စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်

စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များစွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်

နေပြည်တော်၊ ဧပြီလ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ Grade-10, Grade-11 နှင့် Grade-12 အခြေခံပညာနှင့် စက်မှု၊ ၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများတွင် သင်ကြားမည့် ဆရာ/ဆရာမများ၏ စိုက်ပျိုးရေး နှင့် မွေးမြူရေး အထူးပြုဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များ စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၈ ရက်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချမည့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ သင်တန်းတက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူ ဆရာ/ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကနိုင်ငံတော်၏ အခြေခံ စီးပွားရေးကဏ္ဍဖြစ်သည့်   စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရေးအတွက် လိုအပ်လျက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေး အတတ် ပညာများ ကျွမ်းကျင်သူ လူသားအရင်းအမြစ်များ လေ့ကျင့်သင်ကြား မွေးထုတ်ပေးရန်အတွက် သင်ကြားရေး ဆရာ၊ ဆရာမများ၏ အရည် အသွေး တိုးတက်မြင့်မားရေးသည်လည်း ဦးစားပေးဆောင်ရွက်ရမည့် အလွန်အရေးကြီးသောလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ လာရောက်ပြီး သင်ကြားတက်ရောက်ကြရသည်ဖြစ်သော် လည်း သင်ကြားရေးတာဝန် ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအတွက် အခြေခံ မသိမဖြစ် လိုအပ်သော သင်ကြားရေး အတတ်ပညာများ၊ လုပ်ထုံးလုပ်နည်းစနစ်များ၊ လိုက်နာကျင့်သုံးရန်များကို သင်ကြားပို့ချပေးသွားမည့် အကျိုး ရှိသော သင်တန်းဖြစ်သည့်အတွက် စိတ်ဝင်တစား၊ စွဲမြဲစွာ လေ့လာမှတ်သား ကြရမှာဖြစ်ကြောင်း၊ ကာယာ၊ ဉာဏ၊ စာရိတ္တဆိုင်ရာ ဘက်စုံကျွမ်းကျင်သော စနစ်သစ် ပညာရေး အလျင်အမြန်အောင်မြင်စေရန်မှာ ဆရာတို့၏ အဓိကတာဝန် ဖြစ် ကြောင်း၊ ထို့အပြင် နိုင်ငံတော်အတွက် အရည်အသွေး ပြည့်ဝသည့် ထူးချွန်ထက်မြက်သော လူ့စွမ်းအား အရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးရေးတွင်လည်း ဆရာသည်သာ အခရာဖြစ်ကြောင်း၊  အစဉ်တိုးတက် ပြောင်းလဲနေသော ပညာခေတ်တွင် ဆရာသည် မိမိနိုင်ငံသားများ ပညာရည် မြင့်မားရေး၊ နိုင်ငံ တကာနှင့် ရင်‌ပေါင်တန်းနိုင်ရေးအတွက် ခေတ်မီ အတတ်ပညာများ၊ နည်းပညာများကို အစဉ်လေ့လာဆည်းပူး ဖြည့်ဆည်း နေကြရမှာ ဖြစ်ကြောင်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်ကကျောင်းသား/ကျောင်းသူ၏ အသက် မွေးဝမ်းကျောင်းပညာရေးခရီး အခြေခံအစပြုရာ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းပညာရပ်များကို သင်ကြားပေးကြမည့် ဆရာ/ ဆရာမများ၏ ကိုယ်ပိုင်အရည်အသွေး/ အရည်အချင်း ပြည့်ဝ နေရန်အချက်များလည်း နိုင်ငံတော်၏ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်မှုကဏ္ဍအတွက် သော်လည်းကောင်း၊ အဆင့်မီ အရည် အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်ပေးရန်အတွက် သော်လည်းကောင်း အလွန် အရေးပါသည့် အချက် ဖြစ်ကြောင်း၊ ထိုသို့ အရေးပါသည့်အတွက် ဆရာ/ဆရာမများ သင်ကြားရေး တာဝန်အဖြစ် ထမ်းဆောင်ကြမည့်သူများအတွက် ယခုလို စွမ်းရည်မြှင့်တင် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးခဲ့ရာ ယခုနှစ်တွင် Grade 10, Grade 11 & Grade 12 (၃)တန်းအတွက် ဖွင့်လှစ်သွားမှာဖြစ်ပြီး Grade 12 သည် အခြေခံ ပညာအထက်တန်း ပြီးမြောက်ကြမည့် ကျောင်းသား/ ကျောင်းသူမျးကို သင်ကြားပို့ချကြရမည်ဖြစ်သည့်အတွက် ယခုသင်တန်းမှ သင်ကြားပို့ချမှုများကို ဂရုစိုက် လေ့လာမှတ်သားကြရန် မှာကြားသည်။ 

ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြား ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ ပြည် နယ်အသီးသီးမှသင်တန်းသား/သင်တန်း  သူ ဆရာ/ ဆရာမများ ၄၄၇ ဦး တက်ရောက် ကြပြီး သင်တန်းကာလ ရက်သတ္တ ၃ ပါတ်ကြာမြင့်မည်ဖြစ် ကြောင်းသိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ်ရှိ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများ၏မိသားစုများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရှိ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဝန်ထမ်းများ၏မိသားစုများအား ရင်း ရင်းနှီးနှီး လိုက်လံတွေ့ဆုံအားပေးပြီး လိုအပ်ချက်များအား ညှိနိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

MOALI