စားသုံးသီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု ကင်းဝေးရေး

မြန်မာနိုင်ငံမှအရှေ့တောင်အာရှနှင့်အီးယူနိုင်ငံများသို့ပဲတီစိမ်းတင်ပို့မှုသည် ၂၀၁၃ ခုနှစ်မှ စတင်၍ တဖြည်းဖြည်းတိုးတတ်လာကာ လက်ရှိတွင် ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သီရိလင်္ကာ၊ ဩစတေးလျ၊ ဂျာမနီ၊ ကနေဒါ၊ ဗီယက်နမ်၊စင်္ကာပူ၊ ဘယ်လ်ဂျီယမ်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယ နိုင်ငံများသို့ပင် တင်ပို့လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် International Plant Protection Convention (IPPC) အဖွဲ့ဝင်နိုင်ငံ ဖြစ်၍ IPPC မှချမှတ်ထားသော International Standards for Phytosanitary Measures (ISPMs) များနှင့်အညီ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင်အစားအစာနှင့် အပင်ဘေးကင်းလုံခြုံရေး Sanitary and Phytosanitary (SPS)လုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရမည့်အချက်များအား လိုက်နာဆောင် ရွက်ရန်အထူး အရေး ကြီးပါသည်။
ကုန်သွယ်ဖက်နိုင်ငံများ၏ အစားအစာ ဘေးကင်းလုံခြုံရေး အတွက် မြန်မာနိုင်ငံမှ တင်ပို့သော စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ် ဆေးဓာတ်ကြွင်း ပါ၀င်မှုများအား လက်ခံနိုင်သည့် အတိုင်း အတာ (Maximum Residue Limits- MRLs) ထက်မကျော်လွန်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပဲတီစိမ်း၊မတ်ပဲ စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့်စိုက်ပျိုးချိန် တွင်ပိုးသတ်ဆေးတစ်မျိုးတည်းကိုသာ ကြိမ်ဖန်များစွာ ပက်ဖျန်းခြင်း၊ သတ်မှတ် နှုန်းထားထက် ပိုမို သုံးစွဲခြင်း၊ သီးနှံမခူးဆွတ်မီ စောင့်ဆိုင်း ရမည့်ကာလ (Pre- harvest Interval – PHI)တို့အားတိကျစွာ မလိုက်နာခြင်း၊ သိုလှောင်သီးနှံများအား ပိုးသတ်ဆေး တိုက်ရိုက် ပက်ဖျန်း သိုလှောင်ခြင်း၊ တောင်သူ များ စိုးရိမ်သောကြောင့် စီးပွားရေးအရ ထိခိုက်နိုင်သော အဆင့် မရောက် သော်လည်း ပိုးသတ်ဆေး ပက်ဖျန်းခြင်း၊ ပဲတီစိမ်းသည် စျေးကွက်တွင်စျေး ကောင်း ရရှိခြင်းကြောင့် အကျိုး အမြတ်ရရှိရန် သေချာ သဖြင့်ပိုးသတ်ဆေး ကိုပိုမိုသုံးစွဲလာခြင်း တို့ကြောင့် ပဲတီစိမ်းတွင်ဓာတု ဓာတ်ကြွင်း များ ပါဝင်ပြီး နိုင်ငံတကာ စျေးကွက်တွင်စျေး ကောင်း မရရှိခြင်း၊ မိမိသီး နှံ အတွက် အာမခံချက် မရခြင်း စသောဆိုးကျိုး များဖြစ် ပေါ် နိုင်ပါသည်။
မြန်မာနိုင်ငံရှိ သီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူကြီးများအား မိမိတို့၏ စိုက်ပျိုး ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့မည်ဟူသော ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးစေချင်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ အပြည်ပြည် ဆိုင်ရာပို့ကုန်၊ သွင်းကုန် လုပ်ငန်းများတွင် အပင်နှင့် အပင်ထွက်ပစ္စည်းများ ပိုးမွှားရောဂါ ကင်းစင်စေရေး၊ စိုက်ပျိုးထုတ်ကုန်သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်း အန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းများအား (International Organization for Standardization- ISO) လက်မှတ်ရဓာတ်ခွဲခန်းမှ စစ်ဆေး၍ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သက်သေခံ လက်မှတ် ထုတ်ပေးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုအခါ ဥရောပဈေးကွက်သို့ မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့လျက်ရှိရာ ၎င်းတို့လိုအပ်ချက်အရ လူနှင့်တိရိစ္ဆာန်တို့ကို အန္တရာယ်ဖြစ်စေသော အဏုဇီဝပစ္စည်းများ (E.coli, Salmonella)ပါဝင်မှုမရှိသော၊ ပိုးသတ်ဆေးဓါတ်ကြွင်းကင်းသော ပဲတီစိမ်းများနှင့် အညစ်အကြေးကင်း၍သန့်ရှင်းသော ပဲတီစိမ်းများကိုသာ စိစစ်ရွေးချယ်ဝယ်ယူနေပါသည်။ သို့ဖြစ်ပါ၍ European Union(EU) (ဥရောပသမဂ္ဂ အဖွဲ့အစည်း)မှ ကန့်သတ်ထားသော ပိုးသတ် ဆေးများအား ပဲစိုက်တောင် သူများ အထူး ဂရုပြု သုံးစွဲရန် လိုအပ်လှပါသည်။ ၎င်းတို့မှာ ပိုးသတ်ဆေးများတွင် (Acephate-အဆီဖိတ်)၊ (Cartap hydrochloride-ကာတတ်ဟိုက်ဒရိုကလိုရိုက်)၊ (Profenofos-ပရိုဖီနိုဖော့စ်)၊ (Carbosulfan-ကာဘိုဆာလ်ဖန်) တို့၏ ဓာတ်ကြွင်းပါဝင်မှုပမာဏအား ကန့်သတ်ခြင်းအပြင် ဆန်တင်ပို့ရာတွင် စပါးဂုတ်ကျိုးရောဂါ ကာကွယ် ရာတွင် အသုံးပြုသောမှိုသတ်ဆေး (Tricyclazole-ထရိုင်စိုင်ကလာဇော)ဓာတ်ကြွင်းပါဝင်မှု ကန့်သတ်ချက်များလည်းတွေ့ရှိရပါသည်။ ထို့အပြင်ဂျပန်နိုင်ငံနှင့်တရုတ်နိုင်ငံများသို့ ပဲတီစိမ်းတင်ပို့မှုတွင်လည်း (Thiamethoxam- သိုင်ရာမီသိုဇမ်) ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှုပမာဏ ကန့်သတ်ချက်များ ရှိ လာကြောင်းတွေ့ရှိနေရပါသည်။
ဈေးကွက်လိုအပ်ချက်အရ ဓာတုပိုးသတ်ဆေးများအား ဓာတ်ကြွင်းကင်းစေရန် ဂရုပြုသုံးစွဲရန် လိုအပ်သကဲ့သို့ ပြည်တွင်းစားသုံးမှုတွင်လည်း ဓာတုဆေးကင်းသော သီးနှံများ ထုတ်လုပ်နိုင်ရန် လိုပါသည်။မြန်မာနိုင်ငံတွင်လည်း တားမြစ်ထားသောပိုးသတ်ဆေး ၅၄ မျိုးရှိပါသည်။ တားမြစ်ပိုးသတ် ဆေးဆိုသည်မှာ လူနှင့်ပတ်ဝန်းကျင်ရှိ သက်ရှိများအား အန္တရာယ်ရှိစေသော ပိုးသတ်ဆေးအမျိူးအစားများအား နိုင်ငံတကာစံချိန်စံညွှန်းများအရ သက်ဆိုင် ရာအဖွဲ့အစည်းများဖြစ်သည့် Rottern Convention, Stockholm Convention တို့မှ တားမြစ်ထားချက်အားလက်ခံ၍ ထုတ်ပြန်ထားခြင်းဖြစ် သည်။သီးနှံကာကွယ်ရေးဌာနခွဲ၏(https://www.ppd.doa.gov.mm website တွင်လည်း ပြည်သူ အများ သိရှိစေရန် တင်ပြထားပါသည်။
စားသုံးသီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု မြင့်မားရသည့်အကြောင်းအရင်းများမှာ
မရိတ်သိမ်းမီ(သို့)မခူးဆွတ်မီ စောင့်ဆိုင်းရမည့်ကာလ (Pre-harvest Interval-PHI)အား မစောင့်ဘဲရိတ်သိမ်းခြင်း၊
ပိုးသတ်ဆေးကို မလိုအပ်ဘဲ ကြိုတင်အသုံးပြုခြင်း၊
