ဒေသရေမြေနှင့်ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရန် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၃)
ကြံသီးနှံရိတ်သိမ်းစက်သရုပ်ပြပွဲ နှင့် စက်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ မြဘုရင်သကြားစက်ရုံ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ နှင့် ကြံစိုက် တောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ နိုင်ငံတော် အစိုးရက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအကျုံးဝင်သည့် စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုမြှင့်တင်၍ နိုင်ငံစီးပွားတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွား ဘဝမြင့်မားတိုးတက်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထွန်ယက်စိုက်ပျိုးခြင်း ရိတ်သိမ်းခြွေလှေ့ခြင်း ပြုပြင်ထုပ်ပိုးခြင်း စသည့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်တိုင်းတွင် စက်ကိရိယာများ အပြည့်အဝအသုံးပြု လုပ်ကိုင်နိုင်သော ခေတ်မီစက်မှု လယ်ယာစနစ် သို့ ကူးပြောင်းနိုင်မှသာ လုပ်သားရှားပါးမှု၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု အခက်အခဲများကို အောင်မြင်စွာဖြတ်ကျော်ပြီး ထုတ်လုပ်မှု အရေ အတွက် နှင့် အရည်အသွေး သိသာစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒေသရေမြေနှင့်ကိုက်ညီပြီး အရည်အသွေး ကောင်းမွန်သော လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ အသုံးပြုနိုင်ရန် မိမိတို့ဝန်ကြီး ဌာန က အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စပါး ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်ရန် အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ စက်မှုကုန်ကြမ်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သကြားစက်ရုံ (၂၅)ခုရှိပြီး ကုန်ကြမ်းရရှိနိုင်မှုအခြေအနေအရ တစ်နှစ်လျင် ရက်(၁၀၀)ခန့်သာ လယ်ပတ်နိုင်သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကြံစိုက်ဧက (၄၀၈၀၀၀)ကျော်မှ ပျမ်းမျှ ၂၆.၆၅တန် ထွက်ရှိခဲ့သဖြင့် ပန်းတိုင်အထွက်နှုန်း တစ်ဧက တန်(၃၀)ရရှိရေး ကြိုးပမ်းကြရန် လိုအပ်လျက်ရှိပါကြောင်း၊ မျိုးမှန် နည်းမှန် ဓါတ်မြေဩဇာ အချိုးအဆမှန် အသုံးပြုစိုက်ပျိုးပြုစုပြီး ရိတ်သိမ်းရမည့်ကာလ ရိတ်သိမ်းသည့်စနစ်မှန်ကန်စွာ ဆောင်ရွက်ပါက ပန်းတိုင်အထွက်နှုန်းအပြည့်အဝရရှိနိုင်မည်ဖြစ်ပြီး တောင်သူလည်းအကျိုးရှိ သကြားစက်ရုံများအတွက်လည်း ကုန်ကြမ်းရရှိကာ စက်စွမ်းအားပြည့်လယ်ပတ်နိုင်ကြမည် ဖြစ်၍ တောင်သူနှင့်လုပ်ငန်းရှင်များ အချိတ်အဆက်မိမိ ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် က နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးနေမှု၊ ရှမ်းပြည်နယ်၏ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရ၏ အားပေးကူညီဆောင်ရွက်ပေးနေမှု ၊ ဒေသ ဝမ်းစာဖူလုံမှု နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်ရရှိရေး ၊ သီးထပ်စွမ်းအားမြှင့်တင်ရေး အတွက် သက်ဆိုင်ရာ ဌာနများ၊ တောင်သူများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းကြိုးပမ်းပေး ကြရန် ဆွေးနွေး ပြောကြားသည်။
