ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ တောင်သူနည်းပညာဆွေးနွေးပွဲတက်ရောက်

ပဲခူးနှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ တောင်သူနည်းပညာဆွေးနွေးပွဲတက်ရောက်

နေပြည်တော်၊ အောက်တိုဘာ ၂၆

ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး တို့မှ တောင်သူ ၁၀၀ ဦး ၊ နေပြည်တော် ဇေယျာသီရိ နှင့် ပုဗ္ဗသီရိမြို့နယ်များမှ တောင်သူ ၂၀ ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်း တွင် နေပြည်တော် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံဗဟိုဌာန၌ သုတေသနပြု စိုက် ပျိုး ထားရှိသည့် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စပါးမျိုးသစ်များအား လေ့လာခြင်းနှင့် အပတ်စဉ် ကျင်းပလျက်ရှိသည့် တောင်သူနည်းပညာဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ တောင်သူများ သည် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စပါးမျိုးသစ်များအား လေ့လာကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ယခုလေ့လာရေး ခရီးစယ်တွင် မိမိတို့တောင်သူကြီးများအနေဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံဌာနအတွင်း သုတေသနပြု မွေးမြူထားသည့် မျိုးသစ်များ စိုက်ပျိုး ဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများအား မျက်မြင်လေ့လာကြပြီး တောင်သူများ ကိုယ်တိုင်ကြိုက်နှစ်သက်သည့် မျိုးအား ရွေးချယ်နိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနများဆောင်ရွက်ရာတွင် တောင်သူကြီးများ ပူးပေါင်းပါဝင်ခြင်း သည် စိုက်ပျိုးရေးကဏ္ဍ ကြီးအောင်မြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပါကြောင်း၊ တောင်သူကြီးများအနေ ဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း အစရှိသည့် နည်းပညာ သတင်းအချက်အလက်များ  အချိန်နှင့်တစ်ပြေးညီ ရရှိစေရေး တောင်သူကြီးများထံသို့ သွားရောက်ပညာပေးခြင်း၊ တောင်သူများအား မိမိတို့ ထံ ဖိတ်ခေါ်ပြသခြင်းများဆောင်ရွက်လျက်ရှိသကဲ့သို့ အွန်လိုင်းအပလီကေးရှင်းများ အသုံးပြု၍ ပညာပေးခြင်းများလည်း တွဲဖက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ပညာပေးလုပ်ငန်းစဉ်များတွင် အင်တာနက်ဆက်သွယ်မှုနည်းပညာများ သင့်တင့်ကောင်းမွန်ခြင်းကြောင့် အွန်လိုင်းအပလီကေးရှင်းများ အားထား၍ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း နှီးနှောဖလှယ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက စပါးသီးနှံဗဟိုဌာနအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် အရည်အသွေးကောင်းစပါးမျိုးသစ်များ၊ ရေမြုပ်ခံစပါးမျိုးသစ်များ၊ ဆည်ရည်သောက်စပါးမျိုးသစ်များ၊ မိုးရေသောက်စပါးမျိုးသစ်များ၊ ဆားငန်ဒဏ်ခံ စပါးမျိုး သစ်များ၊ ရေအနည်းလို စပါးမျိုးသစ်များအား ရှင်းလင်းပြသကြရာ တောင်သူများက စိတ်ပါ ဝင်စားစွာလေ့လာခဲ့ကြပြီး စားသုံးမှုအရည်အသွေး အကဲဖြတ်ရန် ပြသထားသည့် ရွှေအာဆီယံ၊ ဝိုင်အေအာ-၁၄, ဝိုင်အေအာ-၀၇,ဝိုင်ကေကျူအာ-၀၃, ဝိုင်ဘီအက်အာ-၁၀,ဝိုင်ကျူအာ-၁၁, ဝိုင်ကေကျူအာ-၀၁, ဝိုင်အက်စ်အာ-၁, ဝိုင်အာအာ- ၁၂,  ဝိုင်အိုင်အာ- ၁၄ မျိုးများအား ဝိုင်းဝန်းအကဲဖြတ်ကြပြီး တောင်သူများ မှတ်မိလွယ်သော မျိုးအမည်များ သတ်မှတ်ပေးနိုင်ရေး အကြံပြုခဲ့ကြသည်။

၎င်းနောက် လေ့လာရေးတောင်သူအဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ၅၂ ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့  တက်ရောက်လေ့လာကြသည်။ အဆိုပါ တောင်သူနည်းပညာဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ တောင်သူများနှင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် ပွိုင့် ၇၀ မှ ပါဝင်တက်ရောက်ကြ သည်။ တောင်သူနည်းပညာဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာညီ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနအရာရှိ ဒေါက်တာဥမ္မာမြင့် တို့က “ဆားပေါက်မြေစီမံခန့်ခွဲခြင်း နှင့် ဆားငံဒဏ်ခံ စပါးမျိုးများ၏ အပင် အရည်အချင်း လက္ခဏာများအကြောင်း “ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြကြရာ တက်ရောက် လာကြသည့် တောင်သူများက  ပေါ်ဆန်း စပါးစိုက်ခင်းတွင် တွေ့ရသည့် အမြစ်များ မဲသွားသည့် လက္ခဏာများစပ်လျဉ်း၍လည်းကောင်း၊ စပါးသီးနှံ မြေဩဇာသုံးစွဲမှု နှင့်စပ်လျဉ်း၍ လည်းကောင်း မေးမြန်းကြရာ သက်ဆိုင်ရာ ပညာ ရှင်များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

တောင်သူနည်းပညာဆွေးနွေးပွဲအပြီးတွင် လေ့လာရေးတောင်သူများသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန မျိုးစေ့ဘဏ် သို့ သွားရောက်လေ့လာကြပြီး မျိုးစေ့ဘဏ်အတွင်း အအေးခန်းများတွင် မျိုးစေ့များ နှစ်တို၊ နှစ်ရှည် သိုလှောင်ထားရှိမှုများ၊ နိုင်ငံအဝှမ်းမှ စုဆောင်းထားရှိသည့် စပါး၊ ပဲမျိုးစုံအစရှိသည် တို့အား သရုပ်ပြသထားရှိမှု တို့ ကို ကြည့်ရှုလေ့လာ ခဲ့ကြကြောင်းသတင်းရရှိသည်။

MOALI