မွေးမြူရေးကဏ္ဍ သိသာစွာပြောင်းလဲဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်သူအားလုံးက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်

နေပြည်တော်၊ဖေဖော်ဝါရီလ(၁၈)ရက်
ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်ရေး၊ မွေးမြူရေးအခြေခံ အသေးစား အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုး လာပြီး မွေးမြူရေးကဏ္ဍ သိသာစွာပြောင်းလဲဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံ့စီးပွား မြှင့်တင်ရေးရံပုံငွေဖြင့် ထောက်ပံ့ပေး လျက်ရှိသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် နည်းပညာအပါအဝင်လိုအပ်ချက်များ အားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများ နှင့် မွေးမြူရေးသုတေသနလုပ်ငန်းဆောင်ရွက်ချက်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး သည် တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာကျေးရွာ မွေးမြူရေးတောင်သူများ ၊ ဝန်ကြီးဌာန နှင့် စီပီကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သော အဆင့်မြင်မွေးမြူရေးခြံ (၈)ခြံတွင် အသားတိုးဝက် (၄၈၀၀)ကောင် မွေးမြူထားရှိမှု၊ ဇီဝလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ ဝက်ချေးမှ ဘိုင်အိုဂက်(စ်) ထုတ်လုပ်၍ မွေးမြူရေး လုပ်ငန်းသုံး လျှပ်စစ်ထုတ်လုပ် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ၊ အစာကျွေးမွေးမှု၊ အာဟာရပြည့်ဝစေမှု အပါအဝင် မွေးမြူမှုစနစ်များနှင့် ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို မွေးမြူထုတ်လုပ်မှု ကွင်းဆက်တလျှောက် တွင် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ချက်များ ၊ ခိုင်မာသော ဈေးကွက် ဖော်ဆောင် နိုင်ကြစေရန် နှင့် ရှိပြီးစျေးကွက် ခိုင်မာရေးကို ဂရုပြုဆောင်ရွက်ရန် လိုအပ်ချက်များ၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး အတွက် ဌာန၊ တောင်သူနှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဂေဟစနစ်ထိမ်းသိန်းရေး နှင့် မွေးမြူရေးခြံ အတွင်း နှစ်တို နှစ်ရှည်စားပင် သီးပင်များ စိုက်ပျိုးရန် လိုအပ်ချက်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ရွှေမြို့မွေးမြူရေးဇုန်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဇီဝလုံခြုံမှု အဆင့်(၂) ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ ခွာနာလျှာနာဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက BSL-3 ဓာတ်ခွဲခန်း တည်းဆောက်ပြီးစီးမှု၊ ရွှေမြို့တိုးချဲ့ရေးဇုန်တွင် ဥစားဘဲ ၊ အသားစားဘဲရုံများ တည်ဆောက်နေမှု၊ ဥဖောက်စက်ရုံ တည်ဆောက်ပြီးစီးမှု၊ တိုးချဲ့ရေးဇုန် ဝန်ထမ်းအိမ်ယာ တည်ဆောက်ပြီးစီးမှု ၊ ဒေသနွားများ ကို အသားစားနွားမျိုးများအဖြစ် မျိုးမြှင့် သားစပ်၍ သားပေါက်နှုန်းနှင့် ကြီးထွားနှုန်း သုတေသနပြု ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရန် အလားအလာကောင်းသော ဒေသတစ်ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်း ဆိတ် ၊ နို့စားနွား ၊ ဝက်မွေးမြူရေး ၊ ဥစားကြက်၊ အသားစား ကြက် ဘဲ မွေးမြူရေး လုပ်ငန်း များကို ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်(GAHP- ဂျီအေအိပ်ပီ)နှင့်အညီ မွေးမြူ ထုတ်လုပ်မှု အားကောင်းလာစေရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများ ၏ လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေး တိုးမြှင့် ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်း လုံခြုံရေး အလေးထား ဆောင်ရွက်ရန်၊ တိရစ္ဆာန် ကူးစက်ရောဂါများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကြိုတင် ကာကွယ်ရန်၊ နို့စားနွား မွေးမြူရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ပိုင်တစ်နိုင် ယူနစ် အလိုက် မွေးမြူရေး ဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာနမှ သုတေသနပြုမည့် ဒေသနွားမျိုး ပြာစိမ်းကို အသားစားနွားမျိုးများဖြင့် မျိုးမြှင့်သားစပ်သုတေသနပြု ဆောင်ရွက်နေမှု ၊ ရွှေမြို့မွေးမြူရေးဇုန်တွင် မြေသားရေလှောင်တမံ တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရေဆင်း ငါးစခန်းသို့ရောက်ရှိပြီး ငါးမျိုးသားဖောက်ခြင်း၊ ဒေသတွင်းငါးမျိုးများ ဖြန့်ဖြူးခြင်း၊ ငါးမွေးတောင်သူများအား ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်(GAqP) သင်တန်းပေးခြင်းလုပ်ငန်း ဆောင်ရွက် နေမှု ၊ အသားတိုးငါး၊ ငါးရှဉ့်၊ စားဖား မွေးမြူထားရှိမှု ၊ ရွှေဝါငါးကြင်း ဆေးထိုးသားဖောက် မွေးမြူထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။