အခမ်းအနားတွင် မြဘုရင်သကြားစက် တာဝန်ရှိသူက ကြံသီးနှံရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် အခမ်းအနား တက်ရောက် လာကြသူများသည် Case IH A9000 အမျိုးအစား ခေတ်မီကြံသီးနှံရိတ်သိမ်းစက် ဖြင့် လက်တွေ့ရိတ်သိမ်းခြင်း ၊ ကြံစိုက်ခင်းအတွင်း စက်ယန္တရား အသုံးပြု၍ ကြားပေါင်းလိုက်ခြင်း၊ ဓါတ်မြေဩဇာ ထည့်သွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးကြသည်။
ယခုကဲ့သို့ ခေတ်မီကြံသီးနှံရိတ်သိမ်းစက်ကို အသုံးပြုခြင်းဖြင့် လုပ်သားအင်အားဖြင့် ခုတ်သိမ်းခြင်းထက် အချိန်နှင့်စရိတ်သက်သာခြင်း၊ ကြံလေလွင့်ဆုံးရှုံးမှုမရှိခြင်း၊ စက်ရုံ၏ ကြံလိုအပ်ချက်ပမာဏကို အချိန်မီခုတ်သိမ်းပေးနိုင်ခြင်း ၊ ကြံပင်အဖျားပိုင်း အရွက်နှင့်အပွင့် များ ကို အမှုန့်များအဖြစ် ကြိတ်ချေပြီး စိုက်ခင်းအတွင်း သဘာဝမြေဩဇာအဖြစ် အသုံးပြု နိုင်ခြင်း၊ နောက်ဆက်တွဲ ရှင်းလင်းရမှု မလိုအပ်ခြင်း၊ ကြံကို အဆစ်အပိုင်းများအဖြစ် ဖြတ်တောက် ခုတ်သိမ်းခြင်းဖြစ်၍ ကြံသယ်ယာဉ်တစ်စီးချင်း အနေဖြင့် ပိုမိုတင်ဆောင် သယ်ယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် တောင်သူများ နှင့် လုပ်ငန်းရှင်များ အထူးနှစ်သက်လျက်ရှိကြောင်း သိရသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် ဟဲဟိုး မျိုးသန့်ခြံ နှင့် အောင်ပန်း ဒေသသုတေသနဖွံ့ဖြိုးရေးစခန်းများ၏ လုပ်ငန်းများ၊ အောင်ပန်းခြံအတွင်း စိုက်ပျိုးထားရှိသော တရုတ် ၊ ဩစတေးလျ နှင့် မက္ကဆီကို ဂျုံမျိုး စိုက်ခင်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြ၍ နိုင်ငံတော်၏ လိုလားချက် ရည်မှန်းချက်များ၊ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီမည့် သီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ်ရှိ ပုဂ္ဂလိကပိုင် စပျစ်စိုက်ခင်း များ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမြေများကို တည်ဆဲလယ်ယာမြေဥပဒေများ နှင့်အညီ အသုံးပြုနိုင်ရေး ၊ ဈေးကွက်အလားအလာ နှင့် ကုန်ချောထုတ်လုပ်ရောင်းချနိုင်မှု အခွင့်အလမ်းများကို စပျစ်စိုက်တောင်သူများနှင့် ခင်မင်ရင်းနှီးစွာဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး သည် ရှမ်းပြည်နယ်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တောင်ကြီးမြို့၌ ရောက်ရှိနေစဉ် ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့မှ လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံ၍ စားရေရိက္ခာဖူလုံရေး ၊ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ၊ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံဝန်ထမ်းများသက်သာ ချောင်ချိရေး ၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များအပေါ် တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်ပေးရန် ၊ နိုင်ငံ့ ဝန်ထမ်း ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတော် နှင့် ဝန်ကြီးဌာန ၊ သက်ဆိုင်ရာ ဦးစီးဌာနများအပေါ် သစ္စာစောင့်သိပြီး တာဝန် ဝတ္တရားများ ကျေပွန်စွာ ဆောင်ရွက် ကြရန် နှင့် စည်းလုံးညီညွတ်သော ဝန်ထမ်းမိသားစု အသိုက်အဝန်းအဖြစ် ကျင့်ကြံနေထိုင် ကြရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။