အေးသာယာ ကျေးရွာ အုပ်စုအတွင်း တူးဖော်ဆောင်ရွက်မည့် အေးသာယာ (၂)မြောင်း နေရာအား ကြည့်ရှု စစ်ဆေးပြီး ရေချိုဝင်ရောက်သည့် ရေအမြင့်(RL)၊ တူးဖော်ရန်လိုအပ်သည့် မြောင်းကြမ်းပြင် အနက် (RL) တို့ကို ချိတ်ဆက်မိစေရန်၊ သတ်မှတ်ရေစီးနှုန်းပမာဏ ရရှိစေရေးအလေးထား ဆောင်ရွက်ရန်၊ ရေချိုပိုမိုရရှိလာနိုင်မှုအရ သီးနှံစိုက်ဧရိယာတိုးတက်ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားသည်။

အလျားပေ ၈၅၀၀ ရှိ အေးသာယာ (၂)မြောင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သီးထပ်ဧက ၁၅၀ ကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သပြေကန်-သိမ်ကုန်းဧရိယာအတွင်း မြောင်း ၁၁ မြောင်း တူးဖော်ဆောင် ရွက်ခြင်းဖြင့် နွေသီးထပ် ဧက ၂၃၀၀ ကျော် တိုးတက် စိုက်ပျိုးလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကြက်ဖမွေးဇောင်းကျွန်းပတ်တာသို့ ရေချိုပေးဝေလျက်ရှိသည့် နောင်တော် ကြီး-သိန္နီမြောင်းပေါ်တွင် တည် ဆောက်ထားသော သကံရေတံခါးပြုပြင် ဆောင်ရွက်နေမှု (၆ ပေ x ၆ ပေ) ရေတံခါး  ၆ ချပ်အား ပြန်လည်ပြုပြင်မည့် အခြေအနေများကိုကြည့် ရှုစစ်ဆေးသည်။ 

သကံရေတံခါး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကြက်ဖမွေးဇောင်း ကျွန်းပတ်တာနှင့် သပြေကန်-သိမ်ကုန်းဧရိယာအတွင်းသို့ နွေစပါး စိုက်ပျိုးရာသီ ကာလတွင် ရေချို ဆုံးရှုံးမှု မရှိအောင် ထိန်းသိမ်းသွားနိုင်မည်ဖြစ်ပြီး မိုးရာသီကာလ ဒီရေတက်သည့်အချိန် ပြင်ပရေ ဝင်ရောက်မှုမှ ကာကွယ်နိုင်သဖြင့် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေမည် ဖြစ်သည်။

၎င်းနောက် ဒုတိယဝန်ကြီးသည် ဖျာပုံမြို့နယ်၊ နောင်တော်ကြီးကျေးရွာ အနီး နောင်တော်ကြီး ဆိုလာရေတင်စီမံကိန်း ဆောင်ရွက်မည့် နေရာအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း များ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ တပ်ဆင်မည့်စက်ပစ္စည်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစေရေး၊ ယခုစီမံကိန်း အောင်မြင်မှု အပေါ်အခြေခံပြီး ဆိုလာစနစ်ဖြင့် ရေတင်ခြင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့ကို တာဝန်ရှိသူများအားမှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒေသခံတောင်သူများအား တွေ့ဆုံ၍ အထွက်နှုန်း တိုးတက် ရရှိရေးနှင့် မျိုးစပါးဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီး သည် မအူပင်မြို့နယ် မင်းဘောကျေးရွာအနီး မင်းဘော ဆိုလာရေတင်ဆောင် ရွက်ထားရှိမှုနှင့် ထပ်မံတိုးချဲ့ ဆောင် ရွက်ရန် လျာထားနေရာအား လည်း ကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်(မအူပင်) ဖွင့်လှစ်နိုင်‌ရေး လုပ်‌ငန်းများ ကြိုတင်ဆောင်ရွက်နေမှုအခြေအနေများ၊ တက္ကသိုလ်ဝင်းအတွင်း ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး သက်ဆိုင် ရာဌာနများ ဝိုင်းဝန်းကြိုပမ်း ဆောင် ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။               

 MOALI