အပင်အာဟာရအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ၈၆ ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

အပင်အာဟာရအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ၈၆ ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၊ အောက်တိုဘာ ၁၁

၈၆ ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC သင်တန်းခန်းမ၌ ကျင်းပရာ  “အပင်အာဟာရဓာတ်များအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးဖလှယ် ခဲ့ကြကြောင်း သိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ဆွေးနွေးမှာကြားရာတွင် အပင်များ ကြီးထွားဖွံ့ ဖြိုးရန်၊ ရောဂါဒဏ်ခံနိုင်ရန်၊ မျိုးပွားရန်နှင့် မျှော်မှန်းအထွက်နှုန်းရရှိရန်အတွက် အပင်အာဟာရဓာတ်များ စီမံခန့်ခွဲမှုကို သိရှိရန်လိုကြောင်း၊ ထို့အတူ ရာသီဥတုပြောင်း လဲလာသည်နှင့်အညီ စိုက်ပျိုးရေးနည်းစနစ်ကိုလည်း ပြောင်းလဲရမည် ဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲစေသည့် မီသိန်းထွက်ရှိမှုကိုအားပေးသည့် စိုက်နည်း စနစ် အမှားများကို ပြုပြင် ရမည်ဖြစ်ကြောင်း၊ သီးနှံတိုင်းကို အတန်း လိုက်စိုက်ပျိုးခြင်းစနစ်ဖြင့် စိုက်ပျိုးပြီး ကြားထွန် ပေါင်းလိုက်ခြင်းအားဖြင့်  အပင်အမြစ်များ အောက်စီဂျင်ရရှိရေး၊ လေဝင်လေထွက် ရရှိရေးအတွက်  တောင်သူများ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာကြစေရေး တွန်းအားပေး ဆောင်ရွက်စေလိုကြောင်း၊ 

ရေသွင်း၊ရေခန်းစနစ် အသုံးပြုနိုင်ရေး  နှင့် မြေတွင်းလေဝင်လေထွက်မျှတစေရေး ကြားထွန်ခြင်းလုပ်ငန်း စဉ်ကို ပညာရှင်များနှင့်တောင်သူ များ ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ ထို့အပြင်ဓာတ်ကြွင်းအန္တရာယ်လျော့ချရေးနှင့်ပိုးသတ်ဆေးလျော့ချအသုံးပြုနိုင်ရေးအတွက်  ပဲပြီးပဲ၊ စပါးပြီးစပါး၊အာလူးပြီးအာလူး သီးနှံပုံစံ စိုက်ပျိုးခြင်းထက် ရောဂါသံသရာ၊ ပိုး သံသရာ ဖြတ်တောက်ရန် ဒေသနှင့်ကိုက်ညီသည့် အကောင်းဆုံးသီးလှည့် စိုက်ပျိုးခြင်း စနစ်ကို စမ်းသပ်၍ စီမံချက်ထား စိုက်ပျိုးစေလိုပါကြောင်း၊

အလားတူ မျိုးကောင်းမျိုးသန့်အသုံးပြုရန်၊ မျိုးစေ့နှင့်စိုက်ပျိုးရေ အလေအလွင့်မရှိ အသုံးပြုရန်၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးနှင့် ဓာတ်မြေဩဇာများ လျှော့ချအသုံး ပြုရန်ကိုလည်း ဝိုင်းဝန်းထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာသိပ္ပံသုတေသနဌာနစု မှ သုတေသနမှူး၊ ဒေါက်တာ ဝင်းသီတာဦး က အပင်အာဟာရဓာတ်၏ အခြေခံသဘောတရားများ၊ မြေဆီလွှာနှင့် အပင်အာဟာရဓာတ်များအကြောင်း အပင်အာဟာရဓာတ်ချို့တဲ့မှုနှင့် အဆိပ်သင့်မှု လက္ခဏာများ ၊ အပင်အာဟာရဓာတ်များ၏ လုပ်ဆောင် ချက်များ၊ အာဟာရဓာတ် စီမံခန့်ခွဲမှု နှင့် ရယူသုံးစွဲနိုင်မှု၊ အပင်အာဟာရဓာတ်များနှင့် မြေချဉ်/ငံကိန်း ဆက်စပ် မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ သည်။ ဆက်လက်၍ တက်ရောက် လာသူများ၏ မေးမြန်းချက် အပေါ် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက ဖြည့်စွက် ဆွေးနွေးကြသည်။

၈၆ ကြိမ်မြောက်ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ၊စိုက်ပျိုး ရေးတက္ကသိုလ် တို့မှ ပညာ ရှင်နှင့် သုတေသီများ၊ ဆရာ၊ဆရာမများ၊ စိုက်ပျိုးရေးတောင်သူများ  ၃၃   ဦး တို့တက်ရောက်ကြပြီး  တိုင်းဒေသကြီး ၊ ပြည်နယ် အသီးသီးမှ ပညာရှင်များနှင့် တောင်သူ ၁၅၀ ဦး တို့က ဗီဒီယို ကွန်ဖရင့်စနစ် zoom point ၁၀၀ မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

MOALI