သဘာဝကပေး အစာနှင့်ဆေး ၊ မျောက်ငိုပင်

သဘာဝကပေး အစာနှင့်ဆေး ၊ မျောက်ငိုပင်

မျောက်ငိုသီး

တညင်းကဲ့သို့ အနံ့အရသာရှိသော်လည်း ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးအထောက်အကူကောင်းဖြစ်စေ သည့် မျောက်ငိုပင်ကို သစ်လိန်ပင်၊ သစ်ကဇော်ပင်၊ မျောက်ထန်းလျက်ပင်၊ ဇောင်းသပင်ဟု ဒေသအလိုက် အမျိုးမျိုးခေါ်ဆိုကြပြီး  ယင်း၏ အင်္ဂလိပ်အမည်မှာ  Stink bean, Bitter bean, Twisted cluster bean   ဟု ခေါ်ဆိုကြသကဲ့သို့  မလေးရှားဘာသာ စကားအရ Petai beans  ဟုလည်း လူသိများကြ၏။ ရုက္ခဗေဒအမည်မှာ Parkia speciosa ဟုလည်း ခေါ်ဆိုကာ  ပဲမျိုးရင်း Fabaceae တွင် ပါဝင်၏။ 

မျောက်ငိုပင်သည် ထိုင်း၊ မလေးရှားနိုင်ငံ ဆူမားတြားကျွန်းဆွယ်၊   အင်ဒိုနီးရှား ဘော်နီယိုကျွန်းဆွယ်နှင့် ဖိလစ်ပိုင်နိုင်ငံ၊ ပါလာဝမ်တို့အပါ အဝင် အရှေ့တောင်အာရှ၏ အပူပိုင်းဒေသများတွင် သဘာဝအလျောက် ပေါက်ရောက် ဖြစ်ထွန်းသည့် အပင်မျိုးဖြစ်၏။ နောက်ပိုင်းတွင်အရှေ့ တောင်အာရှနိုင်ငံများ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း နှင့် ဖိလစ်ပိုင်တို့ကဲ့သို့ အပူပိုင်းရာသီဥတုရှိသောဒေသများရှိ မြေနိမ့်ပိုင်းနှင့် အလယ်ပိုင်းမိုးသစ်တောများ၊ ရေချိုစိမ့် သစ်တောများနှင့် မြစ်ကမ်းပါးတစ်လျှောက်တွင် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းလာသည်ကို တွေ့ရှိရ၏။  နောက်ပိုင်းတွင် မျောက်ငိုသီးကို စားသုံးမှုများလာသည့်အပြင် ဆေးဖက်ဝင်အဖြစ် အသုံးပြုခြင်းတို့အတွက် စနစ်တကျ စိုက်ပျိုးထုတ်လုပ်လာကြ၏။ မြန်မာ နိုင်ငံတွင် မျောက်ငိုပင်ကို စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းဒေသ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တွေ့ရှိရပြီး နောက်ပိုင်းတွင် စီးပွား ဖြစ် စိုက်ပျိုးလာကြ၏။

မျောက်ငိုပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး မီတာ ၃၀ ခန့်အထိ ကြီးထွားနိုင်၏။ ရှည်လျားသော ရိုးတံများ၏ ထိပ်ဖျားပိုင်းတွင် မီးသီးပုံသဏ္ဍာန်ရှိသော အဝါနုရောင်ပန်းပွင့်များ အစုလိုက်အပြုံလိုက် ပွင့်တတ်၏။ ပန်းပွင့်များသည် လင်းနို့များနှင့် အခြားဝတ်မှုန်ကူးသူများကို ဆွဲဆောင်နိုင်သည့် ဝတ် ရည်ကို ထိန်းသိမ်းပေး၏။ အသီးများသည် ရှည်လျားပြီး လိန်သောသီးတောင့်များဖြစ်ပြီး အတွင်းတွင် တောက်ပသော အစေ့များ ၇ သို့မဟုတ် ၈ ခုထိ ပါဝင်၏။ မျောက်ငိုသီးတွင် ဗာဒံစေ့နှင့် ရှီတာကီမှိုကဲ့သို့သော ထူးခြားသောအနံ့ပါရှိ၏။ အပင်ကိုင်းဖျားတွင် သီးတတ်သော ထိုအသီးများကို မျောက်များက ခူးယူစားသုံးရန် မလွယ်ကူသည့် အတွက် မျောက်ငိုသီးဟု အရပ်ခေါ် စကားလေးမှသည် အမည်တွင်လာ ခြင်းဖြစ်သည်ဟု ဆိုကြ၏။ 

