မြန်မာ့လယ်ယာထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ်သင်တန်း ဆွေးနွေးပွဲကျင်းပ

မြန်မာ့လယ်ယာထွက်ကုန်များ၏ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ်သင်တန်း ဆွေးနွေးပွဲကျင်းပ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်လျက်ရှိသော “မြန်မာ့လယ်ယာထွက်ကုန်များ တန်ဖိုးကွင်းဆက် ထောက်ပံ့ရေး လန်ချန်း-မဲခေါင် နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်း” တွင် ပါဝင်သည့် မြန်မာ့လယ်ယာ ထွက်ကုန်များ၏ ထောက်ပံ့ ပို့ဆောင်မှုကွင်းဆက် စီမံခန့်ခွဲမှုစနစ် သင်တန်းဆွေးနွေးပွဲ “Training Workshop on Agriculture Supply Chain Management System in Myanmar” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်-၃ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဌာနတာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် ဆရာ/ဆရာမများ၊ အဆင့်မြင့်အရာရှိများနှင့် သင်တန်းသား သင်တန်း သူ ၄၀ ဦးတို့ တက်ရောက်ကြသည်။

စိုက်ပျိုးရေးနည်းပညာသစ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်မှုကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲမှု နည်းလမ်းများအား စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး အခြေခံပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေးနှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ဆောင်ရွက်လျက်ရှိသည့် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာထောက်ပံ့ ပို့ဆောင်ရေး ကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲမှုနည်းလမ်းများ၊ နည်းဗျူဟာများကို သိရှိစေရန်နှင့် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်ပြီး ယနေ့သင်တန်းကို ကျင်းပရခြင်းဖြစ်ကြောင်းဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က ပြောကြားသည်။ 

စိုက်ပျိုးရေးထွက်ကုန်များကို ကုန်သွယ်ရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ပြဋ္ဌာန်းထားသော ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက် (Trade Faci-litation Agreement) ကို အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် ကုန်သွယ်မှုကျသင့်ငွေ (Trade Cost) ကို ပျမ်းမျှ ၁၄ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်မှာဖြစ်ကြောင်း၊ Trade Facilitation Agreement မှာ အဖွဲ့ဝင်များအနေဖြင့် လိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အစီအမံများအနက် ထောက်ပံ့မှုကွင်းဆက် တစ်လျှောက် လွယ်ကူ ချောမွေ့မြန်ဆန်စေရန် Single Window အား အကောင်အထည်ဖော်ဆောင်ခြင်း၊ ကုန်စည်ရွေ့လျားခြင်းနှင့် အကောက်ခွန်ရှင်းလင်းခြင်း၊ ပုပ်သိုးလွယ်သော ကုန်စည်များ အပါအဝင် ဆုံးရှုံးနိုင်ခြေရှိသည့် ကုန်စည်များအတွက် စီမံခန့်ခွဲခြင်း စသောအချက်များက ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်ချောမွေ့စေမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောကြားသည်။ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် အဆိုပါသင်တန်းတွင် လယ်ယာကဏ္ဍဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာန အဖွဲ့အစည်းများ သိရှိရမည့် အခြေခံ စည်းမျဉ်းများ၊ နိုင်ငံတကာမှကျင့်သုံးသည့် အလေ့အထများ နှင့် ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် စီမံခန့်ခွဲသည့် မဟာဗျူဟာမြောက် နည်းလမ်းများကို စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညီညီအောင်တို့က ပို့ချဆွေးနွေးကြကြောင်း သတင်းရရှိသည်။

MOALI