အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ၏ လုပ်ငန်းကော်မတီတွင်ပါဝင်သည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၄ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ ၂၆
အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ ၏ လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ဆိုင်ရာ လုပ်ငန်းကော်မတီ၏ ၁/၂၀၂၄ ညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၂၆) ရက်နေ့၊ နေ့လယ်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး က အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အတွက် မျှော်မှန်းချက် ၊ မဟာဗျူဟာအစီအစဉ်(၂၀၂၁−၂၀၂၆) နှင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း(၂၀၂၅)တွင်ပါရှိသောလုပ်ငန်းစဉ်များ အကောင်အထည်ဖေါ်ဆောင်ရွက် ရာ တွင် မြန်မာနိုင်ငံအနေဖြင့် အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တန်းတူ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ခုနှစ် အတွင်း ကြုံတွေ့ ရသည့် အခက်အခဲ၊ စိန်ခေါ်မှု၊ ရရှိခဲ့သည့်အကျိုးကျေးဇူးများကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို သတ်မှတ် နိုင်ရေးအတွက် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံက အာဆီယံ လယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေးများကို ၂၀၀၄ခုနှစ် နှင့် ၂၀၁၄ခုနှစ်တို့တွင် အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့ပြီး အစည်းအဝေးများ ၏ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် တတိယအကြိမ် အလှည့်ကျ ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးအတွက် လက်တွေ့ဖေါ် ဆောင် နိုင်ပြီး မှတ်ကျောက်တွင်ကျန်ရစ်စေမည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ ရေးဆွဲ တင်ပြနိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး က အာဆီယံ စီပွားရေး အသိုက်အဝန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍ၏ ပါဝင်ဆောင်ရွက်ရသော အခန်းကဏ္ဍ၊ စားရေ ရိက္ခာ၊ စိုက်ပျိုးရေး နှင့်သစ်တောကဏ္ဍ၏ မျှော်မှန်းချက်၊ ပန်းတိုင်နှင့် ၂၀၂၁ခုနှစ်မှ ၂၀၂၄ခုနှစ်အထိ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောဆိုင်ရာ ဆောင်ရွက်ချက်များ၊ ၂၀၂၄ခုနှစ်တွင် မြန်မာ နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ရမည့် (၄၆)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ နှင့် စပ်လျဉ်း ၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များမှ ၂၀၂၁ခုနှစ်မှ ၂၀၂၄ခုနှစ်အတွင် လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ၊ ကြုံတွေ့ရသည့် အခက်အခဲ နှင့် စိန်ခေါ်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သင့်သော လုပ်ငန်းများကို တင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ်၍ ရှေ့လုပ်းစဉ်များ ကို ဆွေးနွေးမှာကြားကြောင်း သတင်းရရှိသည်။