စားသုံးဆီဖူလုံရေးအတွက် အားထားရမည့် ပြည်တွင်းဆီအုန်းစပ်မျိုး (Tenera)
မြန်မာနိုင်ငံတွင် လူတစ်ဦးလျှင် တစ်နှစ်ပျမ်းမျှ စားသုံးဆီ ၆ ဒသမ ၅ ပိဿာခန့် စားသုံးသည့်အတွက် စုစုပေါင်း စားသုံးဆီ လိုအပ်ချက်မှာ တန်ချိန် ၅ ဒသမ ၈ သိန်းခန့် ဖြစ်ပါသည်။ စားသုံးဆီအတွက် အစဉ် အလာအရ အဓိကအားထားရသော သီးနှံများမှာ မြေပဲ၊ နှမ်း၊ နေကြာ စသည့် သီးနှံများဖြစ်ကြပြီး ယင်းသီးနှံများအနေဖြင့် ရာသီသဘာဝပေါ် အမှီပြု၍ စိုက်ပျိုးထုတ်လုပ်မှု အတက် အကျများပြားမှုရှိသည့် သီးနှံများဖြစ်ကြပါသည်။ ပြည်တွင်းစားသုံး ဆီလိုအပ်ချက်အား ဆီထွက်သီးနှံများအနေဖြင့် ဖူလုံစွာ ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါသဖြင့် အခါအားလျော်စွာ ပြည်ပမှ စားသုံးဆီများကို နှစ်စဉ်တန်ချိန် နှစ်သိန်းခန့် တင်သွင်းရပါသည်။
စားသုံးဆီလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆီထွက်သီးနှံများအနက် တစ်ဧက ဆီထွက်နှုန်းကောင်းသော ဆီအုန်းစိုက်ပျိုးခြင်းမှ ရရှိစေမည်ဖြစ်သည်။ မြန်မာနိုင်ငံ ရေမြေရာသီဥတုအရ ဆီအုန်းတစ်ဧကမှ ဆီသီးခိုင်ပျမ်းမျှ ၅ တန် ထွက်ရှိနိုင်ပါသည်။ ယင်းမှ ဆီကြမ်း တစ်တန်ခန့် ထုတ်လုပ်ရရှိမည်ဖြစ်ပါသည်။ ဆီကြမ်းတစ်တန် သန့်စင်ပါက စားဆီချော ၁/၃ တန်ခန့် ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် စားအုန်းဆီတန်ချိန် တစ်သိန်း လို အပ်ပါက ဆီအုန်း စိုက်ဧက ၃ သိန်း စိုက်ပျိုးရန် လိုအပ်ပါသည်။ မြန်မာ နိုင်ငံတွင် ဆီအုန်းဧက ၅ သိန်း စိုက်ပျိုးရန် ယခင်က လျာထားဆောင် ရွက်ခဲ့ရာ လက်ရှိအားဖြင့် ဆီအုန်း ၄၀၀၆၉၄ ဧက စိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။ ဆီအုန်းစိုက်ပျိုးရန်အတွက် အဓိကလိုအပ်သော ဆီအုန်းမျိုးစေ့များကို ပြည်ပမှသာ တင်သွင်းခဲ့ရပါသည်။ ယခင်စိုက်ပျိုးခဲ့သည့် ဆီ အုန်းဧရိယာများသည် စီးပွားရေးအပင်သက်တမ်းပြည့်မီ၍ ပြန်လည်စိုက်ပျိုးပါက မြန်မာနိုင်ငံရေမြေရာသီဥတုနှင့် သင့်လျော်ကိုက်ညီသည့် ဆီအုန်းမျိုးစေ့ ထုတ်လုပ်ခြင်းဖြင့် ပြည်ပမှ ဆီအုန်းမျိုးစေ့ တင်သွင်းရရှိမှုကို လျော့ကျသွားစေမည်ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းမျိုးကွဲ ၁၉ မျိုးအား ၃၉၅၅၂၁ ဧက၌ စိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်။
စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းမျိုးများသည် စပ်မျိုး (Dura x Pisifera) များဖြစ်ပါသည်။ ယင်းစပ်မျိုးများသည် ပထမသားဆက်မျိုး (F1) ဖြစ်သဖြင့် ယင်းစိုက်ကွက်ထဲမှ ရရှိသော အသီးမှ ရသည့်အစေ့များကို မျိုးအဖြစ် အသုံးပြု၍ မရပါ။ စပ်မျိုးရရှိအောင် ရွေးချယ်မွေးမြူထားသော မိခင် မျိုးပင်နှင့် ဖခင်မျိုးပင်ကို မျိုးစပ်ပေးမှသာလျှင် ရရှိပါသည်။ နိုင်ငံခြားမှတင်သွင်းသော