ကုန်သွယ်မှုလမ်းကြောင်းများ၊ မွေးမြူရေးဇုန်များ ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်း စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်ကြမည့် စစ်ဆေးရေးမှူး သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်လှစ်

နေပြည်တော်၊ဖေဖော်ဝါရီလ(၁၅)ရက်
ကုန်သွယ်မှုလမ်းကြောင်းများ၊ မွေးမြူရေးဇုန်များ ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်း စစ်ဆေးရေးဂိတ်များတွင် ဇီဝလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၊ မွေးမြူရေး တိရစ္ဆာန်များ ရောဂါကင်းရှင်းရေး နှင့် မွေးမြူရေး ထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်လာစေရေး စစ်ဆေးကြပ်မတ်မှု အားကောင်းလာစေရန် ရည်ရွယ်ဖွင့်လှစ် သည့် စစ်ဆေးရေးမှူး သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက်ပိုင်က နေပြည်တော် ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး သင်တန်းခန်းမ ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေး သုတေသနဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် အစားအစာ ဘေးကင်း လုံခြုံသော မွေးမြူရေး ထွက်ကုန်တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရန် ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိရာ ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်၊ ကာကွယ်ရေးဇုန် နှင့် ထိန်းချုပ်ရေးဇုန်များကို တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဇီဝလုံခြုံရေး လုပ်ငန်းများသည် မွေးမြူရေးကဏ္ဍ တစ်ခုလုံး ၏ အရေးပါဆုံး လုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး ပါကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေး ပို့ကုန်လုပ်ငန်းများမြှင့်တင်ရေး နှင့် မွေးမြူရေးလုပ်ကိုင်သူများ၏ ဝင်ငွေ တိုးပွားရေးကို မျှော်မှန်းဆောင်ရွက်ရန် လိုကြောင်း၊ စစ်ဆေးရေး ဂိတ်များတွင် တာဝန်ချ ထားပြီး စောင့်ကြည့်စစ်ဆေးမည့် စစ်ဆေးရေးမှူးများ ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း စစ်ဆေးရေးဂိတ်များတာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများကို ဇီဝလုံခြုံရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ကာကွယ်ရေးဇုန်၊ ထိန်းချုပ်ရေးဇုန်လုပ်ငန်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြား သည်။
သင်တန်းသား(၃၃)ဦးတက်ရောက်ကြပြီး ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှ (၂၆) ရက်နေ့ အထိ (၁၂)ရက် ကြာမြင့်မည့် အဆိုပါသင်တန်းတွင် မွေးမြူရေးဇုန်များ တည်ထောင်ထားရှိမှု၊ ဝက်၊ ကျွဲ ၊ နွား ၊ သိုး ၊ ဆိတ်၊ ကြက် ၊ ဘဲ အရှင်သယ်ဆောင်မှုအား စစ်ဆေးခြင်း၊ ရွှေ့ပြောင်း သယ်ဆောင်ခြင်းအား စစ်ဆေးခြင်း၊ အေးခံသား သယ်ဆောင်မှု အား စစ်ဆေးခြင်း၊ ခွာနာလျှာနာရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ အရေပြားအကြိတ်နာ ရောဂါ၊ အာဖရိကဝက် အပြင်းဖျားရောဂါ၊ လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ နှင့် တိရစ္ဆာန်ကူးစက်ရောဂါများကို စောင့်ကြည့်စစ်ဆေးခြင်းဆိုင်ရာများ၊ လုပ်ငန်းနှင့်သက်ဆိုင် သည့် ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ ကို ပိုမိုရှင်းလင်းစွာသိရှိနားလည်သဖြင့် စွမ်းဆောင်မှုမြင့်မားစေရေးအတွက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လေ့ကျင့်သင်ကြားရေးဆေးရုံတွင် တိရစ္ဆာန်များ လာရောက် ဆေးကုသခံယူနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော် ရုံးအမှတ်(၃၆) အစည်းဝေးခန်းမတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသားကဏ္ဍ တိုးတက်ထုတ်လုပ် နိုင်ရေး၊ စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ နှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ချောထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး အားပေး မြှင့်တင်ဆောင်ရွက်ရန် ကိစ္စရပ်များ ၊ မွေးမြူရေးခြံ တည်ထောင် လုပ်ကိုင်လိုသူများအား အသိပညာပေး နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ၊ အသေးစား အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူများအတွက် ခိုင်မာသော ဈေးကွက် ဖော်ဆောင် ပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။