စိုက်ပျိုးမွေးမြူရေးထွက်ကုန်များနှင့် ဈေးကွက်

စိုက်ပျိုးမွေးမြူရေးထွက်ကုန်များနှင့် ဈေးကွက်

ဟင်းသီးဟင်းရွက်

စီးပွားရေးလုပ်ငန်းတိုင်းတွင် ဈေးကွက်နည်းပညာသည် အရေးအကြီးဆုံး အချက်တစ်ခု ဖြစ်ပါသည်။ လုပ်ငန်းတိုင်းတွင် အခြားဆက်နွယ်လုပ်ငန်းပိုင်းများ အားနည်းသော်လည်း ဈေးကွက် ဖော်ဆောင်မှုအပိုင်း ကောင်းမွန်ပါက လုပ်ငန်းအကျိုးအမြတ်ရရှိပြီး အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ ဈေးကွက်နည်းပညာနိမ့်ကျပါက အောင်မြင်ဖြစ်ထွန်းရန် ခဲယဉ်းမည်ဖြစ်သည်။

စာရေးသူသည် တောင်သူ လယ်သမားသားသမီးဖြစ်ပြီး စိုက် ပျိုးရေးတက္ကသိုလ်တက် ရောက်ခါ စိုက်ပျိုးရေးဘွဲ့ကိုရရှိခဲ့ပါသည်။ စိုက်ပျိုးရေးဘွဲ့ရပြီးမှစ၍ စိုက်ပျိုး ရေးဌာန စိုက်ကွင်း စိုက်ခြံ ဥယျာဉ်ခြံများတွင် ပင်စင်ယူသည့်အသက် ၆၀ အထိ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ အသက် ၆၀ ပြည့်ပင်စင်ယူပြီးနောက် ယခုအသက် ၇၁ နှစ်အရွယ်အထိ ကိုယ်ပိုင်သရက်ခြံ၊ လျှော်ဖြူခြံများ တည်ထောင်စိုက် ပျိုးရေးလုပ်ခဲ့ပါသည်။ သို့သော် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် စီးပွားရေးဖြစ်ရန်မလွယ်ကူကြောင်း လက်တွေ့လုပ်ကိုင်သိရှိခဲ့ရ
ပါသည်။

စာရေးသူသည် ဈေးကွက်နည်းပညာ အားနည်းခဲ့သူတစ်ဦးဖြစ်ပါသည်။ သို့သော် စိုက်ပျိုးရေး နည်းပညာ ပြည့်စုံထက်မြက်သူတစ်ဦးဖြစ်ပါသည်။ စာရေးသူအသက် ၄၀ နှစ်ခန့်အရွယ် စိတ္တိန်း ချောင်းမကုန်းစောင်းမြေ စံပြခြံ မန်နေဂျာဘဝတွင် စိုက်ပျိုးရေးပညာရှင်တစ်ဦးအနေဖြင့် စဉ်းစား သုံးသပ်မိသည်မှာ မည်သည့်သီးနှံ၊ မည်သည့်ဒေသ၊ မည်သည့်မြေမျိုး၊ ရာသီဥတုမျိုးမဆို သီးနှံ အထွက်နှုန်းကောင်းအောင်နှင့် အရည်အသွေးကောင်းအောင် လုပ်နိုင်သည်ဟု ယုံကြည်ခဲ့ပါသည်။ သို့သော်စီးပွားရေးတွက်ချေကိုက်အောင် လက်တွေ့လုပ်ဖို့ခက်ခဲမည်ဟု သိရှိလက်ခံလာခဲ့ပါသည်။ မိမိကိုယ်တိုင်ကလည်း ငယ်ရွယ်စဉ် တောင်သူလယ်သမားဘဝ ဝန်းကျင်တွင် ဈေးကွက်နှင့်အကျိုးအမြတ်ကို မစဉ်းစားခဲ့ဘူးပါ။ သို့သော် မိဘဘိုးဘွားများ ထွက်ရှိခဲ့သည့် သီးနှံနှင့်တိရစ္ဆာန်များသည် သားငါးဈေးနှုန်း နိမ့်ကျခဲ့၍ ဝင်ငွေနည်း ဆင်းရဲခဲ့ကြကြောင်းတော့ လက်တွေ့သိရှိခဲ့ရပါသည်။ 