ဆီအုန်းမျိုး များကို လေ့လာပြီး အသီးခိုင် အထွက်နှုန်း အကောင်းဆုံးအပင်ကို ရွေးချယ်ကာဝတ်မှုန်ကူးခြင်း (Hand Pollination) ပြုလုပ်ပြီး မိခင်မျိုးလိုင်း (Dura)ပင် ၊ ဖခင်မျိုးလိုင်း (Pisifera)ပင်များ ထုတ်လုပ်ရပါသည်။ ယင်းထုတ်လုပ်ရရှိသော ဒုတိယသားဆက် မိခင်မျိုးလိုင်း (Dura)ပင်များ၊ ဖခင် မျိုးလိုင်း (Pisifera) ပင်များ ပွားများခြင်းနှင့် ဗီဇညံ့မှုများ (Inbreeding Depression) မရှိစေရန် Combination အမျိုးမျိုးဖြင့် မျိုးစပ်ပြီး ရရှိသော စပ်မျိုးအတွဲများ Genetic Crosses တတိယ သားဆက်များရရှိအောင် စမ်းသပ်ကွက်များကို စိုက်ပျိုးရေးဦးစီးဌာန ၊နှစ်ရှည်သီးနှံဌာနခွဲ၊ နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ဟတ်စဒင်း) တွင် စိုက်ပျိုးထားရှိပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း စတင်စဉ် ကာလများတွင် ဆီအုန်းစပ်မျိုး မထုတ်လုပ်နိုင်သေး ၍ ဆီအုန်းမျိုးစေ့များကို မလေးရှား၊ ကော့စတာရီကာ၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ ဈေးကြီးပေး၍ ဝယ်ယူတင်သွင်း စိုက်ပျိုးရသဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှု နှောင့်နှေးခဲ့ပါသည်။ ဝယ်ယူတင်သွင်း သော ဆီအုန်းမျိုးများသည်လည်း မြန်မာနိုင်ငံ ဒေသရေမြေရာသီဥတုနှင့် သင့်လျော်မှုရှိ မရှိ မသေချာသော မျိုးများဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်း၌ ဆီအုန်းစပ်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးရန် မဖြစ်မနေ လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် ဆီအုန်းမျိုးရိုးဗီဇများ (Germplasm) လုံလောက်စွာ မရရှိသေးသော်လည်း လက်ရှိအနေ အထားဖြင့် ဆီအုန်းမျိုးစေ့များ ထုတ် လုပ်နိုင်သည့် အခြေအနေတွင် ရှိနေပြီးဖြစ်ပါသည်။ လိုအပ်သော ဆီအုန်းမျိုးစေ့များ ထုတ်လုပ်သွားခြင်းအားဖြင့် ဆီအုန်းမွေးမြူရေးအခန်းကဏ္ဍ (Oil Palm Breeding) သည်လည်း ပိုမိုအဆင့်မြင့်သည်ထက် မြင့်လာမည်ဖြစ်ပါသည်။
စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းစပ်မျိုး (Tenera) ထုတ်လုပ်ရရှိရန် (Dura) မိခင်ပင်နှင့် (Pisifera) ဖခင်ပင်များကို မျိုးစပ်ရန် လိုအပ်ပါ သည်။ Dura မိခင်ပင်ရွေးချယ်ရာတွင် အသီးခိုင် အထွက်နှုန်းကို အခြေခံထားပါသည်။ တစ်ပင်ချင်းရွေးချယ်ခြင်း၊ အပင်အုပ်စုအလိုက် ရွေးချယ်ခြင်း နှစ်မျိုးစလုံးဆောင်ရွက် ရပါသည်။ အထွက်နှုန်းအကောင်းဆုံးအုပ်စုထဲမှ အထွက်နှုန်းအကောင်းဆုံး အပင်ကို ရွေးချယ်ရာတွင် တစ်နှစ်လျှင် တစ်ပင်မှ ဆီသီးခိုင်အထွက်များပြီး ပျမ်းမျှဆီသီးခိုင်အထွက် နှုန်း (၂၀၀ kg/palm) ကျော်သော အပင်များကို ရွေးချယ်ရပါသည်။ ဆီအုန်းစပ်မျိုးထုတ်လုပ်ရာတွင် အဓိကအရေးကြီးဆုံးမှာ အဖိုမျိုးပင် (Pisi-fera) ဖြစ်ပါသည်။ Pisifera ဖခင်ပင်များသည် ပန်းခိုင် အထွက်များသော် လည်း အသီးတင်နှုန်းနည်းပါသည်။ ဒါကြောင့် မိခင်၊ ဖခင်စပ်မျိုးတူ အထွက်နှုန်း ကောင်းသော Tenera ပင်ကို အခြေခံ၍ Sex Ratio (%) ကောင်းပြီး နိမ့်သော Sterile Pisifera အပင်များကို ဦးစားပေးရွေးချယ်ထားပါသည်။
