စိုက်ပျိုးရေးထွက်ကုန်အစားအစာများ ဘေးဥပဒ်ကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းများ စစ်ဆေးမှုဆိုင်ရာနည်းပညာသင်တန်းဖွင့်လှစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၄
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများတွင်ပါဝင်သည့် “မြန်မာ့လယ်ယာ ထွက်ကုန်များ တန်ဖိုးကွင်းဆက်ထောက်ပံ့ရေး ၊ လန်ချန်း-မဲခေါင်နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်း” အရ ဆောင်ရွက်သည့် “စိုက်ပျိုးရေးထွက်ကုန် အစားအစာများ ဘေးဥပဒ် ကင်းရှင်းစေရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်းများ စစ်ဆေးမှုဆိုင်ရာ နည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနား ကို နိုဝင်ဘာ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ISO 9001 နှင့် 17025 လက်မှတ်ရ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း (APAL) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ ၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းတာဝန်ခံနှင့် သင်တန်းသား ၂၀ ဦးတို့ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အမှာစကားပြောကြားရာတွင် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ ပြည်တွင်းရောင်းချမှုနှင့် ပြည်ပတင်ပို့မှုများတွင် အဓိကကြုံတွေ့နေရသော ကြီးမားသောအခက်အခဲမှာ ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ပမာဏထက် ပါဝင်မှုများပြားနေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ ပိုးသတ်ဆေးများကို လိုအပ်သည်ထက်များပြားစွာ အသုံးပြုနေကြပြီး အချို့သော အခြေအနေများတွင် သီးနှံများ၌ ကျန်ရှိနေသည့် ပိုးသတ်ဆေးဓာတ်ကြွင်းများသည်စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေနိုင်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အစားအစာ ဘေးကင်းလုံခြုံရေးကို ထိခိုက်စေပြီး လူ့ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ် ရှိစေနိုင်သည့် အဆိုပါအခြေအနေများကိုတားဆီးကာကွယ်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများကိုပိုးသတ်ဆေးအသုံးပြုမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာအသိပညာပေးခြင်း၊ ပိုးသတ်ဆေး၏ အရည်အသွေးနှင့် ဓာတ်ကြွင်းပါဝင်မှုကို ဆောင်ရွက်ရန် လိုအပ်သော စစ်ဆေးမှုလုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ပိုးသတ်ဆေးအသုံးပြုမှုနှင့် ပတ်သက်၍ အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ လိုက်နာ ဆောင် ရွက်နိုင်စေရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ FAO နှင့် WHO မှ မသုံးစွဲရန် ကြပ်မတ်ထားသော ဆေးများနှင့်ပတ်သက်၍ အသိပေးခြင်း၊ ပိုးသတ်ဆေးများ၏ အသုံးပြုမှုနှင့် သက်ဆိုင်သော သတိပေးချက်များကို ထုတ်လုပ်သူများမှ သတ်မှတ် ဖော်ပြ စေရေး ဆောင်ရွက်ပေးခြင်း ၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် နည်းပညာအသုံးပြု၍ ပိုးသတ်ဆေးများ၏ အကျိုးသက်ရောက်မှုကို လျော့ နည်းစေရန် နည်းလမ်းအသစ်များ ဖန်တီးပေးခြင်း၊ သဘာဝနည်းလမ်း များဖြင့် ပိုးမွှားရောဂါများကို ကာကွယ်ရန် ကြိုးစားခြင်းများ ဆောင် ရွက်ပေးခြင်း၊ မြန်မာနိုင်ငံမှ ထုတ် လုပ်သော အစားအသောက်များတွင် ဓာတ်ကြွင်းပါဝင်မှုကို စံချိန်စံညွှန်းနှင့် ကိုက်ညီစေရန် လုပ်ငန်းစဉ်များ တိုးတက်မြှင့်တင် ဆောင်ရွက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေး ထုတ် ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုကို လျော့နည်းစေရန် များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ သင်တန်းသူ၊ သင် တန်းသားများ အနေဖြင့် သင်တန်းက သင်ကြားပို့ချမှုများကို ဂရုတစိုက် လေ့လာမှတ်သာကြကာ မိမိတို့၏ လုပ်ငန်းခွင်များ၌ ပြန်လည်အသုံးချပြီး မြန်မာစိုက်ပျိုးရေး ထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် ပိုးသတ် ဆေးဓာတ်ကြွင်း ကင်းစင်၍ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးရေးထွက်ကုန်များ စစ် ဆေးရေး ဓာတ်ခွဲခန်း(APAL) ၏ ISO 17025 လက်မှတ်ရရှိခဲ့မှုကို ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ စိုက်ပျိုးရေး ဦးစီး ဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၊ရေဆင်းစိုက်ပျိုးရေးတက္က သိုလ်၊ စီးပွားရေးနှင့်ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စား သုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာ ရေးဝန်ကြီးဌာနအောက်ရှိ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ သင်တန်းသား သင် တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိကြကြောင်း၊ သင်တန်းတွင် ပြည်ပတင်ပို့မည့် စိုက်ပျိုးရေးထွက်ကုန် အစားအစာများ ဘေးဥပါဒ်ကင်ရှင်းစေရေးအတွက် ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးမှု ဆိုင်ရာ နည်းပညာများကို နိုဝင်ဘာ၂၄ မှ ၂၈ ရက်နေ့အထိ ၅ ရက်ကြာ ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
MOALI