ရေရှည်တည်တံ့သည့် ဆီအုန်းလုပ်ငန်းကဏ္ဍတွင် မလေးရှားချန်ပီယံဖြစ်စေရေး ဆောင်ရွက်မည်

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုအပေါ် အလေးပေးမှု မြင့်တက်လာသည်နှင့်အညီ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုတွင် ကမ္ဘာ့ ဒုတိယအဆင့်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည်လည်း ရေရှည်တည်တံ့သည့် ဆီအုန်းလုပ်ငန်း ကဏ္ဍတွင် ချန်ပီယံဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားစားအုန်းဆီအသင်း (Malaysian Palm Oil Association – MPOA) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
စိုက်ပျိုးရေးနှင့်သီးနှံဝန်ကြီးဌာန ဝန်ကြီး Datuk Seri Johari Abdul Ghani က ဆီအုန်း စိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိကကဏ္ဍနှင့် အသေးစားစိုက်ပျိုးထုတ်လုပ်သူများအကြား ရေရှည်တည်တံ့မှုနှင့် စပ်လျဉ်း၍ ပိုမိုလိုက်နာစေရေး 36th Palm and Lauric Oils Price Outlook Conference and Exhibition ၏ သတင်းစာရှင်းလင်းပွဲတွင် အလေးပေးပြောကြားခဲ့သည်။
“မလေးရှားနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးဧကမှာ ဟက်တာ ၅ ဒသမ ၇ သန်းရှိပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက ဧက ၄ ဒသမ၂ သန်း၊ အသေးစားစိုက်ပျိုးထုတ်လုပ်သူများက ဧက ၁ ဒမ ၅ သန်းဖြစ်ကြောင်း၊ မလေး ရှားနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပြီး ကမ္ဘာ့အခြေအနေမှာ ရေရှည်တည်တံ့သည့် လုပ်ဆောင်ချက်များကို အလေးပေးလျက်ရှိရာ မလေးရှားနိုင်ငံအနေဖြင့်လည်း လိုအပ်သည်များကို အလေးပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်အချိန်များက ဆီအုန်း စိုက်ပျိုးရန်အတွက် မြေရှင်းလင်းသည့် နည်းလမ်းကို အသုံးပြုခဲ့ကြောင်း၊ လက်ရှိအချိန်တွင် European Union Deforestation Regulation (EUDR) အပါအဝင် နိုင်ငံတကာစည်းမျဉ်းများ ရှိလာပြီဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အဆိုပါစည်းမျဉ်း သတ်မှတ် ချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ မြေအသုံးချမှု တိုးချဲ့ခြင်းထက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကို အာရုံစိုက်သင့်ကြောင်းကို ဆီအုန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူများအား အမြဲသတိပေးပြောကြားကြောင်း၊ မလေးရှားနိုင်ငံအနေဖြင့် ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာသည့် နိုင်ငံဖြစ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
၎င်းက ဆီအုန်းစိုက်ပျိုးမှုအတွက် သစ်တောပြုန်းတီးမှုမှ ကာကွယ်ရေး မလေးရှားနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။ မလေးရှားနိုင်ငံသည် ရေရှည်တည်တံ့ရေးဆိုင်ရာ မျှော်မှန်းချက်များကို ချမှတ်ထားပြီး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များတွင်လည်း ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်ပါသည်။ ၎င်းတို့တွင် ၂၀၅၀ ပြည့်နှစ် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ် လွှတ်မှုသုညဖြစ်ရေး၊ ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ၄၅ ရာခိုင်နှုန်း လျှော့ချခြင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ၃၀ ရာခိုင်နှုန်း လျှော့ချခြင်း၊ သစ် တောဖုံးလွှမ်းဧက အနည်းဆုံး ၅၀ ရာခိုင်နှုန်းရှိစေရေးစသည်တို့ပါဝင် သည်။
မလေးရှားနိုင်ငံသည် ဥရောပသမဂ္ဂဈေးကွက်ကို မဆုံးရှုံးစေရေးအတွက် နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို ကမ္ဘာက လက်ခံလာသည့် ရေရှည်တည်တံ့သည့် လုပ်ငန်းကဏ္ဍဖြစ်စေရေး၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် တာဝန်ယူမှုရှိသည့် ပတ်ဝန်းကျင်ဖြစ်စေရေးကို အလေးပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သွယ်သွယ်ဆုတင်
မလေးရှားစားအုန်းဆီအသင်း (Malaysian Palm Oil Association – MPOA)