မိခင်မျိုးလိုင်း (Dura x Dura) ပင်များနှင့် ဖခင်မျိုးလိုင်း (Tenera x Tenera) ပင်များကို သတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ရွေး ချယ်ထားပြီးသောအခါ လူဖြင့် ဝတ်မှုန်ကူးမျိုးစပ် ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါသည်။ ဝတ်မှုန်ကူးမျိုးစပ်ရန်အတွက် ရွေးချယ်ထားသော Pisifera ဖခင်မျိုးလိုင်းအပင်၏ အဖိုပန်းခိုင်များနှင့် Dura မိခင်လိုင်းအပင်၏ အမပန်းခိုင်များကို ပန်းခိုင်ဖုံးများ မကွဲခင်၊ ပန်းမပွင့်ခင် (၁၀)ရက်ခန့် ကြိုတင်ပြီး PBS Standard Polination Bag (2D,3-2W) အိတ်များဖြင့် စွပ်ပေးပါသည်။ ဝတ်မှုန်စွပ်အိတ်များ စွပ်ရာတွင် အမ ပန်းပွင့် များပေါ်သို့ မလိုလားအပ်သော ဝတ်မှုန်များ မကျစေရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ရန် အလွန်လိုအပ်ပါသည်။ အဖိုပန်းပွင့်များ ပွင့်လာသောအခါ ပန်း ခိုင်ကိုဖြတ်ယူပြီး ဝတ်မှုန်များကို အိတ် တွင်ပါရှိသော ပလပ်စတစ်အိတ် အတွင်းသို့ ခါချပါသည်။ ရရှိသော ဝတ်မှုန်များကို ဇကာဖြင့်စစ်၍ အမှိုက် များကို ဖယ်ရှားကာ အခြောက်ခံကိရိယာ Dessicator တွင် ပါးပါး ဖြန့်ထားပြီး အခြောက်ခံပါသည်။ အခြောက်ခံထားပြီးသော ဝတ်မှုန်များကို ဖန်ဗူးအသေးများဖြင့် လေလုံပိတ်သိုလှောင်ထားပါသည်။ အိတ်စွပ်ထားသော အမပန်းခိုင်များ ပန်း ပွင့်လာသောအခါ ယင်းပန်းပွင့်များပေါ်သို့ ဝတ်မှုန်များကို ကူးပေးပါ သည်။ ဝတ်မှုန်ကူးရာတွင် လေညှစ်ဗူးများကို အသုံးပြုပြီး လေညှစ်အားဖြင့် မှုတ်ထုတ်ခြင်းဖြစ်ပါသည်။ ဝတ်မှုန်ကူးရာတွင် လတ်ဆတ်သည့် ဝတ်မှုန်များကိုသာ အသုံးပြုပါသည်။ တစ်ပတ်ကျော်သိုလှောင် ပြီးသော ဝတ်မှုန်များကို အသုံးမပြုပါ။ အသီးတင်နှုန်းကောင်းစေရန် အမပန်းခိုင်တစ်ခိုင်ပေါ်တွင် ၃ ရက်ဆက်၍ ဝတ်မှုန်ကူးပေးပါသည်။ ဝတ်မှုန်ကူးပြီး တစ်လခန့်ကြာသောအခါ အမပန်းခိုင်အား အိတ်စွပ်ထားသော အိတ်များကို ဖြုတ်ပေးပါသည်။ ဝတ်မှုန်ကူးပြီး ၆ လကြာတွင် ရင့်မှည့်သော အသီးခိုင်များကို ခုတ်သိမ်းပြီး အဆင့်ဆင့် ဆီအုန်းမျိုးစေ့ထုတ်ယူကာ အပင်ဖောက်ခြင်း၊ ပျိုး ခင်း တည်ထောင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးသွားခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သော ဆီအုန်းစိုက်ခင်းများ ရရှိလာမည်ဖြစ်ပါကြောင်း ဆီအုန်းစိုက်ပျိုးထုတ်လုပ် သော တောင်သူဦးကြီးများနှင့် ပြည်သူများထံ နည်းပညာပေး တင်ပြအပ်ပါသည်။
ရွှေကော့သောင်း