စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၆)

ဂုဏ်ထူးဆောင်ပါမောက္ခများ/ဂုဏ်ထူးဆောင်သုတေသနပညာရှင်များ(Professors/Researchers/Emeritus for Agriculture)
ထပ်မံပြီး စာရေးသူကြုံတွေ့ခဲ့ရသော နိုင်ငံတကာစိုက်ပျိုးမွေးမြူ ရေးတက္ကသိုလ်များရှိ ဂုဏ်ထူးဆောင် ပါမောက္ခများ/ ဂုဏ်ထူးဆောင် သုတေသနပညာရှင်များ (Professors/ Emeritus) ခန့်အပ်ခြင်းနည်းစနစ်ကို ဆွေးနွေးပါမည်။စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များအတွက် ဘွဲ့လွန်သင်တန်း ကျောင်း (Graduate School) နှင့်အတူ နိုင်ငံအကျိုးပြု စိုက်ပျိုး မွေးမြူရေးဆိုင်ရာ ဘွဲ့လွန်သုတေသနများနှင့် ဘွဲ့လွန် ကျောင်းသား/ ကျောင်းသူများစွာ ရရှိလာစေရန် လက်ရှိ ကြီးကြပ်သူ ဆရာ/ဆရာမများနှင့်အတူ ဘွဲ့လွန်သုတေသနများကို ကြီးကြပ်လမ်းညွှန်နိုင်သော အတွေ့အကြုံများစွာရှိသော စိုက်ပျိုးမွေးမြူရေး ပညာရှင်များမှာ အငြိမ်းစားပညာရှင်များနှင့်ပြင်ပလုပ်ငန်း လုပ်ကိုင်နေသူ မဟာသိပ္ပံ/ပါရဂူဘွဲ့ရ ပညာရှင်များစွာ စာရေးသူတို့ မြန်မာနိုင်ငံတစ်ဝန်းမှာ လက်ရှိနေထိုင်လျက်ရှိနေကြပါသည်။ ထိုအထဲမှ အချို့သည်နိုင်ငံအတွက်လိုအပ်သော ခေတ်မီစိုက်ပျိုး၊မွေးမြူရေးသုတေသနများကို ကြီးကြပ်နိုင်စွမ်းရည်ရှိပါသည်။ ဂုဏ်ထူးဆောင်ပါမောက္ခများ/သုတေ သနပညာရှင်များ အကြောင်း ဆွေးနွေးကြည့်ရအောင်ပါ။
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် “ဂုဏ်ထူးဆောင်ပါမောက္ခ”(Professor Emeritus) ခန့်အပ်ခြင်း၏ အရေးပါမှုနှင့် နမူနာများ
"ဂုဏ်ထူးဆောင်ပါမောက္ခ (အမျိုးသားများအတွက်-အီမာရီတပ်- Emeritus (သို့မဟုတ်) အမျိုးသမီးများအတွက် - အီမာရီတာ - Emerita) သည် အငြိမ်းစားယူပြီးသော ထူးချွန် ထက်မြက်သည့် ပညာရှင်များ/ပါမောက္ခများအား ဂုဏ်ပြုသောဘွဲ့ဖြစ်ပြီး ၎င်းတို့၏ဘဝတစ်လျှောက်ပညာရေးလောကအတွက် ပံ့ပိုးမှုများကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ ဤဓလေ့သည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် အခြေစိုက်ပြီး အဖွဲ့အစည်းနှင့် တစ်ဦးချင်း၊ တက္ကသိုလ်တစ်ကျောင်းချင်းအတွက် အကျိုးကျေးဇူးများစွာရှိပါသည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အရည်အချင်းများ
မူလအစ: "Emeritus" ဟူသောစကားလုံးသည် လက်တင်ဘာသာမှ ဆင်းသက်လာပြီး "ဂုဏ်ပြုမှုများဖြင့် အငြိမ်းစားယူသူ" ဟုအဓိပ္ပာယ်ရပါသည်။
အရည်အချင်း: ပုံမှန်အားဖြင့် အချိန်ပြည့်ပါမောက္ခများအား ရာထူးမှ အနားယူပြီးနောက် (များသောအားဖြင့် ၁၀ နှစ်ကျော် တာဝန်ဆောင်မှုပြီးမှ) ဂုဏ်ပြုခြင်းဖြစ်ပါသည်။ တက္ကသိုလ်မှ ဆရာ/ဆရာမများ မဟုတ်ဘဲ သုတေသနပညာရှင်၊ ပြင်ပစိုက်ပျိုးမွေးမြူရေး ပညာရှင်များဖြစ်ပါက ဧည့်ပါမောက္ခ/ဧည့်ကထိက (Visiting Professors/Visiting Lecturers) ဟူ၍ အမည်ပေး ခန့်အပ်နိုင်ပါသည်။
