၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာပြောင်း တန်ချိန် ၂ သန်းကျော် တင်ပို့နိုင်

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာပြောင်း တန်ချိန် ၂ သန်းကျော် တင်ပို့နိုင်

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း၏ အဆိုအရသိရှိရပါသည်။ ထိုင်းနိုင်ငံသည် မြန်မာ့ပြောင်း အဓိကတင်သွင်းသည့်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့လည်း တင်ပို့လျက်ရှိသည်။

လက်ရှိတွင် မြန်မာ့ပြောင်းများသည် အကောက်ခွန်မဲ့ အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံ အတွင်းသို့ စီးဝင်လျက်ရှိသည်။ ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ အတွင်း အကောက်ခွန်မဲ့ (Form-D) ဖြင့် ပြောင်းတင်သွင်းမှုအတွက် ခွင့်ပြုထားသည်။ သို့သော် ထိုင်းနိုင်ငံ၏ ပြောင်းရာသီတွင် ပြောင်းတင်သွင်းပါက စိုက်ပျိုးသူများ၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် ပြောင်းတင်သွင်းမှုအပေါ် အမြင့်ဆုံးအခွန် ၇၃ ရာခိုင်နှုန်း ချမှတ်ထားသည်။

ထို့အပြင် တရုတ်နိုင်ငံသည် အစားထိုးဖွံ့ဖြိုးရေးအစီအစဉ်အရ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုမှတစ်ဆင့် မြန်မာနိုင်ငံမှ ပြောင်းကို ဝယ်ယူလျက်ရှိသည်။ မြန်မာနှင့် တရုတ်နိုင်ငံကြား တရားဝင်ပြောင်းကုန်သွယ်ခြင်းကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၂ ခုကို ပြောင်းတင်ပို့ရန် ခွင့်ပြုထားသည်။

မြန်မာနိုင်ငံသည် ၁ နှစ်လျှင် ပြောင်းတန်ချိန် ၂ သန်းကျော် ပြည်ပကုန်သွယ်မှု မိတ်ဖက် များသို့ တင်ပို့လျက်ရှိသည်။ ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် စိုက်ပျိုးသည်။ မြန်မာနိုင်ငံတွင် ဆောင်း၊ နွေရာသီနှင့် မုတ်သုံရာသီ သုံးမျိုးတွင် ပြောင်းစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ပြောင်း အထွက်နှုန်းမှာ တန်ချိန် ၂ ဒသမ ၅ သန်းမှ ၃ သန်းအထိ ရှိကြောင်း သိရှိရသည်။ 

အေးအေးခိုင်

https://www.gnlm.com.mm/myanmar-exports-over-2m-tonnes-of-maize-in-fy2024-25/