လိုအပ်သောနှုန်းထားထက် ပိုမိုလွန်ကဲစွာ အသုံးပြုခြင်း၊
ပိုးသတ်ဆေးပက်ဖျန်းသည့်အကြိမ် လိုအပ်သည်ထက်ပိုမိုပက်ဖျန်းခြင်း၊
ပိုးသတ်ဆေးအုပ်စုတစ်မျိုးတည်းအားကြိမ်ဖန်များစွာဆက်တိုက်ပက်ဖျန်းခြင်း၊
အရည်အသွေးမပြည့်မီသော (တရားမဝင်)ပိုးသတ်ဆေး၊ တားမြစ်ပိုးသတ်ဆေးများကို အသုံး ပြုခြင်း၊
မျိုးစေ့လူးနယ်ဆေးနှင့် လူးနယ်ထားသော သိုလှောင်သီးနှံများအား ပြည်တွင်း၊ပြည်ပ ဈေးကွက်များသို့ စားသုံးရန်ဖြန့်ဖြူးရောင်းချခြင်းတို့ ကြောင့်ဖြစ်သည်။
စာရေးသူကွင်းဆင်း၍ တောင်သူပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရာတွင် တောင်သူဦးကြီးများမှ အစွမ်းထက်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်းမပါသော ပိုးသတ်ဆေးအား လမ်းညွှန်ပေးရန်ပြောပါသည်။ ဓာတ်ကြွင်းပါခြင်း၊ မပါခြင်းသည် ပိုးသတ်ဆေးနှင့် မသက်ဆိုင်ပါ။ အသုံးပြုသော တောင်သူများ၏ စနစ်တကျ လိုက်နာသုံးစွဲမှုအပေါ်၌သာ မူတည်ပါသည်။ အထက်ဖော်ပြပါ အကြောင်းအရာများကို ဂရုပြု၍ မှန်ကန်သော ပိုးသတ်ဆေးအား နှုန်းထားမှန်စွာဖြင့် ပက်ဖျန်းသည့် အကြိမ်တိကျစွာ ပက်ဖျန်း၍ သီးနှံခူးဆွတ်ရမည့်အချိန်မှ ခူးဆွတ်ပါကဓာတ်ကြွင်းကင်းစင်သော သီးနှံများစားသုံးနိုင်မည် ဖြစ်ပါသည်။ (ယင်းအချက်အလက်များအား ပိုးသတ်ဆေးဘူး/ဆေးထုပ်ပါအညွှန်းစာတွင် အသေးစိတ် ဖတ်ရှု၍ လိုက်နာဆောင်ရွက်ရန်အထူးလိုအပ်ပါသည်။) ပဲတီစိမ်း စိုက်တောင်သူများကြိုက်နှစ်သက်သောစုပ်စားပိုးကာကွယ်နှိမ်နင်းနိုင်သည့်(Thiamethoxam -သိုင်ရာ မီသိုဇမ်)ပိုးသတ်ဆေးအားအပင်ငယ်စဉ်မှစ၍ခူးဆွတ်ချိန်အထိတစ်မျိုးတည်းကြိမ်ဖန်များစွာပက်ဖျန်း ခြင်းသည်ပဲတီစိမ်းသီးနှံတွင်ဓာတ်ကြွင်းပါဝင်မှုကိုဖြစ်ပေါ်စေသဖြင့်အခြားစုပ်စားပိုးနှိမ်နင်းနိုင်သည့်ပင်လုံးပြန့်အာနိသင်ရှိပိုးသတ်ဆေးများဖြင့်အလှည့်ကျ ပက်ဖျန်းရန်အထူးလိုအပ်ပါသည်။
သို့ဖြစ်ပါ၍ သီးနှံစိုက်တောင်သူကြီးများသည် ပြည်တွင်းစားသုံးမှုတွင်သာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသော သီးနှံများတွင် ပိုးသတ် ဆေးဓာတ်ကြွင်းမပါစေရန် အမျိုးသားစီးပွားရေး၊ အမျိုးသား ကျန်းမာရေးအသွင်ဖြင့် စိုက်ပျိုးထုတ်လုပ်ရပေမည်။ မိမိ တို့ထုတ်လုပ်လိုက်သော သီးနှံများတွင် ဓာတ်ကြွင်းများ ပါဝင်ပါက ပြည်တွင်းစားသုံးသူများ ကျန်းမာရေး ထိခိုက်စေနိုင်သည့်အပြင် မည်သည့် ပြည်ပနိုင်ငံမှ ဝယ်ယူမည်မဟုတ်သဖြင့် ဈေးကောင်းမရဘဲ တောင်သူများအတွက် အကျိုးအမြတ်ရရှိမှု နည်းပါးစေပါလိမ့်မည်။ ခိုင်မာသောပြည်တွင်း၊ပြည်ပ ဈေးကွက်ရရှိရန် ဓာတ်ကြွင်းကင်းသော သီးနှံများအား(Good Agricultural Practices-GAP) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်ပါက ခိုင်မာ သောဈေးကွက်ရရှိ၍ တောင်သူဦးကြီးများ၏ ဝင်ငွေတိုးလာမည်မှာ ဧကန်မလွဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာခင်ခင်မာလာမြင့်
သီးနှံကာကွယ်ရေးဌာနခွဲ