ပြည်တွင်းထုတ်လုပ်မှုလုံလောက်နေသောကြောင့် မြန်မာ့ပဲတီစိမ်းနှင့်ပြောင်းတင်သွင်းမှု တိုးမြှင့်ခြင်းကို အိန္ဒိယတားဆီးနိုင်

ပြည်တွင်းထုတ်လုပ်မှုလုံလောက်နေသောကြောင့် မြန်မာ့ပဲတီစိမ်းနှင့်ပြောင်းတင်သွင်းမှု တိုးမြှင့်ခြင်းကို အိန္ဒိယတားဆီးနိုင်

ကမ္ဘာ၏ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သော အိန္ဒိယသို့ များစွာသောနိုင်ငံများက ရောင်းချ လိုသည့် ပဲတီစိမ်း (Moong) နှင့် ပြောင်း (Maize) များအတွက် အိန္ဒိယ၏ သွင်းကုန်မူဝါဒကို ပြည်တွင်း၌ ထုတ် လုပ်မှုများလုံလောက်နေမှုက လွှမ်း မိုးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဝန်ကြီးအဆင့် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ပဲမျိုးစုံကုန်သွယ်ရေးနှင့် မတ်ပဲနှင့် ပဲစဉ်းငုံ ကုန်သွယ်ရေး သဘောတူစာချုပ် ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် လွန်ခဲ့သော အပတ်က အိန္ဒိယအစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့ကြောင်း CNBC-TV18 သတင်းဌာနက ဖော်ပြထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံက ၎င်း၏ပြည်တွင်းစိုက်ပျိုးရေးတိုးမြှင့်ရန် သဘောတူစာချုပ်တွင် ပဲတီစိမ်းနှင့် ပြောင်းဖူးပါဝင်ရေးအဆိုပြုခဲ့သော်လည်း အိန္ဒိယ အစိုးရက အဆိုပါသီးနှံများသည် ပြည်တွင်းထုတ်လုပ်မှု လုံလောက်မှုရှိခြင်းကြောင့်  သဘောတူစာချုပ်တွင် ထည့်သွင်းရန်စိတ်ဝင်စားမှုမရှိကြောင်း အစိုးရသတင်းအရင်းအမြစ်များက ညွှန်းဆိုခဲ့သည်။ 

ငါးနှစ်သဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် အထိ မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန်   ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် ၁ သိန်း   အထူးသွင်းခွင့်ပြုထား သည်။ သို့ရာတွင် အစိုးရဆိုင်ရာ အရင်း အမြစ်များအရ မြန်မာနိုင်ငံမှ တင်သွင်းသည့် မတ်ပဲနှင့် ပဲစင်းငုံပမာဏများသည် နှစ်စဉ် သဘောတူချက်ထားရှိသည့် ပမာဏထက် နှစ်စဉ်ပိုမိုနေကြောင်း၊ အိန္ဒိယ နိုင်ငံသည် ၂၀၂၁ ခုနှစ် မေလမှစတင်၍ မတ်ပဲနှင့် ပဲစင်းငုံများကို ကန့်သတ်ချက်   မရှိ တင်သွင်းခွင့် ပြုခဲ့ပြီး ယခုအခါ ဤမူဝါဒကို ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်နေ့အထိ တိုးမြှင့်ထားကြောင်း သိရှိရ သည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ကုန် သွယ်မှုသည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရှိခဲ့ပြီး အိန္ဒိယမှ မြန်မာနိုင်ငံသို့ တင်ပို့မှုသည် ဒေါ်လာ ၆၁၄ သန်းကျော်သာ ရှိသော်လည်း  မြန်မာမှ တင်သွင်းမှုသည် ဒေါ်လာ ၁၅၃၃ သန်းခန့် ရှိခဲ့ကြောင်း၊ မြန်မာ နိုင်ငံမှ အိန္ဒိယသို့ တင်ပို့မှုသည် အိန္ဒိယမှ မြန်မာသို့ တင်ပို့မှုထက် ပိုမိုမြင့်တက်လာခြင်းမှာ အိန္ဒိယအစိုးရက မတ်ပဲနှင့် ပဲစင်းငုံတို့ကို ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်အထိ ကန့်သတ်ချက်မရှိ တင်သွင်းခွင့် ကြေညာခဲ့ပြီး နောက်ပိုင်းတွင် ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့သောကြောင့် ဖြစ်ပါကြောင်း၊ စုစုပေါင်း နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၁ ဒသမ၂၉ ဘီလီယံမှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် တွင် ၁ ဒသမ ၈၉ ဘီလီယံ၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၆ ဘီလီယံနှင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇၄ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ 

အိန္ဒိယသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါကြောင်း၊  အိန္ဒိယသည် မြန်မာနိုင်ငံသို့ ဆေးဝါးများ၊ တိရစ္ဆာန်မှထွက်ကုန်များ၊ ကောက် ပဲသီးနှံများ၊ အစား အသောက်ပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ ဝါဂွမ်း၊ စက်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် လျှပ်စစ် စက်ကိရိယာများ အဓိကတင်ပို့လျှက်ရှိပြီး တစ်ဖက်တွင်မူ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲမျိုးစုံ၊ သစ်ထွက်ပစ္စည်းများနှင့် စိုက်ပျိုး ရေးထွက်ကုန်များ တင်ပို့လျက်ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

မျိုးမြင့်မောင်

India resists rise in moong, maize imports from Myanmar due to ample domestic production, CNBC TV 18, 3 November, 2025.