မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ၊ အရည်အသွေးမြင့်မားသော သားငါးထုတ်လုပ်မှု တိုးတက်ရေး စနစ်တကျကြိုးပမ်း

မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ၊ အရည်အသွေးမြင့်မားသော သားငါးထုတ်လုပ်မှု တိုးတက်ရေး စနစ်တကျကြိုးပမ်း

နေပြည်တော်၊ ဒီဇင်ဘာလ (၂၄) ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင်  ဇေယျာသီရိမြို့နယ် ရေဆင်းရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(၃၅)ကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနား အတွက် ကြိုတင်ပြင်ဆင်နေမှု  မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ခုနှစ် ပထမနှစ်ဝက်မှ နောက်ဆုံးနှစ်အထိ ဘာသာရပ်အသီးသီးတွင် ကျောင်းသား ကျောင်းသူ(၉၃၉)ဦး တက်ရောက် ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်နှင့် တာဝန်ရှိ သူများအားတွေ့ဆုံ၍ မျိုးဆက်သစ် လူငယ်မောင်မယ်များ၏ အနာဂတ် ဖြောင့်ဖြူးသာယာရေး၊ လယ်ယာသားငါးကဏ္ဍအတွက် အရေးပါသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးရေး သင်ကြားပို့ချရာတွင် နည်းပညာအတတ်ပညာများ သာမက အသိပညာနှင့်တွေးခေါ်မြော်မြင်နိုင်စွမ်းမြင့်မားရေးကိုပါ ဂရုတစိုက်ပြုစုပျိုးထောင်သွားရန် လိုအပ်ချက်များ ကို ဆွေးနွေးမှာကြားသည်။ 

ဆက်လက်၍ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်စာသင်ဆောင်များ၊ ထမင်းစားဆောင်နှင့် အိပ်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မနက်ပိုင်းကလည်း နေပြည်တော် မြို့မစျေးရှိ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ လက်လီလက္ကား အခွန်လွတ်စျေးသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဝန်ထမ်းများ ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသောက်နိုင်ရေး အတွက် အခြေခံ စားသောက်ကုန်(၈)မျိုး ရောင်းချနေမှုကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် ဒေသနေပြည်သူများ လတ်ဆတ်သော သား ငါး ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသင့်တင်စွာ စားသုံးနိုင်ရန် ၊ ကိုယ်တိုင် စိုက်ပျိုးမွေးမြူသူများနှင့် စားသုံးသူများ ကြားခံမလိုပဲ တိုက်ရိုက် ရောင်းချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ လက်လီလက္ကား အခွန်လွတ်စျေးလုပ်ငန်း ရေရှည်တည်တံ့စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် အစားအစာဘေးကင်းလုံခြုံရေး အလေးထားဆောင်ရွက် ရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားပြီး စားသောက်ကုန် ရောင်းချနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုဗ္ဗသီရိ မြို့နယ်၊ ဇီးကုန်းကျေးရွာမှ  မွေးမြူရေးတောင်သူ ဦးဝင်းဦး၏ အသားတိုးကြက်မွေးမြူရေးခြံကို ကြည့်ရှုစစ်ဆေး အားပေးရာ မွေးမြူရေးတောင်သူက တစ်နှစ်လျှင်ကြက်ကောင်ရေ (၄၈၀၀၀) ပိဿာချိန်(၈၁၆၀၀) ထုတ်လုပ် ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဇီဝလုံခြုံရေးနှင့် တိရစ္ဆာန်မှ တိရစ္ဆာန်သို့၊ တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်သည့် ရောဂါများကို ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်ရေး၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ်ကို ဆောင်ရွက်ခြင်းဖြင့်  လယ်ယာဘေးထွက် ပစ္စည်းများမှ တိရစ္ဆာန်အစာ ဖြည့်ဆည်းပေးနိုင်မှုနှင့်  တိရစ္ဆာန်အညစ်အကြေးမှ သဘာဝမြေဩဇာအဖြစ် အသုံးပြုမှုများပါဝင်သည့် လှည့်ပတ်သုံးစွဲ နည်းစနစ်အား တွဲဖက်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။