မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၂၀) 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကို ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာတင်ထွဋ် နှင့် ဦးဗိုလ်ဗိုလ်ကျော်တို့ တက်ရောက်ကြသည်။

sop

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အမှာစကား ပြောကြားရာတွင် မိဘများ၏ ရင်ခွင် အရိပ်ကို ခွဲခွာ၍ တက္ကသိုလ် ကျောင်းတော်ကြီး၏ ရင်ခွင် အရိပ်ကို ခိုဝင်လာကြသော ခုလိုအချိန်အခါမှာ ဝန်ကြီးဌာန ကိုယ်စား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း ၊ ပညာသင်ကာလတွင် လေ့လာမှတ်သားသည့်အဆင့်၊ လွှမ်းခြုံသုံးသပ် နားလည်သော အဆင့်၊ လက်တွေ့ အသုံးချ နိုင်သည့်အဆင့်၊ ဆန်းစစ်သုံးသပ်နိုင်သော အဆင့်၊ တီထွင်ဖန်တီးနိုင်သည့်အဆင့် အထိ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းအားထုတ် သွားကြစေလိုကြောင်း၊
သို့မှသာ နောင်တစ်ချိန် လက်ဆင့်ကမ်း ပုခုံးပြောင်းတာဝန်ယူကြရမည့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် လက်တွေ့ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည် နှင့် အသက်မွေးနိုင်မှုစွမ်းရည် ပြည့်ဝပြီး လူမှုပတ်ဝန်းကျင် အတွက် တာဝန်သိမှု၊ တာဝန်ယူမှု ပြည့်စုံသူများအဖြစ် စွမ်းစွမ်းတမံသည်ပိုးရွက်ဆောင်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ပညာသင်ယူစဉ်ကာလတွင် နည်းပညာရပ်များအပြင် ဘက်စုံခြုံငုံသုံးသပ် တွေးခေါ်နိုင်မှုနှင့် လက်တွေ့ကျကျ စနစ်တကျချဉ်းကပ်တတ်မှု၊ ထိရောက် အကျိုးရှိသော ပြောဆို ဆက်ဆံနိုင်မှု စွမ်းရည်နှင့် အဖွဲ့အစည်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည် စသည့် အသိပညာများနှင့်အတူ စီမံခန့်ခွဲမှုနှင့် စွန့်ဦးတီထွင်နိုင်မှုစွမ်းရည် ၊ တစ်သက်တာ လေ့လာသင်ယူလိုသော အလေ့အကျင့်ရှိမှု နှင့် သတင်းအချက်အလက်များ ကို ဆန်းစစ် သုံးသပ် စီမံခန့်ခွဲနိုင်မှု စွမ်းရည်များကိုပါ တပါတည်း လေ့လာ ဆည်းပူးသွားကြရန် တိုက်တွန်းပါကြောင်း၊ ကြည့်တတ်သော အမြင် ၊ ကြားတတ်သောနား ၊ ပြောတတ်သော နှုတ်မှုစွမ်းရည်ရှိရန် လေ့ကျင့်ကြစေလိုကြောင်း၊ မွေးမြူရေး ကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍ တိုးတက်လာစေရန် တန်းဖိုးမြှင့်တင်ပေးသည့် ကွင်းဆက်တစ်ခုဖြစ်၍ မွေးမြူရေးပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူး ပြီး မွေးမြူရေးလုပ်ကိုင်သူများအကျိုးကို အမြဲရှေးရှု ကြိုးပမ်းကြရန်လိုကြောင်း၊ ကမ္ဘာနှင့် အဝှမ်း ယိုယွင်းပျက်စီးနေသည့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးရန် နှင့် လိုက်လျော ညီထွေမှုရှိစေမည့် မွေးမြူရေးစနစ်များ၊ စိုက်ပျိုးရေးစနစ်များ ထွန်းကားလာရေးအတွက် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို တွဲဘက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ စားရေရိက္ခာဖူလုံရေး ၊ မိမိနိုင်ငံပြောင်းလဲတိုးတက်ရေးကို မိမိတို့ကိုယ်တိုင်ကြိုးပမ်းကြရမည်ဖြစ်၍ ကျရာ အခန်းကဏ္ဍက ထူးထူးချွန်ချွန်စွမ်းဆောင်နိုင်ကြစေရေး ကြိုးစားအားထုတ် သွားကြရန် အားပေးပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများ နှင့် ဧည့်သည်တော်များသည် ကျောင်းသား/ကျောင်းသူ များနှင့်အတူ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် စာပေ၊ယဉ်ကျေးမှုနှင့်အနုပညာ အသင်း ၏ ပဒေသာကပွဲဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

(၁၉၅၇) ခုနှစ်၌ စတင် တည်ထောင်ခဲ့သည့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် သည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော မွေးမြူရေးနှင့် တိရစ္ဆာန်ဆေးကုသရေးဆိုင်ရာ အသက် မွေးဝမ်းကျောင်းတက္ကသိုလ် ဖြစ်ပြီး သက်တမ်း(၆၆)နှစ် ပြည့်မြောက်သည့် (၂၀၂၃) ခုနှစ် အထိ BVS/BVSc ဘွဲ့ရ (၅၆၇၂) ဉီး၊ BASc ဘွဲ့ရ (၁၉၉) ဉီး၊ DVM ဘွဲ့ရ (၁၀၈) ဉီး၊ Dip L.I.S (၂၂၀) ဉီး၊  Dip.L.P.A. (၄၄၉) ဦး၊ MPhil (၂၁) ဉီး၊ MVM (၉) ဉီး၊  MVSc (၃၃၃) ဉီး၊ PhD (၂၅) ဉီးတို့ကို မွေးထုတ်ခဲ့ပြီးဖြစ်သည်။ မွေးမြူရေးနှင့် တိရစ္ဆာန်ဆေးပညာဆိုင်ရာ ဘာသာရပ် ဌာနပေါင်း (၁၃) ဌာန၊ အခြေခံ သိပ္ပံဝိဇ္ဇာ ဆိုင်ရာ ဘာသာရပ်ဌာနပေါင်း (၇)ဌာန၊ စုစုပေါင်း ဌာန(၂၀)ခုဖြင့် သင်ကြား ပို့ချပေးလျက်ရှိပြီး တိရစ္ဆာန် ဆေးပညာဘွဲ့ အတွက် (၆) နှစ် ၊ မွေးမြူရေး ပညာဘွဲ့ အတွက် (၄) နှစ် ပညာဆည်းပူးသင်ယူရမည် ဖြစ်သည်။