တိုင်းရင်းကြက်မွေးမြူခြင်း နှင့် ဘဲမွေးမြူခြင်း ခေါင်းစဉ်ဖြင့် (၁၉)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ (၂၃) ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပညာရှင်များ၊ သုတေသီများနှင့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ကိုင်လျက်ရှိကြသော တောင်သူများ နီးကပ်စွာထိတွေ့၍ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများကို အခြေခံသည့် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆွေးနွေးဖော်ထုတ် နိုင်ကြစေရန် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တောင်သူပညာပေး ခန်းမ၌ စနေနေ့တိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် တိုင်းရင်းကြက်မွေးမြူခြင်းနှင့် ဘဲမွေးမြူခြင်း ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။
(၁၉)ကြိမ်မြောက် ကျင်းပသည့် အဆိုပါ တောင်သူနည်းပညာ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် မှ မွေးမြူရေး လုပ်ငန်းရှင်များနှင့် တောင်သူများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကားပြောကြားရာတွင် မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ထောက်ပံ့ပေးခဲ့ပြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးချဲ့နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ တိုင်းရင်းကြက်(၄၄)သန်း၊ အသားစားကြက် (၂၅) သန်း၊ ဥစားကြက် (၂၂) သန်း၊ ဒေသဘဲ (၄) သန်း၊ ဥစားဘဲ (၁.၆) သန်းနှင့် အသားစားဘဲ (၂) သိန်း မွေးမြူလုပ်ကိုင်ကြောင်းတွေ့ရှိသည့်အတွက် ပြည်တွင်း စားသုံးမှု ဖူလုံပိုလျှံရေးနှင့် ပို့ကုန်အဖြစ် တိုးမြှင့် ထုတ်လုပ်နိုင်ရေး ၊ သဘာဝပတ်ဝန်းကျင်၊ ရေမြေ ရာသီဥတု အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေမည့် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးလုပ်ငန်းများတွင် ဌာန၊ ပုဂ္ဂလိက၊ တောင်သူ အားလုံးဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဘက်စုံ စိုက်ပျိုးမွေးမြူရေးစနစ် ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ နှစ်ရပ်မှ ဝင်ငွေ တိုးတက်ခံစားရနိုင်မှု၊ ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ လယ်ယာကဏ္ဍမှထွက်ရှိသော စွန့်ပစ်ဘေးထွက်ပစ္စည်းများ မှ တိရစ္ဆာန်အစာအဖြစ်အသုံးပြုနိုင်မှု၊ မွေးမြူရေးကဏ္ဍသည် စိုက်ပျိုးရေးထွက်ကုန်များအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ်ထုတ်လုပ်ရာတွင် အဓိကကျသော ကဏ္ဍက အကျိုးပြုနိုင်မှုတို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပညာရှင်များက အသားတိုးကြက်၊ အသားတိုးဘဲမွေးမြူခြင်း၊ ရောဂါကာကွယ်ခြင်း၊ တိုင်းရင်းကြက်မွေးမြူခြင်းနှင့် ဇီဝလုံခြုံရေး ဆောင်ရွက်ချက်များကိုတင်ပြရာ ဆွေးနွေးပွဲ တက်ရောက်လာကြသူများက အယ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် လက်တွေ့မြေပြင်တွင် ကြုံတွေ့ကြရသည့် အခြေအနေများ နှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် တောင်သူနည်းပညာဆွေးနွေးပွဲသို့တက်ရောက်လာကြသော တောင်သူလယ်သမား များက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးသီးနှံ သုတေသနဌာနခွဲ၏ ထုတ်ဝေပြီး စပါးမျိုးများ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲပုတ်နှင့် မတ်ပဲမျိုးများ ထုတ်လုပ်ထားရှိမှုများကို ကြည့်ရှုလေ့လာကြရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောင်းလဲလာသည့် ရာသီဥတုအပေါ်မူတည်၍ ထုတ်လုပ်ပေးလိုက်သည့်မျိုးစေ့များ အဆင့်ဆင့်မျိုးပွားခြင်း လုပ်ငန်းများတွင် တောင်သူများ၏ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ မျိုးစေ့စီးဆင်းမှုမှန်ကန်ရေး၊ ထိရောက်သော မျိုးသန့် မျိုးပွား မျိုးဖြန့်မှုလုပ်ငန်းပီပြင်စွာ အကောင်အထည်ဖော် နိုင်ရေး၊ မျိုးစေ့ထုတ် တောင်သူများ အကျိုး အမြတ် သေချာစေရေး ၊ စီးပွားဖြစ်စိုက်ပျိုးရန် ထုတ်လုပ်လိုက်သည့် မျိုးစေ့ကို အသုံးပြု၍ တောင်သူများအတွက် ဝင်ငွေ အကျိုးအမြတ် ရှိစေမည့် အထွက်နှုန်းရရှိရေး ၊ သွင်းအားစု ဓါတ်မြေဩဇာများ အချိုးမှန်ကန်စွာသုံးစွဲရေး၊ခေတ်မီလယ်ယာသုံး စက်ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မွေးမြူရေးသုတေသနဦးစီးဌာန ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ကုန်းသတ္တဝါနှင့် ရေနေသတ္တဝါ သုတေသန လုပ်ငန်းများ၊ ၂၀၂၃/၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြား ခဲ့ကြောင်းသတင်းရရှိသည်။