မျောက်ငိုသီးတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်၏။ အထူးသဖြင့် ဗီတာမင် စီ၊ သိုင်ရာမင်ခေါ် ဘီဝမ်း၊ ရီဘိုဖလာဗင်ခေါ် ဘီတူး၊ နိုင်ရာစင်ခေါ် ဘီသရီးတို့အပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်နှင့် သံဓာတ်ကဲ့သို့သော သတ္တုဓာတ်ကောင်းများပါဝင်ကြ၏။  ထို့အပြင် စိတ်ခံစားချက်ထိန်းညှိပေးနိုင်စွမ်း နှင့် အိပ်စက်ခြင်းကို မြှင့်တင်ပေးနိုင်သည့် tryptophan ဟုခေါ်သည့် အမိုင်နိုအက်ဆစ်လည်းပါဝင်၏။ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများစွာနှင့်အတူ  အခြားသော bio active ဒြပ်ပေါင်းများလည်း ကြွယ်ဝစွာပါရှိ၏။

အာယုဗေဒနှင့် တိုင်းရင်းဆေးပညာအရ မျောက်ငိုသီးတွင် ဆီးချို၊ သွေးတိုး၊ ကိုယ်လက်ရောင်ရမ်းခြင်းနှင့် ကျောက်ကပ်ဆိုင်ရာရောဂါများအတွက် ဆေးဝါးအဖြစ် အသုံးပြုကြ၏။ မျောက်ငိုသီးသည် ခန္ဓာကိုယ်တွင်း အဆိပ် အတောက်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာမကြေခြင်းနှင့် ယားယံခြင်းတို့ကို ကုသရန်အတွက် ကူညီပေးရာတွင် အသုံးပြုကြ၏။ မျောက်ငိုသီးတွင် ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်စွမ်း၊ ဆီးချို ရောဂါကို တိုက်ဖျက်နိုင်စွမ်း၊ ကင်ဆာ ရောဂါကို ကာကွယ်နိုင်စွမ်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်စွမ်း၊ စိတ်ဖိစီးခြင်းကို သက်သာစေနိုင်စွမ်း၊ အစာခြေစနစ်ကျန်းမာရေးကို အထောက်အပံ့ပြုနိုင်စွမ်း၊ အရိုးကျန်းမာရေးကို အထောက်အကူပြုနိုင်စွမ်း၊ ကိုယ်တွင်းရောင်ရမ်း နာ ကျင်ခြင်းကို သက်သာစေနိုင်စွမ်းတို့ရှိ၏။

- အမျှင်ဓာတ်၏ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သည့် မျောက်ငိုသီးသည် အစာခြေစနစ်ကို ပုံမှန်ထိန်းထားရန် အရေးပါပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေး၏။ ထို့အပြင် ကိုလက်စထရောကို လျော့ကျစေရန် အထောက်အကူပြုပြီး နှလုံး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်၏။ ထိုမျှသာမက အမျှင်ဓာတ်သည် အစာစားလိုစိတ်ကို လျော့ကျစေရန် အကူအညီပေးနိုင်သည့် အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူများ သို့မဟုတ် ကိုယ်အလေး ချိန် ထိန်းသူများအတွက်  အထောက် အကူကောင်း ဖြစ်စေ၏။  

