ရမည်းသင်းမြို့နယ် ၊ ကတင်ကျေးရွာ စံပြစိုက်ကွင်း ၌ ဝါသီးနှံ ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းရေး နည်းပညာပေးသရုပ်ပြပွဲကျင်းပ

ရမည်းသင်းမြို့နယ် ၊ ကတင်ကျေးရွာ စံပြစိုက်ကွင်း ၌ ဝါသီးနှံ ဘက်စုံ ပိုးမွှားကာကွယ်နှိမ်နင်းရေး နည်းပညာပေးသရုပ်ပြပွဲကျင်းပ

ချည်မျှင်ရှည်ဝါသီးနှံ ဖွံ့ ဖြိုး တိုး တက်ရေး အတွက်  အဓိကထားဆောင်ရွက်လျက်ရှိသည့်  ရမည်းသင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခုနှစ် ချည်မျှင်ရှည်ဝါစိုက်ပျိုးရာသီ ပန်းတိုင်အထွက် ရရှိရေး အတွက် ဌာန နှင့် တောင်သူ ပူးပေါင်းဆောင်ရွက်ထားရှိသည့် ကတင်ကျေးရွာ စံပြစိုက်ကွင်း ၌  ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေး ကွင်းသရုပ်ပြပွဲကို မေလ (၁၀)ရက် နံနက်ပိုင်း က ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ နည်းပညာပေးဝန်ထမ်း များနှင့် ချည်မျှင်ရှည်ဝါစိုက်ပျိုးသူ တောင်သူများ တက်ရောက်ကြသည်။ 

ကွင်းသရုပ်ပြပွဲ တွင် ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံခန့်ခွဲရေး ၊ စည်းရုံးရေး နှင့် နည်းပညာပေးခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ရပါကြောင်း၊ တောင်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံဆောင်ရွက်ပေးခြင်း နှင့် လက်တွေ့ အသုံးချသုတေသနလုပ်ငန်းများတွင် တောင်သူများ ကိုယ်တိုင်ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေရေး အားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ နည်းပညာပြန့်ပွားရေး လုပ်ငန်းများတွင် တောင်သူများ အချင်းချင်း နည်းပညာ မျှဝေခြင်း ၊ တောင်သူများ အချင်းချင်း အသိပညာဖလှယ်သည့် တွေ့ဆုံဆွေးနွေးပွဲများဆောင်ရွက် ပေးခြင်းများ စီမံပေးသွားရန် လိုအပ်ကြောင်း၊ ဝါသီးနှံ အမြင့်ဆုံးအထွက်နှုန်း ရရှိရေးအတွက် ရေရှိနိုင်မှု အခြေအနေ၊ ရေထည့် သွင်းနိုင်မည့် အကြိမ်အရေအတွက်တို့ကို ထည့်သွင်းစဉ်းစားရန် နှင့် ရေကိုအကျိုးရှိ ထိရောက်စွာ ပေးသွင်းအသုံးပြုနိုင်ရန်၊ အထွက်နှုန်းကို တိုက်ရိုက် လွှမ်းမိုးထားသော အပင်ဦးရေပြည့်မှီအောင်စိုက်ပျိုးရန်၊ ရေငွေ့ပျံဆုံးရှုံးမှု သက်သာစေရန်၊ အပင်ကြီးထွားမှုလျင်မြန်မှုရှိစေရေး ထည့်သွင်းစဉ်းစားရန် လိုကြောင်း၊ မိမိတို့ ၏ မြေဆီလွှာ တိုးတက်ကောင်းမွန်ရေးအတွက် သဘာဝမြေသြဇာများ ၊ တီကျစ်စာမြေဆွေးများကို ကိုယ်တိုင် ပြုလုပ်သုံးစွဲစေလိုကြောင်း၊ အဆိုပါလုပ်ငန်းအတွက် လိုအပ်သည့်နည်းပညာကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊  ပညာရှင်များအနေဖြင့် တောင်သူများ၏ မိရိုးဖလာဗဟုသုတ ၊ နည်းပညာများကို လည်း မှတ်တမ်းတင် လေ့လာပြီး ပိုမိုတိုးတက်ကောင်းမွန်သော တီထွင်ကြံဆမှုများ ဆောင်ရွက်ကြစေ လိုကြောင်း ၊ သီးနှံ စိုက်ပျိုး ရေးဆိုင်ရာ နည်းပညာများအား မိုဘိုင်းဆက်သွယ်ရေးမီဒီယာများမှ တောင်သူများ ရှာဖွေရယူအသုံးပြုနိုင်ရေး နှင့် စိုက်ပျိုးရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ တွေ့ဆုံဆွေးနွေးပွဲများ အွန်လိုင်းစနစ်ဖြင့် တောင်သူများ ပါဝင်တက်ရောက်နိုင်စေရေး အတွက် လေ့ကျင့် ကူညီပေးပြီး ခေတ်မီဒီဂျစ်တယ် နည်းပညာအသုံးပြုသော စိုက်ပျိုးနည်းပညာ တိုးတက်မှု ဖြစ်စေရေး  ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

drth

ဆက်လက်၍ ဝါသီးနှံပညာရှင်များ က  ဝါသီးနှံတွင်ကျရောက်ဖျက်ဆီးသည့် ဖျက်ပိုး ကာကွယ် နှိန်နင်းခြင်း နည်းပညာနှင့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တောင်သူများသည် ဝါသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာ လက်တွေ့ သရုပ်ပြသခြင်းကို ကွင်းဆင်းလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပညာရှင်များက အသေးစိတ် ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး သည် ရမည်းသင်းမြို့နယ် ရွှေဒါးကျေးရွာ ပုဂ္ဂလိက ဝါကြိတ်စက် နှင့် ဆီစက်တို့၏လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဝါဂွမ်းများထုပ်ပိုးထားရှိမှု ၊ ဝါစေ့ကြိတ်ခွဲမှုအဆင့်ဆင့်၊ ဝါစေ့ဆီထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဝါမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အတွက် ဝါကြိတ်စက်မှ မျိုးသန့်ရရှိနိုင်ရေးဆောင်ရွက်ရာတွင် လိုက်နာ ဆောင် ရွက်ရမည့်အချက်များ ၊ ဝါမျိုးစေ့ထုတ် လိုင်စင်ရရှိရေးဆောင်ရွက်ရန် နှင့် မျိုးစေ့လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက်  ဌာနက ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကူညီဆောင်ရွက် ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ  နေခြည်ဝင်း ဝါစက်တွင် ဝါစိုက်တောင်သူများ နှင့်တွေ့ဆုံ၍ တောင်သူများ၏ လက်ရှိဝါစိုက်ပျိုးမှု မျိုးအသုံးပြုမှု အခြေအနေများ အား မေးမြန်းဆွေးနွေးပြီး ဝါဂွမ်း ဈေးကွက် အလားအလာ နှင့် ဝါစေ့ကြိတ်စက်လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။