ခန့်အပ်မှုလုပ်ငန်းစဉ်: တက္ကသိုလ်ကြီးကြပ်မှုအဖွဲ့/တက္ကသိုလ်ကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် သို့မဟုတ် အလိုအလျောက် ချီးမြှင့်နိုင်ပါသည်။ တစ်ခါတစ်ရံ ဂုဏ်ပြုပွဲကျင်းပပေးနိုင်ပါသည်။
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များအတွက် အရေးပါမှု
(က) တက္ကသိုလ်အဖွဲ့အစည်းဆိုင်ရာ အကျိုးကျေးဇူးများ
ကျွမ်းကျင်မှုများကို ထိန်းသိမ်းခြင်း: အကြံဉာဏ်ပေးခြင်း၊ သုတေသန ပူးပေါင်း ဆောင် ရွက်ခြင်းနှင့် ကျမ်းပြုစုရာတွင် အထောက်အကူပြုခြင်းများအတွက် အတွေ့အကြုံရှိ ပညာရှင်များနှင့် ဆက်သွယ်ပေးနိုင်ပါသည်။
ဂုဏ်သတင်းမြှင့်တင်ခြင်း: ထင်ရှားသော ဂုဏ်ထူးဆောင်ပါမောက္ခများနှင့် ဆက်စပ်မှုသည် လက်ရှိတက္ကသိုလ်၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မြှင့်တင်ပေးပါသည်။ စရိတ်စကထိရောက်မှု: ဂုဏ်ထူးဆောင်ပါမောက္ခ အချို့သည် လစာမယူဘဲ ပံ့ပိုးကူညီလေ့ရှိသောကြောင့် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးပါသည်။
(ခ) စိုက်ပျိုးမွေးမြူရေး၊ ပညာရေးဆိုင်ရာ အဆက်အစပ်များ
သုတေသနဦးဆောင်မှု: အချို့ ဂုဏ်ထူးဆောင်ပါမောက္ခများသည် သုတေသန လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ပြီး သုတေသနငွေကြေးရရှိရန် ဦးဆောင်နိုင်ပါသည်။
သင်ကြားမှု: အချို့တက္ကသိုလ်များတွင် အီမာရီတပ် ပါမောက္ခများအား အထူး စာသင်ပို့ချ ခွင့်ပြုပေးပါသည်။
(ဂ) ကျောင်းသားဟောင်းများနှင့် ပြည်သူ့ဆက်ဆံရေး
သံတမန်အခန်းကဏ္ဍ: ဂုဏ်ထူးဆောင်ပါမောက္ခများသည် တက္ကသိုလ်ကိုယ်စားပြု နိုင်ငံတကာ ဆွေးနွေးပွဲ၊ သုတေသနညီလာခံများတွင် ကိုယ်စားပြုနိုင်ပါသည်။
ပံ့ပိုးကြီးကြပ်မှု: အလုပ်သစ်ဝင်စ ဆရာ/ဆရာမများနှင့် ကျောင်းသားများအား လမ်းညွှန် မှုပေးနိုင်ပါသည်။
အခွင့်အရေးများနှင့် စိန်ခေါ်မှုများ
(က) အခွင့်အရေးများ
ကျောင်းဝင်းအတွင်းရှိ အထောက်အပံ့၊ အခွင့်အလမ်း၊ အရင်းအမြစ်များကို အသုံးပြုခွင့်: စာကြည့်တိုက်၊ ဓာတ်ခွဲခန်းနှင့် အီးမေးလ်စနစ်များ အသုံးပြုခွင့်ရရှိနိုင်ပါသည်။
ပညာရေးလွတ်လပ်ခွင့်: ဂုဏ်ထူးဆောင်ပါမောက္ခများသည် အုပ်ချုပ်ရေးတာဝန်များမရှိဘဲ လွတ်လပ်စွာ သုတေသနလုပ်နိုင်သည်။ ဘွဲ့လွန်ကျောင်းသား/ကျောင်းသူများကို ကြီးကြပ် လမ်းညွန်ပေးနိုင်ပါသည်။
(ခ) စိန်ခေါ်မှုများ
ပါဝင်မှုအဆင့် ကွဲပြားမှု: အချို့ ဂုဏ်ထူးဆောင်ပါမောက္ခများသည် လုံးဝပါဝင်လှုပ်ရှားမှု မရှိဘဲ အချို့မှာ တက်ကြွစွာပါဝင်လေ့ရှိသည်။
ငွေကြေးကန့်သတ်ချက်များ: အချို့တက္ကသိုလ်များတွင် သုတေသနအတွက် ငွေကြေး ပံ့ပိုးမှုနည်းပါးသည်။
ကမ္ဘာတစ်ဝန်းမှ နမူနာများ
(၁) ဟားဗတ်တက္ကသိုလ် (အမေရိကန်) Harvard University, US: နိုဘယ်ဆုရှင် ဂုဏ်ထူးဆောင်ပါမောက္ခ ဖြစ်သူ ဒေါက်တာမာတင်ကာပလပ်စ် - ဓာတုဗေဒ (Prof. Dr. Martin Karplus-Chemistry)သည် မကွယ်လွန်မီအထိ သုတေသနလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့ပါသည်။ တက္ကသိုလ်စာကြည့်တိုက်နှင့် ဓာတ်ခွဲခန်းများသို့ ဝင်ရောက် အသုံးပြုပြီး ကျောင်းသား/သူများကို ကြီးကြပ်ခဲ့ပါသည်။
