တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ – GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ – GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

     တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ – GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ နှင့် စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာ အသိပညာပေးအစီအစဉ် ကို ဇွန်လ(၁၀)ရက်နေ့နံနက်ပိုင်း က မန္တလေးမြို့ ၃၄ လမ်းနှင့် ၇၈ လမ်း ထောင့်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ညီနောင်အသင်းအဖွဲ့များ နှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ် ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

     အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာတရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး အထောက်အပံ့ပေးရန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က “မြန်မာ့ လယ်ယာ ထွက်ကုန်များ တန်ဖိုး ကွင်းဆက် ထောက်ပံ့ရေး လန်ချန်း-မဲခေါင် နိုင်ငံများနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး မြှင့်တင်ခြင်းစီမံကိန်း” ကို ထည့်သွင်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်နှင့်အညီ ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေး အထောက်အကူပြုနိုင်ရန် အတွက် တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ – GACC သို့ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များကို အသိပညာပေးနိုင်ရန် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း၊

     မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ လျက်ရှိ သော ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ၊ အကောက် ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့-GACC ၏ လမ်းညွှန်ချက်နှင့်အညီ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ GACC သို့ မှတ်ပုံတင်လျှောက်ထား ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စာရွက် စာတမ်းဖြင့်ဖြစ်စေ အွန်လိုင်းစနစ်ဖြင့် ဖြစ်စေ လျှောက်ထားရာတွင် အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရန်နှင့် စစ်ဆေးရေးဆောင်ရွက်ရာတွင် လျှောက်ထားသည့် ကုမ္ပဏီများအနေဖြင့် ကြိုတင် ပြင်ဆင်ရမည့် အချက်အလက်များ သိရှိနားလည်စေရန် ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း၊

     မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့ (GACC) တို့ အကြား အပင်ပိုးမွှား ရောဂါ ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ် (SPS Protocol) များ လက်မှတ်ရေးထိုးထားရှိမှုမှာ သီးနှံအနေဖြင့် ဆန်၊ ပိုးအိမ်ခြောက်၊ ပြောင်း နှင့် ငှက်ပျော စသည့် Protocol ၄ ခု ၊ မွေးမြူရေးနှင့် သဘာဝမှဖမ်းဆီးရရှိသည့် ရေထွက်ပစ္စည်း တင်ပို့ခြင်းနှင့် သက်ဆိုင်သော Protocol (၂) ခု နှင့် ကျွဲ၊ နွားအရှင်တင်ပို့ရေးနှင့် သက်ဆိုင် သည့် Protocol (၁) ခု၊ စုစုပေါင်း (၇)ခု ဖြစ်ပြီး ဆက်လက်၍ ပို့ကုန်အလားအလာရှိသော SPS Protocol များ လက်မှတ်ရေးထိုးနိုင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။

     ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး ၊ မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ နှင့် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အသိပညာပေးအစီအစဉ် ဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

     အစီအစဉ် ဒုတိယပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ – GACC သို့ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ နှင့် စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးခြင်းဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။ 

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ လယ်ယာထွက်ပစ္စည်း တင်ပို့မှု စုစုပေါင်း (၃၀)ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး အရေးကြီးသည့် ကုန်သွယ်ဖက် နိုင်ငံဖြစ် သည်နှင့်အညီ ကုန်သွယ်မှုဆိုင်ရာ လိုအပ်ချက်များကို ကုမ္ပဏီများ လိုက်နာ ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ ယခုဖွင့်လှစ်ပို့ချသည့် “အသိပညာပေးအစီအစဉ်” သည် ပုဂ္ဂလိက လုပ်ငန်းရှင်များ အတွက် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရ သည်။

     နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် စိုက်ပျိုးရေးဦးစီးဌာန ၊ စိုက်ပျိုးရေး ထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓါတ်ခွဲခန်း(မန္တလေး) တွင် ဓါတ်ခွဲခန်းပညာရှင် များ အား တွေ့ဆုံ၍ ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ဓါတ်ခွဲခန်းပညာရပ် အသစ်များ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန် နှင့် ပညာရှင်အချင်းချင်း နည်းပညာ မျှဝေဖလှယ်သော အလေ့အကျင့်ကောင်းများဖြင့် စွမ်းဆောင်ရည်မြင့်မားသော မျိုးဆက်သစ်ဓါတ်ခွဲခန်း ပညာရှင်များ မွေးမြူပျိုးထောင်ပေးရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးရုံး  အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ခရိုင် နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် ပြည်တွင်း စားသုံးဆီဖူလုံရေး စီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၊ အဓိက သီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်ရရှိရေး ကျရာကဏ္ဍက ပညာရှင်ဆန်သော စွမ်းဆောင်မှုထုတ်ဖော်ပြသနိုင်ရေးနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ကျင့်ဝတ်သိက္ခာ နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

     ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး သည် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ခရိုင်နှင့်မြို့နယ်များမှ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ နှင့် မြို့နယ်(၄)ခုမှ ဒေသခံ တောင်သူများအား တွေ့ဆုံ၍ သီးနှံအလိုက် စိုက်ပျိုးထွက်ရှိမှု အတွေ့အကြုံများ၊ သီးနှံများအထွက်နှုန်းကျဆင်းနေမှုအပေါ် ဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ပေးရမည့် လုပ်ငန်းကိစ္စရပ်များ၊ လာမည့် စိုက်ပျိုးရာသီတွင် အထွက်နှုန်းတိုးမြှင့်ရရှိစေရေး ပြုပြင်ဆောင်ရွက်ရမည့်အချက်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။