  • မျောက်ငိုသီးသည် အစာအိမ်အတွင်းတွင် ကျန်းမာသောဘက်တီးရီးယားများ probiotics ကြီးထွားမှုကို အားပေးသည့်  အရင်းအမြစ်ကောင်းတစ်ခုလည်းဖြစ်၏။ ယင်းတို့သည် အစာခြေစနစ်ကို အန္တရာယ်ရှိသော ရောဂါပိုးမွှားများ ကင်းစင်စေရန်လည်း ကူညီပေး၏။ မျောက်ငိုသီးသည် ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းကို သက်သာရာရစေ၏။ 

  • သံဓာတ်ကြွယ်ဝသည့် မျောက်ငိုသီးသည် သွေးနီဥထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးနိုင်သည့်အတွက် သွေးအားနည်းရောဂါအတွက် အထောက်အကူကောင်းဖြစ်စေ၏။

  • ဗီတာမင်စီကြွယ်ဝစွာ ပါဝင်သည့် မျောက်ငိုသီးသည် ထိခိုက်ဒဏ်ရာများကို လျင်မြန်စွာသက်သာပျောက် ကင်းစေပြီး ခန္ဓာကိုယ်အတွင်း ကိုယ်ခံစွမ်းအား ကောင်းမွန်စေရန် အကူ အညီပေးသည့် အရေးကြီးသော အာဟာရတစ်ခုဖြစ်၏။  

  • မျောက်ငိုသီးတွင် ပါဝင်သည့် tryptophan အမိုင်နိုအက်ဆစ်သည် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး စိတ်ခံစား ချက်များကို ထိန်းညှိပေးနိုင်ခြင်းနှင့်အတူ အိပ်စက်ခြင်းကို မြှင့်တင်ပေးနိုင်စွမ်းရှိ၏။ 

  • ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်သည့် မျောက်ငိုသီးသည် ခန္ဓာကိုယ်တွင်းရှိ အရည်များကို ဟန်ချက်ညီစေရန် ကူညီပေးသည့် အီလက်ထရောနစ် တစ်မျိုးဖြစ်ပြီး ယင်းသည် သွေးဖိအားကိုပါ မျှခြေရှိစေရန် ထိန်းညှိပေးနိုင်စွမ်းရှိ၏။ 

  • မျောက်ငိုသီးတွင် အရိုးကျန်းမာ ရေးအတွက် အရေးပါသည့် မဂ္ဂနီစီယမ်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်၏။ 

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်သည့် မျောက်ငိုသီးသည် ခန္ဓာကိုယ်တွင်းရှိဆဲလ်များကို ပျက်စီးစေပြီး ရောဂါဖြစ် စေနိုင်သော   ဖရီးရယ်ဒီကယ်များ ထွက်ရှိခြင်းမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။ 

  • မျောက်ငိုသီးတွင် သွေးအတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည့်အတွက် ဆီးချိုရောဂါကို သဘာဝအတိုင်း ကုသနိုင်မှုအတွက် လူသိများ၏။ 

မျောက်ငိုသီးကို ရာသီအချိန်တွင်သာမက အသီးခြောက်၊ ဆားရည်စိမ်တို့ကို ယခုအခါ စူပါမားကက်များတွင် သာမက အွန်လိုင်းရှော့ပ်များမှပါ အလွယ်တကူဝယ်ယူရရှိနိုင် ပြီး မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုတ် သုံးဆောင်နိုင်၏။ စာရေးသူလည်း မျောက်ငိုသီးကို လွန်ခဲ့သော ၁၃ နှစ်ခန့်က အင်ဒိုနီးရှားနိုင်ငံသို့ ပညာသင်ရောက်ရှိချိန်၌ စားဖူးခဲ့ပြီး   အင်တာနက်တွင်ရှာဖွေဖတ်ရှုရင်း ယင်း၏ အာဟာရတန်ဖိုးနှင့် ဆေးဖက်ဝင်ပုံကို သိရှိခဲ့သမျှကို မျှဝေလိုက်ရခြင်း ဖြစ်၏။