စာရေးသူသည် ဈေးကွက်နည်းပညာနှင့် နီးစပ်မှုလည်း မရှိခဲ့ပါ။ သို့သော်လည်း စိုက်ပျိုးရေးတက္ကသိုလ်တွင် စိုက်ပျိုးရေးစီးပွားဘာသာရပ်တွင် ဈေးကွက်နှင့်ပတ်သက်၍ ဝယ်လိုအားနှင့် ရောင်းလိုအား အခြေခံသဘောတရားများကို သင်ခဲ့ရ၏။ ဝန်ထမ်းဘဝတွင် ဈေးကွက်ဆိုင်ရာ ပညာပေးစာအုပ်များကို ဝယ်ယူဖတ်ရှုလေ့လာခဲ့ဖူး ၏။ ဤစာတွေ့နှင့်လက်တွေ့ အတွေ့အကြုံများကို အခြေခံ၍ စာရေးသူအသက် ၅၈ နှစ်အရွယ် ၁၉၁၄-၁၉၁၉ ခုနှစ်တွင် စိုက်ပျိုးစီးပွားပညာ အလေးထားစရာခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ပါသော မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေးအခြေခံဆောင်းပါးများ ပညာပေးစာအုပ်တစ်အုပ် ထုတ်ဝေခဲ့ပါသည်။ 

ယခုအခါတွင် နိုင်ငံတော်အနေနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံ၍ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ရမည့်အချိန်တွင် စာရေးသူအနေနှင့် ယခု ၇၁ နှစ်အရွယ်အထိ မိမိစာတွေ့လက်တွေ့ အတွေ့အကြုံများကို အခြေခံ၍ ဤစိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များနှင့် ဈေး ကွက် ဆောင်းပါးကို ရေးသားလိုက်ပါသည်။

စာရေးသူသည် ကိုယ်တိုင် သီးနှံမျိုးစုံ စိုက်ဖူးခဲ့သလို မွေးမြူရေးနှင့်ပတ်သက်၍လည်း ကြက်၊ ဘဲ၊ ဝက်၊ ရစ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ငါးမွေးမြူရေးကို အနည်းနှင့်အများ ဆောင်ရွက်ခဲ့ဖူးပါသည်။ 

လက်တွေ့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး နှစ်ခုလုံး၏ အကျိုးအမြတ် သည် ဈေးကွက်ပေါ်သာ မူတည်နေကြောင်း တွေ့ရပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ် ငန်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်မည်ဆိုပါက လုပ်ငန်းအဆင့်အတန်း အမျိုးမျိုးရှိ၏။ အချို့မှာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို မိမိတို့ တစ်နိုင်လုပ်နေကြသော လုပ်ကွက်ငယ်လုပ်သူများလည်းရှိသည်။ ဤအဆင့်တွင် လုပ်ငန်းအားလုံး၏ ၆၀ ရာခိုင်နှုန်းခန့်မှာ အရင်းအနှီးနှင့် နေရာအကျယ်  အဝန်း အထိုက်အလျောက်ရှိကြသည့် လုပ်ငန်းလတ် လုပ်ကိုင်ကြသူများဖြစ်၏။ ၎င်းတို့သည် လုပ်ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းခန့်ရှိ၏။ အချို့မှာအရင်းအနှီးတောင့်တင်းပြီး ကမ္ဘာ့အဆင့်အတန်းမီ နည်းပညာမြှင့်၍ ဆောင်ရွက်နိုင်ကြသော အဆင့်မြင့်ကုမ္ပဏီများ ဖြစ်ကြသည်။ ဤအဆင့်တွင် လုပ်ငန်းအားလုံး၏ ၁၀ ရာခိုင်နှုန်းရှိပါသည်။ ဤအဆင့်အားလုံး ရပ်တည်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဓိကလိုအပ်ချက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များ၏ ဈေး ကွက် ကောင်းမွန်ရေးပင် ဖြစ်ပါသည်။ 

လယ်ယာသားငါးထွက်ကုန်များသည် ဒေသအလိုက် သယ်ယူပို့ဆောင်ရေးစနစ် အမျိုးမျိုးဖြင့် (ယာဉ်၊ ရထားစသည်) နေ့စဉ် စီးဆင်း ဝင်/ထွက်လျက် ရှိကြပါသည်။ သီးနှံထွက်ကုန်များ၊ ရေထွက်ပစ္စည်းများသည်လည်း ကုန်ကြမ်းအဖြစ်လည်းကောင်း၊ ပြုပြင်ပြီးသော်လည်း ကောင်း ပြည်ပသို့ တင်ပို့နေကြသည်လည်း ရှိပါသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ထွက်ရှိသည့် ကုန်စည်အမျိုးမျိုးသည် လက်ကားကုန်စည်ဒိုင်၊ ကုန် သည်/ပွဲစားများမှ တစ်ဆင့် စားသုံးသူများထံ လက်လီဈေးအမျိုးမျိုးမှတစ်ဆင့် နေ့စဉ်ရောက်ရှိလျက် ရှိကြပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ဈေးကွက်နှင့်ဆက်နွယ်သော နည်းပညာ၊ နည်းစနစ်များ တိုးတက်ဆောင်ရွက်ရန် လိုအပ် ချက်များကို ဆက်လက် တင်ပြသွားပါမည်။

