ပထမသုံးလပတ်အတွင်း မြန်မာ့ဆန်တန်ချိန် ၉၁,၀၀၀ တရုတ်နိုင်ငံသို့တင်ပို့

လက်ရှိဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ် (ဧပြီ-ဇွန်)တွင် ဆန် တန်ချိန် ၉၁,၅၀၀ ကျော်တင်သွင်းသည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံက တန်ချိန် ၈၄,၃၀၀ ကျော် တင်သွင်းကြောင်းနှင့် ဘယ်လ်ဂျီယံ နိုင်ငံက တန်ချိန် ၅၃,၂၀၀ ကျော် တင်သွင်းကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်း ဇယားများအရ သိရှိရသည်။
ထို့အပြင် စပိန်နိုင်ငံသို့ တန်ချိန် ၂၃,၅၀၀ ကျော်နှင့် အီတလီနိုင်ငံသို့ တန်ချိန် ၁၀,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ယခုဘဏ္ဍာ ရေးနှစ်၏ ပထမသုံးလပတ်တွင် ပြည်ပဈေးကွက်သို့ ဆန်တန်ချိန် ၃၄၅,၄၆၇ ကျော် တင်ပို့ခဲ့ပြီး ပြည်ပဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၇၅ သန်း ရရှိခဲ့ကြောင်း၊ အဖွဲ့ချုပ်သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း (ဧပြီမှ မတ်လ) ဆန် တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။
လစဉ် ပို့ကုန်လျာထားချက်များ ပြည့်မီပြီး ပို့ကုန်များ အဆင်ပြေချောမွေ့စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာ နိုင်ငံရေထွက်ကုန်ထုတ်ကုန်လုပ်ငန်းရှင်များနှင့်ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အဖွဲ့ချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့နိုင်ပြီး ပြည်ပ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိမည်ဟုမျှော်မှန်းထားသော်လည်း ဆန်တင်ပို့ မှုသည် လျာထား ချက် ပြည့်မီခြင်းမရှိဘဲ တန်ချိန် ၁ ဒသမ ၆ သန်းသာရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၈၄၅ သန်းသာ ရရှိခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂,၂၆၁,၂၀၃ တန် တင်ပို့နိုင်ခဲ့ပြီး ခန့်မှန်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၅၃ ဒသမ ၄၇၂ သန်း ရှိကြောင်း သိရှိရသည်။
နှင်းရီဝင်း
https://www.gnlm.com.mm/china-leads-myanmars-rice-imports-with-91000-tonnes-in-q1/