စားရေရိက္ခာဖူလုံရေးကြိုးပမ်းမှုနှင့်အတူ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိ

စားရေရိက္ခာဖူလုံရေးကြိုးပမ်းမှုနှင့်အတူ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ(၁၇)

ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု နှင့် သီးနှံဈေးနှုန်း မငြိမ်သက်မှု အခက်အခဲများကို တောင်သူများ ရင်ဆိုင်ကျော်လွှားနိုင်စေရေးအတွက် သီးနှံစုံ အကန့်လိုက် စိုက်ပျိုးနည်း(strip Cropping)စနစ် တောင်သူပညာပေး သရုပ်ပြစိုက်ခင်း ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ၊ တောင်သူပိုင် စိုက်ပျိုးမြေ(၆)ဧကပေါ်တွင် ဆောင်ရွက်ထားရှိရာ ဖေဖော်ဝါရီ လ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင် တို့က ကွင်းဆင်းစစ်ဆေးကြည့်ရှုကြသည်။

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များက စိုက်ကွင်း အတွင်း သီးနှံစုံ ၁၈မျိုး အကန့်လိုက် စိုက်ပျိုးထားရှိမှု ၊ ဒေသအသီးသီးမှ တောင်သူများ နှင့် နေပြည်တော်ကော်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားကျောင်းသူများ လာရောက်လေ့လာမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာတွင်  မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စားရေရိက္ခာဖူလုံရေး ၊ လယ်ယာထွက်ကုန် ထုတ်လုပ်တင်ပို့မှု မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှု နှင့်အတူ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စေရေး ၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုရှိပြီး ရေရှည်တည်တံ့သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ၊ အဓိက သီးနှံမပေါ်မီ ကြားသီးနှံမှ အပိုဝင်ငွေရရှိရေး တို့အတွက်  နည်းပညာပေးလုပ်ငန်းများအပါအဝင် ဘက်စုံကဏ္ဍစုံမှ အားပေးမြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် နေပြည်တော်ကောင်စီနယ်မြေ ၊ ပုဗ္ဗသီရိမြို့နယ်၊ ကြံဖိုစုကျေးရွာအနီး တည်ဆောက်ဆဲ လျှပ်စစ်ရေတင် လုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွင်း တူးမြောင်းအလျား(၉၀၀၅)ပေ ဆောင်ရွက်ပြီးစီးပါက အကျိုးပြု ဧရိယာ (၄၅၀) ဧကသို့ နွေသီးနှံ စိုက်ပျိုးရာသီအမီ စိုက်ပျိုးရေ ပေးဝေနိုင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။ 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က နေပြည်တော်ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေသယံဇာတများရှာဖွေဖော်ထုတ်အသုံးပြုနိုင်ရေး၊ တစ်သီးစားမှ သုံးသီးစားအထိ တိုးချဲ့စိုက်ပျိုးနိုင်ပြီး တောင်သူများ ဝင်ငွေ သိသိသာသာ တိုးတက်ကာ လူနေမှုစီးပွားဘဝများ မြင့်မားလာစေရေး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ကြံဖိုကျေးရွာ မှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ 

ပုဗ္ဗသီရိမြို့နယ်၊ ပင်လောင်းလမ်းဘေး ဝဲ ယာ တွင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ၆ လက်မ စက်ရေတွင်းများကို ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တောင်ဘက်ခြမ်း၌ (၄)တွင်း၊ မြောက်ဘက်ခြမ်းတွင်(၄)တွင်း တူးဖော်၍ Solar ရေတင်စနစ်တပ်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ဆင်သေချောင်းအတွင်း အေးမြင့်သာယာ ယာယီ ရေထိန်းဆည် ပြုလုပ်၍ လျှပ်စစ်ရေတင်လုပ်ငန်းဆောင်ရွက်ပေး နိုင်ခဲ့ပြီး၊ တင်းဝါးချောင်းအား တူးဖော်ပြီး နေရောင်ပြအင်း ရေမြှင့် ရေထိန်းတံခါးဖြင့် ချောင်းအတွင်း ရေသိုလှောင်၍ စိုက်ပျိုးရေပေးဝေနိုင်ခဲ့ခြင်းကြောင့် ပင်လောင်းလမ်း တောင်ဘက်ခြမ်းတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိခဲ့သည့်နည်းတူ စက်ရေတွင်း(၄)တွင်း ကိုသာအသုံးပြုရလျက်ရှိသည့် ပင်လောင်းလမ်း မြောက်ဘက်ခြမ်းရှိ စိုက်ပျိုးမြေများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကြံဖိုစုကျေးရွာအနီး ဆင်သေချောင်းလျှပ်စစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ တင်းဝါး ချောင်းပေါ်ရှိ မူလနတ်မြောင်းရေထိန်းတံခါး အား ပြန်လည်ပြုပြင်ပေးပြီး ချောင်းအတွင်း ရေသိုလှောင်ကာ ရွေ့လျားဆိုလာရေတင်စနစ်၊ ဒီဇယ်အင်ဂျင် ရေတင်စနစ်များဖြင့် ရေတင်၍ တင်းဝါးချောင်း ဝဲ ယာ ရှိ စိုက်ဧရိယာများတွင် တတိယသီးနှံဖြစ်သည့် နွေသီးနှံကို စိုက်ပျိုးရေပေးဝေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးဆေးရုံတွင် ပြည်သူများ၏ တစ်ပိုင်တစ်နိုင် မွေးမြူရေးတိရစ္ဆာန်များ ၊ အိမ်မွေးတိရစ္ဆာန်များအား ကျန်းမာရေးဆိုင်ရာ ဆေးကုသ ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး လုပ်ငန်း နှင့် မွေးမြူရေးဆိုင်ရာနည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ချက်များကို  တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။