ခေတ်မီနည်းပညာများကို အသုံးပြု၍ ငါးပုစွန်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာရေးကြိုးပမ်း

ခေတ်မီနည်းပညာများကို အသုံးပြု၍ ငါးပုစွန်မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာရေးကြိုးပမ်း

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကွန်းစုမြို့နယ် ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌ မြိတ်ဒေသတွင်း ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြသည့် ကုမ္ပဏီ တာဝန်ရှိ သူများ နှင့် တွေ့ဆုံ၍ ခေတ်မီရေငန်ပုစွန်မွေးမြူထုတ်လုပ်ခြင်း ၊ နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိနိုင်မည့် ပနားမီးပုစွန် စတင်မွေးမြူရန် ဆောင်ရွက်ထားမှု ၊ ငါး ပုစွန် ကင်းမွန် စသော ရေသတ္တဝါများ ရှားပါးလာမှု နှင့် မျိုးတုန်းပျောက်ကွယ်မှု တားဆီးကာကွယ်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ ၊ ငါးသယံဇာတအရင်းအမြစ်များ၏ ကျက်စားရာနေရာများအား ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ၊ ဒေသခံများ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် ငါးမွေးမြူရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်ချက်များကို ဆွေးနွေး ခဲ့ကြပြီး ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ၏ ပုစွန်ကန်များ နှင့် ပုစွန်မွေးမြူထုတ်လုပ်မှု လုပ်ငန်းများကိုကြည့်ရှုအားပေးသည်။

     ညနေပိုင်းတွင် ဒုတိယဝန်ကြီး သည် မြိတ်ခရိုင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမ ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍  သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေသည့် စိုက်ပျိုး မွေးမြူရေးစနစ်ဖွံ့ဖြိုးလာစေရေး၊ ဒေသ၏ ထူးခြားသော ဝိသေသလက္ခဏာများ ပါဝင်သည့် လယ်ယာစီးပွား အခြေခံသော စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးလာစေရေး ၊ တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေး အတွက် မျိုး၊ မြေ၊ ရေ၊နည်း ဘက်စုံကူညီပံ့ပိုးပေးရန် ကိစ္စရပ်များ ၊ ကမ်းနီးကမ်းဝေး ငါးဖမ်း လုပ်ငန်းများကို တည်ဆဲဥပဒေများ ၊ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ နှင့် အညီ ထိန်းကျောင်းကြပ်မတ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။ 

     ဇွန်လ(၉)ရက်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၊အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓါတ်ခွဲခန်းများဌာနစိတ်ရေထွက်ပစ္စည်း အရည်အသွေးစစ်ဆေးရေးဓါတ်ခွဲခန်း(မြိတ်)အား ကြည့်ရှုစစ်ဆေးရာ ဓါတ်ခွဲခန်းတာဝန်ခံက ငါး ပုစွန်ပြုပြင် ထုတ်လုပ်သည့်စက်ရုံများ အား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးအတွက် လစဉ်ပုံမှန် စစ်ဆေး၍ စစ်ဆေး တွေ့ရှိချက် မှတ်တမ်းများ ထုတ်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

     တင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က ရေသယံဇာတထွက်ကုန်ပစ္စည်းများကိုနိုင်ငံတကာမှလက်ခံနိုင်သော စံချိန်စံညွှန်းများအတိုင်း အန္တရာယ်ကင်းသည့် ရေထွက် ထုတ်ကုန်အရည်အသွေး ကောင်းမွန်၍ ဘေးကင်း သန့်စင်ရေးစီမံခန့်ခွဲမှု စနစ်အားကျင့်သုံး၍ စနစ်တကျ စိစစ်ကြပ်မတ်ရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိ သည်။