တရုတ်သို့ နာနတ်သီးတင်ပို့မှုအတွက် အဆိုပြုလွှာများ ဖိတ်ခေါ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တရုတ်နိုင်ငံသို့ နာနတ်သီးတင်ပို့ရန်အတွက် အကျိုးစီးပွားတူ ဆောင်ရွက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများ(EOI)ကို တောင်းခံထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးမွှားရောဂါကင်းစင်ရေး (Sanitary and Phytosanitary (SPS) Protocol) သဘောတူညီချက်အရ SPS အတိုင်းအတာ သတ်မှတ်ချက်လုပ်ငန်းစဉ်များကို နှစ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စိတ်ပါဝင်စားသော ကုမ္ပဏီများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးများသို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး EOI တင်သွင်းရန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံမှ နာနတ်သီးများကို ပိုးမွှားရောဂါကင်းစင်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) က နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် နာနတ်သီးကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် စိုက်ပျိုးပြီး၊ ရိတ်သိမ်းရာသီမှာ ဇွန်လမှ စက်တင်ဘာလအတွင်းဖြစ်သည်။ အစောပိုင်းတွင် မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ နာနတ်သီးတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးအစီအစဉ်အရ တရားဝင်လမ်းကြောင်းမှ တစ်ဆင့် ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံသည် အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းကို ၂၀၁၉ ခုနှစ် ဇွန် ၁၆ ရက်က ရပ်ဆိုင်းခဲ့သဖြင့် မြန်မာ့နာနတ်သီးလုပ်ငန်းကို ထိခိုက်စေခဲ့သည်။
မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများတွင် စျေးကွက် သစ်များရှာဖွေခဲ့ကြသည်။ သို့သော်လည်း ဈေးကွက်ခွဲဝေမှုမှာ အလွန်ပင်နည်းကြောင်း၊ ယခင်နှစ်များအတွင်း မြန်မာနှင့် တရုတ်အကြား စေ့စပ်ညှိနှိုင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ရလဒ် ကောင်းများ ထွက်ပေါ်လာခဲ့ပြီး ယခုအခါ မြန်မာ့နာနတ်သီးများကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုလိုက်ပြီဖြစ် ကြောင်း သိရသည်။
GACC ၏ အကြောင်းကြားချက်အရ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် နာနတ်သီးခြံများနှင့် တန်ဖိုးမြင့်ထုတ်ကုန် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများစာရင်းကို GACC ထံမှ ခွင့်ပြုချက်ရယူရန် တရုတ်နိုင်ငံဘက်သို့ ပေးပို့ရန်လိုအပ်ပြီး အတည်ပြုထားသော စာရင်းကို ၎င်း၏ ဝဘ်ဆိုဒ်တွင် ဖော်ပြပေးသွားမည်ဖြစ်သည်။
မြန်မာ့နာနတ်စိုက်ပျိုးသူများသည် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများကို စနစ်တကျလိုက်နာပြီး အရည်အသွေးစီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာဖူလုံမှုအတွက် ခြေရာခံစနစ်နှင့် ဘက်စုံပိုးမွှား စီမံခန့်ခွဲမှုအစီအမံများကို အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်သည်။
လတ်ဆတ်သော သစ်သီးဝလံများကို ထုပ်ပိုးရာတွင် အားပြင်းသည့် ရေဖျန်းပိုက်ဖြင့် ဆေးကြောခြင်းနှင့် အင်းဆက်များ၊ ခရုများ၊ မြက်မျိုးစေ့များ၊ မြေမှုန်များ၊ ပေါင်းပင်အကြွင်းအကျန် များနှင့် အညစ်အကြေးများကင်းစင်စေရန် အပျက်အစီးများကို စစ်ဆေးခြင်းနှင့် ဖယ်ရှားခြင်းတို့ ပါဝင်သည်။
ယင်ဖြူများကျရောက်ခြင်း (Aleurodicus dispersus)၊ နာနတ်သီးတွင် ကျရောက်သည့် မီးခိုးရောင်ပိုးစေးနဲ (Dysmicoccus neobrevipes)၊ Passionvine ပိုးစေးနဲ(Planococcus minor)၊ Jack Beardsley ပိုးစေးနဲ (Pseudococcus jackbeardsleyi) နှင့် မှိုရောဂါဖြစ်စေသော သက်ရှိ တစ်မျိုးဖြစ်သည့် Fusarium Sacchari တို့ကို ဖျက်ဆီးစေတတ်သော ဖျက်ပိုးများ အဖြစ် သတ်မှတ်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် နာနတ်သီးကုန်သွယ်မှု ပထမ ၂ နှစ်တာကာလအတွင်း တင်ပို့မှု ပမာဏ၏ နှစ်ရာခိုင်နှုန်းထက် မနည်းသောနမူနာများကို သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးရန် တောင်းဆိုထားသည်။ ၂ နှစ်အတွင်း ပိုးမွှားရောဂါမတွေ့ရှိပါက အစားအသောက် နမူနာ စစ်ဆေးခြင်း ကို တစ်ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်ကြောင်းသိရှိရသည်။
အေးအေးခိုင်
https://www.gnlm.com.mm/moali-invites-bidding-for-pineapple-export-to-china/