ရှေးဦးစွာ လယ်ယာသားငါးထုတ်ကုန်များ၏ အရည်အသွေးကို အဆင့်မြှင့်တင်ပေးရပါမည်။ ဤတွင် ခေတ်မီနည်းပညာများကို အသုံးချရပါမည်။ တနည်းအားဖြင့် တန်ဖိုးမြင့် ထုတ်ကုန်များ (Valued Added Products)အဖြစ် ထုတ်လုပ်နိုင်ရန် ခေတ်မီ စက်မှုနည်းပညာများပါ အသုံးချ၍ သီးနှံနှင့်သားငါးတို့ကို အချိန်ကြာခံနိုင်စေသည့် Canned စည်သွပ်ခြင်း၊ Dried အခြောက်ခံခြင်း၊ Frozen အေးခဲခြင်းတို့ကို ဆောင်ရွက်ထိန်းသိမ်း အရည်အသွေး မြှင့်ရပါမည်။ စံချိန်စံညွှန်းမီသော ကုန်စည်များသည် ပြည်တွင်း/ပြည်ပ စားသုံးသူများ၏ ဘေးကင်းလုံခြုံရေး (Food Safety)အတွက် အရေးကြီးလှပါသည်။ 

အရည်အသွေး သက်သေခံလက်မှတ်များ GMP, HACCP, ISO, Organic အဆင့်အတန်းလက်မှတ်များရအောင် ဆောင်ရွက်ပြီး အဆင့်မြင့်ဈေးကွက်များနှင့် နိုင်ငံတကာအဆင့်အတန်းမြင့်ဈေးကွက်များသို့ တင်ပို့ရောင်းချကြရပါမည်။ ဤတွင် GMP ဆိုသည်မှာ Good Manufacturing Practices ကောင်းသောစက်မှုထုတ်လုပ်မှု အလေ့အကျင့်ကောင်းများကို ခေါ်ပါသည်။ HACCP ဆိုသည်မှာ အစားအသောက်အန္တရာယ်ခန့်မှန်းနှင့်ထိန်းချုပ်စနစ်ဖြစ်ပါသည်။ Hagard Analysis and critical control Points ဖြစ်ပါသည်။ 

ISO ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ နည်းပညာများကို စံချိန်စံညွှန်းတူညီစေရန် သတ်မှတ်ပေးသော အဖွဲ့အစည်းကို ခေါ်ပါသည်။ International Organization for Standardization ဖြစ်ပါသည်။ သီးနှံ၊ သားငါးများကို မပျက်မစီး အချိန်မီ ပို့ဆောင်ပေးရန် အဆင့်မြင့် သယ်ယူပို့ဆောင်ရေးအစီအမံများကို ဆောင်ရွက်ရပါမည်။

ထို့ပြင် ထုတ်ကုန်များကို အမှတ်တံဆိပ် Brand အမှတ်အသား Logo၊ ထုတ်ပိုးမှုစနစ်၊ Packaging တို့ကိုလည်း စနစ်တကျ သတ်မှတ်အသုံးပြုရပါမည်။ ဈေးကွက်ချဲ့ထွင်မှုကိုလည်း စနစ်တကျ ဆောင်ရွက်သွားကြရပါမည်။ ပြည်တွင်းဈေး ကွက်တွင် Supermarket, Hyper-market, Online Market Place, City mark, Online, Foodpanda များတွင် တိုက်ရိုက်ရောင်းချနိုင်အောင် စီစဉ်ရပါမည်။ နိုင်ငံခြားဈေးကွက်များအဖြစ် အိမ်နီးချင်းနိုင်ငံများ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ လာအိုသို့ လည်းကောင်း၊ အနောက်ပိုင်း EU, USA, Middle East နိုင်ငံများသို့ တင်ပို့နိုင်အောင် ဆောင်ရွက်ကြရပါမည်။

ဤသို့ ဈေးကွက်ထိုးဖောက်ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ကုန်ကွင်းဆက်တစ်လျှောက် (Supply Chain) တွင် ပါဝင်ပတ်သက်သူအားလုံး နိုင်ငံတော်အစိုးရ၊ စိုက်ပျိုးမွေးမြူသူများ သက် ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများ၊ စားသုံးသူများသည် စည်းလုံး ညီညွတ်စွာဖြင့် မိမိအကျိုး၊ အများအကျိုးကို ရှေးရှုကာ အားလုံး (Win Win Situation) အကျိုးရှိစေရန် ပူးပေါင်းဆောင်ရွက်သွားသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

လှဆန်း(စိုက်ပညာရှင်)