သီးနှံအအေးခန်းစနစ်များအတွက် ကန်ဒေါ်လာ ၅၁ သန်းကျော် ဖိလစ်ပိုင်မြှုပ်နှံ

ယခုနှစ်မှစ၍ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ရေထွက်ပစ္စည်း၊ တန်ဖိုးမြင့်ထုတ်ကုန်များ သက်တမ်းရှည်ကြာ ထိန်းသိမ်းနိုင်ရန်အတွက် Hybrid အအေးခန်း ၉၉ ခုခန့် တည်ဆောက်ရန် ဖိလစ်ပိုင် စိုက်ပျိုးရေးဌာနက စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုအအေးခန်းများကို ရေရှည်တည်တံ့မှုနှင့် စရိတ်သက်သာသည့် နည်းစနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဌာန အတွင်းဝန် Fransisco P. Tiu Laurel Jr. က ပြောကြားသည်။ ထိုအအေးခန်းများကို ဆိုလာနှင့် လေတို့မှ ရရှိသည့် လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်သွားမည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေပြီး ထိရောက်သည့် စွမ်းအင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီ နည်းလမ်းဟာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်ကိုသာ ဖြည့်ဆည်းရုံမက ကျယ်ပြန့်လှတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပန်းတိုင်များနှင့်လည်း ကိုက်ညီပါတယ်” ဟု ၎င်းကပြောကြားသည်။
ထိုစီမံကိန်းအတွက် ပီဆို ၃ ဘီလီယံ (ကန်ဒေါ်လာ ၅၁,၄၀၈,၃၀၀ ခန့်) ရင်းနှီးမြှုပ်နှံထားပြီး တောင်သူများ၏ လေလွင့်ဆုံးရှုံးမှုများ လျှော့ချရန်နှင့် စားနပ်ရိက္ခာဖူလုံရေးကို မြှင့်တင်သွားမည်ဖြစ်သည်။ ယခုနှစ်အတွင်း အချို့သော အငယ်စားအအေးခန်းများကို စတင်လည်ပတ်နိုင်ရန် မျှော်လင့်ထားသည်။ “အအေး ခန်းစနစ် တိုးတက်လာခြင်းအားဖြင့် ကျွန်တော်တို့ဟာ စိုက်ပျိုးရေးကဏ္ဍကို ပိုပြီးခိုင်မာလာစေမယ်၊ လယ်ယာလုပ်ငန်းခွင်ဆုံးရှုံးမှုတွေ လျှော့ချနိုင်မယ်၊ လယ်ယာထွက်ကုန်သီးနှံတွေရဲ့ သက်တမ်းကို ကြာရှည်စေပြီး ဈေးနှုန်းနဲ့ ကုန်စည်ရရှိနိုင်မှုကို တည် ငြိမ်စေမယ်၊ နောက်ဆုံး စားနပ်ရိက္ခာဖူလုံမှုကို သေချာစေပါလိမ့်မယ်” ဟုTiu Laurel က ဆက်လက်ပြောကြားသည်။
အဆိုပါစီမံကိန်းသည် စိုက်ပျိုးရေးဌာနမှ ရေးဆွဲသည့် Comprehensive logistics master plan ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုပင်မစီမံကိန်းတွင် အအေးခန်းစနစ်များသာမက လမ်းပန်းဆက်သွယ်မှုစနစ်များ၊ စိုက်ပျိုးရေးဆိုင်ရာဆိပ်ကမ်းများ၊ နိုင်ငံတစ်ဝန်း လယ်ယာထွက်ကုန်များ ဖြန့်ဖြူးမှုချောမွေ့စေရေး ပေါင်းစည်းအအေးခန်းစနစ်များ လွှမ်းခြုံပါဝင်သည်။
နိုင်ငံတစ်ဝန်းတွင် အငယ်စား (သို့) Chiller Type အအေးခန်းစနစ် ၆၅ ခု တည်ဆောက်သွားမည်ဖြစ်ပြီး အကြီးစားစနစ်တစ်ခုမှာ Camarines Sur တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကြီးစားစနစ် ၂ ခုကို San Jose, Occidental Mindoro နှင့် Cabanatuan, Nueva Ecija တွင်လည်းကောင်း၊ modular unit ၃၁ ခုကို နိုင်ငံတစ်ဝန်းတွင်လည်းကောင်း ဆောင်ရွက်မည်ဖြစ်သည်။
“အအေးခန်းစနစ်အတွက် ၂၀၂၅ ခုနှစ်ဘတ်ဂျက်ချထားမှုဟာ စိုက်ပျိုး ရေးကဏ္ဍအတွက် အားကောင်းစေဖို့ပါပဲ၊ လုပ်ငန်းခွင်ဆုံးရှုံးမှုလျော့ချရေး၊ စားနပ်ရိက္ခာဖူလုံမှု၊ ဈေးနှုန်းတည်ငြိမ်မှုအတွက်ဖြစ်သလို စိုက် ပျိုးရေးတောင်သူတွေနဲ့ ရေလုပ်ငန်းတောင်သူတွေရဲ့ ဝင်ငွေမြင့်မားလာမှုကိုလည်း ဖြစ်စေမှာဖြစ်ပါတယ်” ဟု လက်ထောက်အတွင်းဝန် Asec. Atayde က ပြောကြားသည်။
အကြီးစားအအေးခန်းစနစ်တည်ဆောက်မှုများကို ၁၈ လ မှ ၂၂ လအထိကြာမြင့်မည်ဟု မျှော်မှန်းထားပြီး ကုန်စည်အနေအထားပေါ်မူတည်၍ စနစ်တစ်ခုလျှင် Pallet ၂၈၀၀ မှ ၃၅၀၀ ထိ သိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေးဌာနအနေဖြင့် သက် ဆိုင်ရာဒေသအစိုးရများ၊ တောင်သူသမဝါယမအသင်းများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်လျက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
TTP
www.freshplaza.com