သို့သော် ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာမာတင်ကာပလပ်စ် (Prof. Dr. Martin Karplus) သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အသက် ၉၄ နှစ်၌ ကွယ်လွန် ခဲ့ပြီဖြစ်ပါသည်။ သူ၏ ကွယ်လွန်ချိန်အထိပင် သိပ္ပံပညာရပ်နယ်ပယ်တွင် တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် စာတမ်းများ ထုတ်ဝေခဲ့သည့်အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတွင် ကွယ်လွန်ပြီးနောက် ထုတ်ဝေခဲ့သော စာတမ်း တစ်စောင်ပင် ရှိခဲ့ ပါသည်။
သူသည် ၂၀၁၃ ခုနှစ်တွင် “ရှုပ်ထွေးသော ဓာတုစနစ်များအတွက် multiscale မော်ဒယ် များ တီထွင်ခြင်း” ဖြင့် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကို ပူးတွဲရရှိခဲ့သူဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် ရူပဗေဒ (Physics)၊ ဓာတုဗေဒ (Chemistry) နှင့် ဇီဝဗေဒ (Biology) တို့ကို ပေါင်းစည်းပေးခဲ့ပြီး၊ ယင်းနယ်ပယ်များအကြားရှိ ကွာဟချက်ကို လျှော့ချပေးခဲ့ပါသည်။ သူ၏ အမွေအနှစ်များထဲတွင် “Karplus equation” ဟု လူသိများသည့် ညီမျှခြင်းနှင့် CHARMM ကွန်ပျူတာ ပရိုဂရမ်တို့ ပါဝင်သည်။
(၂) ကိန်းဘရစ်တက္ကသိုလ် (ယူကေ) Cambridge University, UK: ပါမောက္ခစတီဖင်ဟော့ကင်း (Stephen Hawking)သည် မသန်စွမ်းဖြစ်နေသော်လည်းလူကေးရှန်း ဂုဏ်ထူးဆောင်ပါမောက္ခ (Lu-casian Professor Emeritus) ဘွဲ့ကို ရရှိခဲ့ပြီး အငြိမ်းစားယူပြီးနောက်တွင်လည်း ဤတက္ကသိုလ်တွင် ဆက်လက်သင်ကြားသုတေ သန ပြုနေခဲ့ပါသည်။ ၂၀၁၈ခုနှစ် မတ် ၁၄ရက်နေ့တွင် ကွယ်လွန် သွားခဲ့ပါသည်။
(၃) တိုကျိုတက္ကသိုလ် (ဂျပန်) Tokyo University, Japan: ဤတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခများသည် နိုင်ငံတော်၏ သိပ္ပံနည်းကျမူဝါဒများ (National Scientific Policy) ရေးဆွဲရာတွင် ပါဝင်ကူညီနေပါသည်။
(၄) စင်ကာပူ အမျိုးသားတက္ကသိုလ် (NUS National University of Singapore): ဤတက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခများသည် အာဆီယံသုတေသနလုပ်ငန်းများ (ASEAN Research Works) တွင် ပါဝင်ကူညီနေပါသည်။
(၅) နည်းပညာတက္ကသိုလ်၊ ဇူးရစ်၊ ဆွစ်ဇာလန် ETH Zurich, Switzerland: ကမ္ဘာ့နာမည်ကြီးပုဂ္ဂိုလ် အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) သည် ဤတက္ကသိုလ် မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ရရှိခဲ့သူဖြစ်ပြီး ၁၉၅၅ ခုနှစ် ဧပြီ ၁၈ရက်တွင်ကွယ်လွန် သွားခဲ့ပါပြီ။ ယခုအခါဤတက္ကသိုလ်ရှိ ဂုဏ်ထူးဆောင် ပါမောက္ခများသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနများ (Climate Change Research) ကို ဦးဆောင်လျက် ရှိနေပါသည်။
(ဆက်လက်ဖော်ပြပါမည်)
ဒေါက်တာမျိုးကြွယ်