  • တညင်းသီးကဲ့သို့ အနံ့အရသာရှိသည့် မျောက်ငိုသီးကို အစိမ်းအတိုင်းဖြစ်စေ၊ ဆားရည်စိမ်ပြီးဖြစ်စေ ငါးပိရည်ကျို၊ ငါးပိထောင်း၊ ငါးပိသုပ်၊  ငရုတ်သီးထောင်း၊ ငါးပိချက် အစရှိသည်တို့နှင့် တွဲဖက်ကာ တို့စရာ အဖြစ် စားသုံးတတ်၏။ 

  • မျောက်ငိုသီးကို ပုစွန်အစို/အခြောက်၊ ပြည်ကြီးငါးအစို/အခြောက်/ ဆားနယ် တို့နှင့်အတူရောကာ ကိုင်းခရမ်း ချဥ်သီး အနှစ်ကျကျ၊ ငရုတ်သီးစပ်စပ်ဖြင့် ငါးပိချက်စပ်စပ်လေး ချက်ပြီး စားသုံးနိုင်၏။ 

  • မျောက်ငိုသီးကို ကြက်သား/ဝက်သားတို့နှင့်လည်း နှစ်သက်သလို ကြော်စား၊ ချက်စားနိုင်၏။

  • ချဥ်ပေါင်၊ ဇရစ်၊ မျှစ်၊ ပဲတောင့်ရှည်၊ ခရမ်းကြွတ်သီးတို့နှင့်အတူ မျောက် ငိုသီးကိုပါ ထည့်ကြော်ထားသည့် ရွက်စုံကြော်ကိုလည်း အသားဟင်းနှင့် မလဲနိုင်သည့် ထမင်းမြိန်စေသည့် ဟင်းတစ်မယ်ဖြစ်စေ၏။

မျောက်ငိုသီးကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ လာအို၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ အစရှိသည့်နိုင်ငံများမှ အကြိုက်များပြီး အဝယ်သွက်သည့်အတွက် ပြည်ပသို့တင်ပို့နိုင်သည့် ပို့ကုန်တစ်မျိုးဖြစ်၏။ ယခုနောက်ပိုင်းတွင် မျောက်ငိုသီးမှာ ပြည်တွင်းစားသုံးမှုလည်း မြင့်တက်လာ၏။ မျောက်ငိုသီးကို အစိမ်းအတိုင်း မဟုတ်ဘဲ စနစ်တကျ ပြုပြင်စီမံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ပါကလည်း ပြည်တွင်းသာမက ပြည်ပစျေးကွက်ပါ ကျယ်ပြန့်လာစေမည်ဖြစ်၏။

သဘာ၀တရားမှပေးသည့် လက်ဆောင်မွန် မျောက်ငိုသီးပင်မှ ရရှိသည့် အစိတ်အပိုင်းများကို အမြတ်တနိုး တန်ဖိုးထားပြီး ‌ရာသီချိန်ခါနှင့်အညီ ဒေသအလိုက် မတူညီကွဲပြားသည့် ချက်ပြုတ်နည်းမျိုးစုံဖြင့် ပြင်ဆင်စားသုံးခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေပြီး ကျန်း မာရေးအကျိုးကျေးဇူးကောင်းများကို ရရှိနိုင်မည်ဖြစ်၏။ ထို့အပြင် မိမိတို့နိုင်ငံအတွက် ဂေဟစနစ်‌ ကောင်း မွန်စေရေး၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုများကို ထိန်းသိမ်းရေးနှင့် ကိုယ်ပိုင်ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစေနိုင်မည် ဖြစ်၏။

ကြေးမုံငယ်