သနပ်ပင်၊ ဝေါ၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး၊ ကဝမြို့နယ်များမှ တောင်သူများနှင့် စိုက်ပျိုးနည်းပညာဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၁၀
စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်မှုမရှိခဲ့သည့် ဧရိယာများမှ စပါး၊ ဆီထွက်၊ ပဲ၊ ဝါ သီးနှံများ အထွက်နှုန်းတိုးတက်စေရေး လယ်ယာကဏ္ဍ ပညာပေး နှီးနှောဖလှယ်ပွဲများကျင်းပလျက်ရှိရာ အောက်တိုဘာ ၉ ရက်နေ့က ပဲခူတိုင်းဒေသကြီးသနပ်ပင်မြို့နယ် မိဘမေတ္တာပွဲရုံ၌ တောင်သူ နည်းပညာဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုး ရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သည့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီး ဌာနတို့မှ သီးနှံမျိုးပညာရှင်များ၊ မြေ ဆီလွှာ ပညာရှင်များ၊သီးနှံ ကာကွယ် ရေး၊ စက်မှုလယ်ယာကဏ္ဍ ပညာရှင်များနှင့် သနပ်ပင်၊ ဝေါ၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ပဲခူး၊ ကဝ မြို့နယ်များမှ တောင်သူ ၂၀၀ ဦး တက်ရောက်ဆွေးနွေးကြသည်။
ဆွေးနွေးပွဲကို တောင်သူများ၏ စိတ်ဝင်စားမှုအရ မျိုး၊ သီးနှံကာ ကွယ်ရေး၊ မြေဆီလွှာ စသည့် အဖွဲ့များခွဲ၍ ဆွေးနွေးခဲ့ကြရာ တောင်သူများက မျိုးအပိုင်းနှင့်စပ်လျဉ်း၍ ရေ မြုပ်ခံ စပါးမျိုး ရေမြုပ်ခံနိုင်သည့်ကာလ အသက်ရက် စားသုံးမှုအရည် အသွေးများနှင့် ပတ်သက်၍လည်း ကောင်း၊ ပဲတီစိမ်း သီးနှံ (ရေဆင်း ၁၆)မျိုး ရရှိရေး ချိတ်ဆက်ဆောင် ရွက်ပေးရန် တင်ပြဆွေးနွေးကြသည်။ ဆက်လက်၍ ပညာရှင်များက စပါးအပြီး ပဲပုပ်စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ တောင်သူများအားမိတ်ဆက်ဆွေးနွေးခြင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့် နေကြာမျိုးများ နှင့်စပ်လျဉ်း၍ တောင်သူများသိရှိလိုသည့် မေးမြန်းချက်များ၊ ရွှေခရု၊ စပါးဖြုတ်ပိုး၊ ပဲငမြောင်တောင်ကျရောက်မှု ကာကွယ်နှိမ်နင်းနည်းများ၊ ပေါင်းသတ်ဆေးနှင့်စပ်လျဉ်း၍ ဆောင်ရန် ရှောင်ရန်များ၊ မြေဆီလွှာနှင့် သက်ဆိုင်သည့် ပြဿနာများ၊ မြေကျွံခြင်း၊မြေချဉ်ခြင်း၊မြေငံခြင်း၊ သံအဆိပ်သင့်ခြင်း၊ မင်းဂနိစ် အဆိပ် သင့်ခြင်း ဖြစ်ပေါ်မှုဆိုင်ရာများ၊ ရေသွင်းရေထုတ် ပြုလုပ်ရာတွင် ကြုံ တွေ့နိုင်သည့် ပြဿနာများနှင့်စပ်လျဉ်း၍ပညာပေးဆွေးနွေးကြသည်။
အဖွဲ့လိုက် ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ပေါင်းစပ် ညှိနှိုင်း ဆွေးနွေးပေးခဲ့ပြီး ပညာရှင်များ၊ တောင်သူများ၊ လုပ်ငန်းရှင်များအားလုံး ပါ ဝင်သော သုတေသနစံပြမြို့နယ်များ ထူထောင်ဆောင်ရွက်နိုင်ရေး၊ အပြန် အလှန် ဆက်သွယ် ဆောင်ရွက်နိုင်မည့် ပလက်ဖောင်းတစ်ခု ထူထောင်ဆောင်ရွက်ရန်လိုအပ်နေမှုတို့ကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
၎င်းနောက် စိုက်ပျိုးရေးသုတေ သနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တောင် သူများ၏မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သည့် သီးနှံစိုက်စနစ်များအကြောင်း အသိ ပညာပေးဗီဒီယိုပြသခဲ့ကြောင်း
သတင်း ရရှိသည်။
MOALI