စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ငါးလုပ်ငန်းဖက်ဒရယ်အေဂျင်စီတို့အကြား ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ငါးလုပ်ငန်းဖက်ဒရယ်အေဂျင်စီတို့အကြား ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော်၊ စက်တင်ဘာ ၁၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည် ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေစဉ် စက်တင်ဘာ ၁၇ ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ငါးလုပ်ငန်းဖက်ဒရယ်အေဂျင် စီ တို့အကြား ငါးလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။ 

အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီး.ဒေါက်တာအောင်ကြီးနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ငါးလုပ်ငန်းဖက်ဒရယ်အေဂျင်စီ (ကိုယ်စား)အကြီးအကဲ Mr. Ilya V. Shestakov တို့သည် သက်ရှိအဏ္ဏဝါ အရင်းအမြစ်များ ကာကွယ်ထိန်း သိမ်းခြင်း၊ နှစ်ဖက် စိတ်ဝင်စားမှုရှိသည့် ငါးလုပ်ငန်းဆိုင်ရာ သတင်းနှင့် အချက်အလက်များ လဲလှယ်ခြင်း၊ ငါးလုပ်ငန်းကဏ္ဍအတွင်းရှိ ဆက်စပ်သူများအား ငါးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် သင်တန်းများ ပေးခြင်း၊ ငါးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံဖလှယ်ရန် ကျွမ်းကျင်သူများ စေလွှတ်ခြင်း၊ စီး ပွားရေးကဏ္ဍ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ နားလည်မှုစာချွန်လွှာသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ၂၂ ရက်နေ့တွင် စိန့်ပီတာစဘတ်မြို့၌ ကျင်းပ ဆောင်ရွက်ခဲ့သည့် ၅ ကြိမ်မြောက် နိုင်ငံတကာ ငါးလုပ်ငန်းဖိုရမ်နှင့် ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာနှင့် နည်းပညာဆိုင်ရာ ကုန်စည် ပြပွဲတွင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့မှုအရ လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဖက်စာချုပ်ဝင်များ၏ပူးတွဲကြေညာ ချက်ကို ကိုးကား၍ သက်ရှိအဏ္ဏဝါ အရင်းအမြစ်များ ကာကွယ် ထိန်း သိမ်းခြင်း၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ပြဋ္ဌာန်းခြင်းနှင့် လျော်ကန်စွာသုံးစွဲနိုင်ရေးဆိုင်ရာ ကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်နှင့် အပြန်အလှန် အကျိုးအမြတ်ရရှိစေမည့် ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သတ္တမကြိမ်မြောက် နိုင်ငံတ ကာ ငါးလုပ်ငန်းဖိုရမ်နှင့် ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာနှင့် နည်းပညာဆိုင်ရာ ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားမှုများကို  ကြည့်ရှုလေ့လာခဲ့သည်။ 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့် သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည် ပြပွဲ (VII Global Fishery Forum & Seafood Expo Russia)သို့ တက်ရောက်ခဲ့သည့် လေ့လာတွေ့ရှိချက်များ ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း ကို စက်တင်ဘာ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ရှင်းလင်း ပြောကြားရာ၌ ကမ္ဘာ့ငါးလုပ်ငန်းဖိုရမ်နှင့် Seafood Expo ကို ကမ္ဘာတစ်ဝှမ်းမှ လုပ်ငန်းရှင်များနှင့် ရုရှားလုပ်ငန်းရှင်များ အကြား ဆက်သွယ်ပေးရန်ရည်ရွယ်၍ နှစ်စဉ် ကျင်းပခြင်းဖြစ်ကြောင်း၊  ယခုကျင်း ပသည့် သတ္တမအကြိမ် ဖိုရမ်တွင် ငါးဖမ်းကုမ္ပဏီများ၊ ငါးမွေးမြူသူများ၊ ကုန်ချောထုတ်လုပ်သူများ၊ သင်္ဘောပိုင်ရှင်များ၊ ကုန်တင်သင်္ဘောလုပ် ငန်းရှင်များ၊ ကုန်ပစ္စည်း ထုတ်ပိုးပစ္စည်း ထုတ်လုပ်ရောင်းဝယ်သူများ၊ ရုရှား Supermarket လက်ကား လက်လီ ရောင်းချသူများ၊ ရုရှားနိုင်ငံဒေသ (၃၇) ခုနှင့် နိုင်ငံ (၁၇) နိုင်ငံမှ ကုမ္ပဏီပေါင်း (၃၅၀) ပါဝင်တက်ရောက်ကြကြောင်း၊ ခင်းကျင်းပြသရာတွင်လည်း အအေးပိုင်းငါးများ ကုန်ချောထုတ်ခြင်း၊ အသင့်ချက်ထုတ်ကုန်များ၊ စည်သွပ်နှင့် ကျပ်ကင် ခြောက်များ၊ Dry Products များ၊ ငါးမွေးမြူရေးအထောက်အကူပြုပစ္စည်းများ၊ အစာနှင့် ဖြည့်စွက်စာများ၊ သင်္ဘောတည်ဆောက်ခြင်း၊ အေးခဲခြင်းလုပ်ငန်းသုံးပစ္စည်းများ၊ Sea weed ထွက်ကုန်များကို တွေ့ရှိရပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ ငါးလုပ်ငန်းကဏ္ဍကို ခေတ်မီငါးလုပ်ငန်းတစ်ခုအဖြစ် ဖော်ဆောင်ရန် ကြိုးပမ်း လျက်ရှိရာ High-tech fishing fleet များ၊ ခေတ်မီကုန်ချော စက်ရုံများနှင့် ကုန်စည်ပို့ဆောင်မှု အခြေခံအဆောက်အအုံများ ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ မျက်နှာစုံညီဆွေးနွေးရာတွင်လည်း Digitization ဆောင်ရွက်ခြင်းဖြင့် ငါးဖမ်းလုပ်ငန်းကို မြန်ဆန်ပြီး ပွင့်လင်းမြင်သာစေရေး ဆောင်ရွက်မည်ဖြစ် ကြောင်း ရုရှား တာဝန်ရှိသူများက ဖော်ပြခဲ့ကြပါကြောင်း၊

