၂၀၂၃ ခုနှစ်မိုးစပါး တစ်ဧက တင်း(၁၃၀)ထွက်ရှိခဲ့မှု အတွေ့အကြုံများရှင်းလင်းဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၃
စိုက်ပျိုးရေးသုတေသနဦးစီးဌာန တွင် အပတ်စဉ်စနေနေ့တိုင်းကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို (၂၄)ကြိမ် မြောက်အဖြစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်မိုးစပါး တစ်ဧက တင်း(၁၃၀)ထွက်ရှိခဲ့မှု အတွေ့အကြုံများ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီ ပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ဆရာ ဆရာမများ၊ ဒက္ခိဏသိရိမြို့နယ်မှ တောင်သူ လယ်သမားများ အပါအဝင် (၁၀၀)ကျော် တက်ရောက်ဆွေးနွေးကြပြီး တိုင်းဒေသကြီး ပြည်နယ်များ မှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက တောင်သူနှင့်ပညာရှင်များ စဉ်ဆက်မပြတ်ထိတွေ့ပြီး အသိပညာ နည်းပညာများ၊ အတွေ့အကြုံများ ဆွေးနွေးဖလှယ်၍ အဆင့်အလိုက် ဖြေရှင်း ရမည့်အကြောင်းအရာများ နည်းလမ်းများဖော်ထုတ်သွားကြရန်လိုအပ်ကြောင်း၊ တောင်သူနှင့် ပညာရှင်သည် ဆရာတပည့်မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်များအဖြစ် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် လယ်ယာကဏ္ဍကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လယ်ယာကဏ္ဍကို အသွင်ကူးပြောင်းဆောင်ရွက်ရေးမှာ ပဓာနကျကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်စပ်သည့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ၊ တောင်သူ ကြီးများသည် မိမိတို့စိုက်ခင်းကို မိမိတို့၏ သား၊ သမီး ကဲ့သို့ဂရုတစိုက်စောင့်ရှောက်မှသာ ပန်းတိုင် အထွက်နှုန်းရှိနိုင်မည်ဖြစ်ပြီး တောင်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုနှင့်အတူ လူမှုစီးပွား ဘဝများလည်း တိုးတက်လာကြမည်ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် တောင်သူကြီးများ၏ အတွေ့အကြုံများကို ဆွေးနွေးသွားမှာဖြစ်ပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းများကို ဖော်ထုတ်ဆွေးနွေး သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် ဒက္ခိဏသိရိမြို့နယ်၊ ထန်းတပင်ကျေးရွာမှ တောင်သူ ဦးမောင်လွင် က စူပါနှံကောက်စပါးကို ပျိုးထောင်စိုက်ပျိုးပြီး တစ်ဧကလျှင်တင်း(၁၃၀)ထွက်ရှိမှု အတွေ့ အကြုံ များနှင့်ပတ်သက်၍လည်းကောင်း၊ တောင်သူ ဦးစန်းဝင်း က အစေ့ချစိုက်ပျိုးခြင်းနှင့် ပတ်သက် ၍လည်းကောင်း၊ တောင်သူ ဦးဝင်းလှိုင် က ကြဲပက်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အားနည်းချက် အားသာချက်အတွေ့အကြုံများကို လည်းကောင်း မျှဝေဆွေးနွေးကြသည်။
ဆက်လက်၍ ဒက္ခိဏသိရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်နိုင် က စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေ အနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက လိုအပ်ချက်များဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီး သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေး အဏုဇီဝ ဓါတ်ခွဲခန်းနှင့် အပင် ရောဂါသုတေသန ဓါတ်ခွဲခန်းများ ၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် အနုဇီဝ ဓာတ်ခွဲခန်းများတွင် ရိုင်ဇိုဘီယမ် ပဲမြစ်ဖုမြေဩဇာမွေးမြူထုတ်လုပ်ရေးနှင့် သဘာဝမြေဩဇာ ပြုလုပ်ရာတွင် ဆွေးမြေ့မှုကိုဖြစ်ပေါ်စေသည့် ထရိုင်ခိုဒါးမားမှိုမွေးမြူရေးလုပ်ငန်း၊ မွေးမြူရေး ပညာဌာန ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများ ထုတ်လုပ်သည့် အစာတောင့်လုပ်ငန်း သုတေသနဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။