အလားတူ ရုရှားဖယ်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာ စဘတ်မြို့၊ လီနင်ဂရက်ဒေသ၊ လိုမိုနိုဘောခရိုင်ရှိ ရုရှားဖယ်ဒရေးရှင်းအုပ်ချုပ်မှုအောက်ရှိ ရေနေဇီဝမျိုးစိတ်အရင်းအမြစ် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနခွဲတွင် Rainbow Trout ငါးမျိုးစိတ် မျိုးဗီဇရွေးချယ်ခြင်းနှင့် သားဖောက်မွေးမြူရေးဗဟိုဌာနသို့ သွားရောက် လေ့လာခဲ့ကြောင်း၊ ရုရှားနိုင်ငံတွင် ဘုရင်စနစ် ဖြင့် အုပ်ချုပ်သည့် ၁၀ ရာစုကပင် ငါးဖမ်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ၁၉ ရာစုမှစ၍ သဘာဝနည်းဖြင့် ငါးမွေးမြူခြင်း ဆောင်ရွက်မှု လေ့လာတွေ့ရှိရကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ငါးကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့ဝန်ကြီး ဌာနက မွေးမြူ ထုတ်လုပ်မှု လုပ်ငန်းများ တိုးပွားလာရေး ကူညီအားပေးလျက်ရှိကြောင်း၊ စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် ပြည်ပတင်ပို့ရာ တွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို လုပ်ငန်းရှင်များဘက်က တိကျ စွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကမ်းနီး ကမ်းဝေး ငါးဖမ်းကုန် ထုတ်လုပ်ငန်းများကို သတ်မှတ် ထားသော စည်းမျဉ်း စည်းကမ်းများ တည်ဆဲဥပဒေများ နှင့် အညီ ဖြစ်စေရေး ထိန်းကျောင်း ကြပ်မတ်လျက်ရှိ သကဲ့သို့ ရေရှည်အတွက် GAqP အပါအဝင် ခေတ်မီနည်းပညာအသုံးပြု၍ ငါး ပုစွန် မွေးမြူ ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်၊ လူမှုရေးဖွံ့ဖြိုးရန်နှင့် သဘာဝ ပတ် ဝန်းကျင်နှင့် လိုက်လျော ညီထွေရန် ဟူသည့် ဒေါက်တိုင် ၃ ခုဖြင့် ငါး ပုစွန်ကဏ္ဍဖွံ့ဖြိုးလာရေးကို ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန် ငါး၊ ပုစွန်များ ပြုပြင်ထုပ်ပိုးမှုလုပ်ငန်းများအနေဖြင့် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ ထုတ်လုပ်ရေး ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

အလားတူ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့်မွေးမြူရေးလုပ် ငန်း ညီနောင်အသင်းများမှ တာဝန်ရှိသူများအား ဆက်လက်တွေ့ဆုံပြီး စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာရန် လိုအပ်နေမှုများ ၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေး လုပ်ငန်းစဉ်များ၊ နိုင်ငံ တကာအဆင့်မီ  ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် တန်ဖိုးမြင့်ကုန်ချောများပိုမိုတိုးတက် ထုတ် လုပ်နိုင်စေရန် လိုအပ်ချက်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ 

MOALI